Top Advertisement
သိန်းစွန်ငှက် အပြန်လမ်း

သိန်းစွန်ငှက် အပြန်လမ်း - ပိုင်စိုးဝေ (သရုပ်ဖော် - မြင့်လှိုင်)

နောက်ဆုံးအခေါက်ပါဘဲ
ကျွန်တော် ရွာကို ပြန်လာခဲ့ပါတယ် အမေ
ရွာဆိုတာ
တမာ ထနောင်း
ရှားစောင်း ပြာဿဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတစ်လုံး ပါ
အဲဒီ တဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။

အမေ
ကျွန်တော်ရောက်လာပြီ အမေ။
အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော် ငိုတယ်။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲ မြည်လို့

ကျနော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား၊
ကျနော့်ကို မမြင်ချင်လို့
အမေ့ မျက်လုံးတွေ မှိတ်ထားသလား၊
ထ ကြည့်ပါဦး၊
စကားပြောပါဦး အမေရယ် ။

ဟော အမေ
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ် အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့ နေရာကို
ပို့ကြတော့ မလို့ တဲ့
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့ အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့
ကျနော် မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျနော့် တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ
အမေ့သား သူတို့ရဲ့အဖေ
ကျနော့်အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့် အစ်မ
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ ငိုပါစေ
အမေ့ အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ

ကျနော်ကတော့
နွေဦးရက်တွေ အကြောင်း
သီချင်း မဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကဘဲ
တမ်းတပူဆွေးခဲ့သူပါ အမေ
“အမေ နေကောင်းပါစေ။
အမေ့အား ထာဝရ လုပ်ကျွေး ပြုစုနိုင်သည့် ကိုယ်
ဖြစ်ရပါလို၏ ”
ညအိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများ ကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ
မနေ့ကတော့
“အမေ ဆုံးပြီ။ အမြန် လာ ” တဲ့
ကုသိုလ် ကြမ္မာ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ
အမေက မွေးပေမယ့်
အမေကို လုပ် မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာ အသုံးကျတော့မှာလဲ
အဲသည်လို နောင်တတရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း
မကျေမနပ် ဖြစ်မိပေါ့။

ကျနော် မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့ အတူ
အမေကို ခြေဆုပ်လက်နယ် ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့

ဟော
နီညိုညိုကျာက်တုံးတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ
ဟိုး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသား တစ်ယောက်
သည်ရွာကို ပြန်ရောက် မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့
သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့
ပြောဆို အမှတ်ရသူ
တစုံတစ်ယောက်မျှ မရှိတော့
အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျနော်ဘဲပေါ့ အမေ။

ဟောသည် ယာခင်းတွေကြား
အမေ နေ့တိုင်း လှုပ်ရှားခဲ့တာ
ကျနော် မမြင်နိုင်ခဲ့ဘူး
အမေ့သမီး
ကျနော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ၊ ထန်းရည် ချိုး
အမေ့သား
ကျနော့်အကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဘက် ကွယ်
သူတို့တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့ အတူ
ထန်းလျက်ကျို ၊ ထင်းခွေ ရေခပ်
ငတ် မသေဖို့
အမေ ရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်သာ
ဟိုအဝေးမှာပေါ့။

ဟိုတနှစ်က
တရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကို ပြန်မရောက်
အိမ် ပြန်မဆာက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။

အမေရေ
အမေရေ
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့
ဟိုး အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့
တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့
ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား
သိန်းစွန်ငှက် အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့
နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျနော့်ဘဝကို မဝါးမြိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား
အမေရေ
တစ္ဆေဆို ကျနော်ကြောက်လှချည့်
တစ်ညသား
ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန် လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညို တစ်ရှဉ်းနဲ့အတူ
လှည်းမောင်းပို့ဆိုပြီး အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက် တောအုပ်ကြားက
သေနတ်သံတစ်ချက် ကြားလိုက်ရ

အဖေရေ
အဖေရေ
ကျနော်တို့ မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ည ပေါ့
လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ ခေတ်ကြီးထဲ
လူဖြစ်ခဲ့ရတဲ့ ကျနော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေ ကြား
ပြေးလွှား ပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ် မဟုတ်လား အမေ

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေ အားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ ၊ တချို့လင် ဆုံး
စစ်ဆိုတာကြီးးကို
မုန်းခဲ့တယ် မဟုတ်လား အမေ။

အဖေ မရှိတဲ့နောက်
အမေရယ် အကိုကြီးရယ်၊ အမရယ်၊ ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့။
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီး သင်ရပေါ့
အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျနော်တို့ အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့
ကျနော်ကတော့
သျှောင်တစ်စောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း
ကျနော်တို့ တစ်တွေ
ဟိုသပြေပင်တောင်စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက်ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပါးဆိုတဲ့တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ယာတောတွေကြား
အကိုကြီးက ထန်းလှီး
ကျနော်က ထန်းရည်အိုး သယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတလေ မြေပဲကောက်
တစ်ခါတစ်လေ ဝါစိုက်
တောအလိုက် လုပ်ငန်းစုံပေါ့။

“မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့် မြိုက်လို့ ၊ တိုက်ခိုက် ပူလောင်
ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင်”
“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာ မလုပ်တယ်
ဝါးခုတ်တဲ့ တောင်”
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ ၊ သံပေါက်တွေ
ကျနော့်မှာ အမွေရခဲ့ပေါ့
“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ် မှန်အိမ်နဲ့”
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့

