အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ ၂၀၁၁ ခုနှစ် နှစ်သစ်သီချင်း

တေးရေး တေးဆို - မာမာအေး

တေးဂီတ - ကျော်ကျော်နိုင်

အဆိုတော်ကြီးမာမာအေးဟာ ၂၀၁၀ ဧပြီလက ကျရောက်ခဲ့တဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလက နှစ်သစ်ကူးသီချင်းတပုဒ် ဖန်တီးခဲ့ပါတယ်။ အဲဒီလိုပဲ အခု ၂၀၁၁ နှစ်သစ်ကူးအတွက်လည်း နှစ်သစ်ကူးသီချင်းတပုဒ် လက်ဆောင်ပါးခဲ့ပါတယ်။ ဒီလို သီချင်းတွေ ဖန်တီးဖြစ်နေတာနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက အဆိုတော်ကြီးမာမာအေးကို ၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဆက်သွယ် မေးမြန်းခဲ့ရာ အခုလို ပြောပြခဲ့ပါတယ်။

ရှင်းရှင်းလေးပါရှင်။ ကျမနိုင်ငံကို ကျမ မပြန်နိုင်တဲ့အခါကျတော့ ကျမလူတွေကို ကျမ လွမ်းသပေါ့။ အဲဒီတော့ ကိုယ်က ဒီက ပြန်ပြီး ပေးနိုင်တာက မေတ္တာပဲ ရှိတယ်။ ကျမက သီချင်းပဲ ဆိုတတ်တာဆိုတော့ သီချင်းပဲ ဆိုဖြစ်ပါတယ်။ ဒီဘက်မှာက ဘယ်သူမှ ရေးပေးမယ့်သူ မရှိတော့ ကိုယ့်ဖာသာကိုယ် ရေးတာပါ။ ကိုယ့်ဖာသာကိုယ် တီးလုံးထည့်ပြီး တီးတာကတော့ မောင်ကျော်ကျော်နိုင်က အမြဲ အကူအညီပေးတယ် လေ။ သူ မမွေးခင်ကတည်းက သူ့မိဘတွေနဲ့ ရင်းနှီးခဲ့တော့ တူအရင်း၊ သားအရင်းလို ဖြစ်နေတာပေါ့။ သူက တီးပြီး ပြန်ပို့ပေးတယ်။ ဒီတခေါက်တော့ ကျမက စတူဒီယိုမှာ သွားပြီး အသံသွင်းဖြစ်တာပေါ့။ နာဂစ်တုန်းကတော့ နယူးယောက်လာတုန်းဆိုတော့ ကိုအောင်ဝင်းက တီးပေးတယ်။ ကိုအောင်ဝင်းဆီမှာ အသံလည်း ထည့်၊ သူကလည်း လိုက်တီး ပေါ့ နော်။

-------

ကျမတို့ ရှေ့က ဂီတအဖိုးအဖွားတွေကတော့ မသေမချင်း သီချင်းဆိုတာပဲ။ ကျမကလည်း ဆိုနိုင်သလောက်အထိ ဆိုမှာပေါ့။ အမေ ဒေါ်အောင်ကြည်တို့ဆို အသက် ၉၀ ကျော်မှ ကွယ်လွန်တာပဲ။ သူ ကလေးတွေကို သီချင်းသင်ပေးနေတုန်းပဲ။ ဂီတကို သူ မပြတ်နိုင်ဘူး လေ။

--------

ကျမတို့ အပြင်ရောက်လာတဲ့သူတွေက သူတို့တွေကို ပိုပြီးတော့ စိတ်ချမ်းသာစေချင်တယ်။ ကျမတို့က သူများနိုင်ငံ ရောက်နေတယ်ဆိုပေမယ့် ကြောက်လန့်စိတ်က မရှိတော့ဘူး။ ကျမဆိုရင် ၆၅ နှစ်ကျော်လာပြီဆိုတော့ ဒီမှာ မေတ္တာနဲ့ အကုန်လုံး လုပ်ပေးတော့ အေးအေးဆေးဆေးနဲ့ အကုန်လုံး ဆေးကုခွင့်တွေ၊ အခြား အခွင့်တွေ ရတယ် ရှင့်။ ကျမ နေတဲ့မြို့မှာလည်း ဗမာတွေ အများကြီး ရှိတယ်။ ကျမ ဗမာပြည်လေးလို နေရတဲ့နေရာလေးမှာ လာ နေတာ။ ဒီမှာနေတဲ့ အဆင်ပြေမှုဆိုတာက ကြောက်ရွံ့စိတ် ကင်းမဲ့စွာနဲ့ ကိုယ်လုပ်ချင်တာကို တရားသဖြင့် တရားဝင် နေနိုင်တဲ့ အခွင့်အရေးက ဒီမှာ သိတ် ကြီးတယ်။ လုံခြုံမှု ရှိတယ်လို့ ကျမ ပြောချင်တာ။ အဲဒီတော့ တတိုင်းတပြည်လုံးမှာ ရှိတဲ့ အမျိုးသားများ ကျမလိုပဲ စိတ်ချမ်းသာစေချင်တယ်။ နှလုံးစိတ်ဝမ်း ချမ်းသာစေ့ချင်တယ်။ တိုင်းပြည်ကြီးလည်း ချမ်းချမ်းသာသာနဲ့ အေးချမ်းသွားလေ ကောင်းလေ ပေါ့။ အကုန်လုံး ကောင်းမွန်ပါစေလို့ ဆုတောင်းပါတယ် ရှင်။

 

(အန်တီအေး ခင်ဗျာ။ မအားလပ်တာတွေကြောင့် အခုမှ ဖော်ပြဖြစ်တာကို ခွင့်လွှတ်ပေးပါ။ ကိုခင်မောင်လေးကိုသာ အလုပ်များတဲ့အကြောင်း မေးကြည့်ပါတော့ နော။)