အမေရေ
ကြေးစည်ကိုရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေခေါင်းချခဲ့တဲ့ တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တော သည်တောင်ကြား
အမေ့ကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ
အမေ့အမေ ကျနော့်အဘွား
ကျနော့်အဘွားရဲ့ အမေ့အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံး နောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့ မှာပေါ့။

လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း ဖြည်းဖြည်း
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျနော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေ လို့
ကျနော် အမျှဝေမယ်
ကျနော့်ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားဘဲ
မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းဘဲ ဖုန်လုံးကြီးထဲမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ
ဟိုသုဿာန်ကိုရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့ အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့် ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ်။

ညရောက်တဲ့အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျနော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ မနှစ်က နှစ်တန်းကျတယ် ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့ မျက်စိတစ်ဘက်ကလည်း ဆရာဝန်က ခွဲရမယ် တဲ့
အစ်မလည်း ကြောက်တတ်လို့ ဆေးရုံကို နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန်ယူနိုင်မလဲ။

မင်းတို့ အတွက် ၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေး စဉ်းစားနေတုန်းဘဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါဘဲကွယ်
တစ်စုံတစ်ရာ
ဂတိတွေ ပေးထားပစ်ခဲ့ပြီး
နံနက်ခင်း တစ်ခုမှာ
ငှက်တစ်ကောင်လို ပျံပြေးသွားမယ်
ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
“ဟောသည် ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာ လုပ်ရမယ်
ကဗျာဆရာ လုပ်မှဖြစ်မယ် အမေ”
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။

ယာခင်းတွေ နောက်မှာ ချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်
ကျောက်စရစ် ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင် ပတတ်တူး ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်
လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့ မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်
သူငယ်ချင်းတွေ
လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့
တရှဲရှဲမြည်လျက် ရထား ထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်း တစ်ကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။

မြို့ပြဘဝရဲ့
ခံစားမှုမြစ် ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်တိုင် မီးတိုင်တွေအောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်ကျော်လျှောက်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန် အိမ်အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ၊ တစ္ဆေကို ကျနော်ကြောက်လှချည့်”
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။

လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါ အမေ။

ဆည်းဆာရီထဲ
တိုးရှဲ ဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ရ
စကား ငြင်းဆန်
ကားဟွန်းသံတွေ ကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါ ထူပြောခဲ့ပေါ့ အမေ။

အမေ့ထံ ကျနော်ပြန်မလာနိုင်တော့ဘူး
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီ ဆို။

ဟော
အကြီးလေးက မသုမာ တဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ။

အငယ်လေးက မငုဝါ တဲ့
အစားပုတ်ပုတ် ၊ ဝတုတ်တုတ်ကလေး။

နောက်တစ်ယောက်က
သားကြီးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါဘဲ
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုဘဲ
ကြီးလာရင် မျောက်နဲ့ တူမလားဘဲ။

သူတို့မောင်နှမတစ်တွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျနော် လာချင်ပါရဲ့။

ဒါပေမယ့် အမေ
ဟော
ကျနော်တို့ အားလုံးအတွက်
အရွယ် မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား
ကျနော့်အမ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက် မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ ထင်ရဲ့
အနိစ္စ ရောက်ခဲ့ရပြီ မဟုတ်လား အမေ
အမေ သည်တော သည်တောင်ထဲမှာ
အမေ့သားသမီးတွေနဲ့
အနေဝေး ၊ အသေဝေးခဲ့ကြရသော်လည်း
အမေ တစ်ယောက်တည်း မဟုတ်လား။

အမေ့မြေးတစ်အုပ်နဲ့
ထန်းလျက်ကျို ထင်းခွေ ရေခပ်
ကျနော် တစ်ပြားတစ်ချပ်မှ
မထောက်ပံ့နိုင်ပေမယ့် ၊ ငတ် မသေခဲ့ဘူး အမေသေရတာ
ငတ်လို့မဟုတ်ဘူး အမေ
မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရ ဆင်ရ ငွေရှာရနဲ့ပေါ့
ညရောက်တော့လည်း ရင်ထဲ မအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် မင်းတို့ အဖွားသေတဲ့ ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်
ငယ်သေးတဲ့ ကလေးလေးတွေဘဲဆိုတာက တစ်ကဏ္ဍပေါ့
မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအား ဝေးခဲ့ပါလားဆိုတဲ့ အတွေးတွေက တကယ့်ကိုပါဘဲ
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ
ခံစားရပြီပေါ့
ကျနော်ခံစားရပြီပေါ့ အမေ။

ကျနော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ
ကျနော်ဟာ
မာဆိုးမှ မဟုတ်ဘဲ
အခက်အခဲတွေ ရှိပေမယ့်
ကျွန်တော်ဟာ
ဗုဒ္ဓဘာသာ ဗမာယဉ်ကျေးမှုထဲက
လူတစ်ယောက် အဖြစ်နဲ့ဘဲ
အသက်ရှင်နေဆဲပါ အမေ။

အမေရေ
အမေရေ
အမေရေ
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြဿာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့အကောင်တွေ
တကျည်ကျည် မြည်လို့
အမေ့မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ အမေ့ခေါင်းပေါ်
ညောင်ရွက်တွေ ကြွေကျ
ဒါဟာ သင်္ခါရတရားပေဘဲ လို့
ဆိုချင်သလား မသိပေဘူး အမေ

ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲ မည်လို့။
ခံစားချက် - သိန်းစွန်ငှက် အပြန်လမ်း ပိုင်စိုးဝေ - Aug 30 2012 05:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005