Top Advertisement
ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ၊ ဘ၀ခိုငှက်တွေမှာတော့

ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ၊ ဘ၀ခိုငှက်တွေမှာတော့ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

နှင်းပွင့်လေးတွေကို ငါ ချစ်တယ်
နှင်းအတုံးအခဲတွေကိုလည်း ငါ ချစ်တာပါပဲ။
နွေအခါမှာ ရေပြင်ကျယ်
ဆောင်းအခါမှာ ကစားကွင်း ဖြစ်သွားတဲ့
ပင်လယ်ရဲ့ ဘ၀ကို သနားလိုက်တာ။
ဝင်ရိုးစွန်းနိုင်ငံရဲ့
ဆောင်းနက်နက်ထဲ တိုးဝင်သွားတဲ့အခါ
သနားစရာဟာ ငါ ဖြစ်လို့ သွားတယ်။

ဒါဟာ လွန်ခဲ့တဲ့ တနှစ်က
ကြုံရတဲ့ ငါ့ အဖြစ်ကို
ပြန် ပြောပြတာပါ။

လူတွေ လူတွေ
အသားအရောင် လူမျိုး ကိုးကွယ်ရာ မတူသောလည်း
ဘ၀ ရှင်သန်ဘို့  အနာဂတ် ရှင်သန်ဘို့ 
သူတို့  အသိုက်အမြုံတွေကို စွန့် ခွါခဲ့ရပုံက ထပ်တူ
ဆောင်းခိုငှက်များရဲ့ ပျံသန်းမှုမျိုး ထပ်တူ
အဲဒီလို ထပ်တူပြုမှုနဲ့ သူတွေကို
ဟောဒီမြေပေါ်မှာ ဘ၀ခိုငှက်တွေလို့  ငါ ဆိုလိုက်ချင်တယ်။

ဖိနှိပ်ခံရတဲ့ဝေဒနာကို ဖိနှိပ်ခံရဘူးသူသာလျင် စာနာ နားလည်နိုင်တယ်
လုံခြုံအေးချမ်းတဲ့  ဒီမြေပေါ်မှာ သူတို့ ရဲ့ အိပ်စက်မှုတွေဟာ
ခြောက်ချားစရာ ကြောက်မက်ဘွယ်ရာ အိပ်မက်တွေနဲ့ ဖျက်ဆီးခံနေရဆဲ
တယောက်ချင်းရဲ့ အဖြစ်အပျက်တွေကို ကြားနာရတဲ့အခါ
မှတ်တမ်းရုပ်ရှင်တိုလေးတွေ ကြည့်ရသလို မျိုး
ခံစားချက်အဖုံဖုံ ငါ့ရင်ကို တုန်စေတယ်
ငါ့နှလုံးသားကို ခုန်စေတယ်
ငါ့ မျက်ဝန်းကို မှုံရီဝေစေတယ်။

ရုတ်ရင့်ကြမ်းတမ်းတဲ့ လူမဆန်တဲ့ ဒီ အဖြစ်အပျက်တွေဟာ
ဟောဒီကမ္ဘာကြီးရဲ့ နေရာအနှံ့ မှာ ဖြစ်ပျက်နေတယ် ဆိုတာ
အေးခဲလွန်းတဲ့ ၀င်ရိုးစွန်းနိုင်ငံတခုရဲ့ လူသားတွေအနေနဲ့ 
ယုံချင်မှ ယုံကြမယ်။
တကယ့် အဖြစ်အပျက်တွေဟာ အိပ်မက်ထက် ဆန်းကျယ်တယ်
ဝတ္ထုဇာတ်လမ်း ရုပ်ရှင်ဇာတ်ညွှန်းတို့  လိုက် မမှီတယ် ။

ခင်ဗျားပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ်
တခြားတယောက်ပဲဖြစ်ဖြစ်
ကိုယ့်တိုင်းပြည်ကို စွန့် ခွာ
မိသားစုကို စွန့်ခွါ ချန်ထားခဲ့ရတဲ့ ဝေဒနာ
အသွားထက်ထက် ဓါးတလက်နဲ့ 
နှလုံးသားတည့်တည့် ထိုးစိုက်လိုက်သလိုမျိုး ။

သူစိမ်းတွေရဲ့ မြေပေါ်မှာ
ဘာသာစကားမတူသူတွေရဲ့ ပတ်ဝန်းကျင်မှာ
ယဉ်ကျေးမှု မတူသူတွေရဲ့ အရိပ်အောက်မှာ
ရှင်သန်ခွင့်ရတာ ခါးသီးမှုတခု ဆိုတာထက်
ငါ - ကံကောင်းလေခြင်းလို့ များ
ခင်ဗျားတို့  တွေးမိဘူးရဲ့လား။

ငါတော့ မထင်ဘူး
ကျန်ရစ်ခဲ့သူများ ရဲဘော် ရဲဘက်များ
ဒုက္ခတွင်းထဲ ပစ်ထားခဲ့သလို
ကိုယ့်ကိုယ်ကိုယ် အလွတ် ရုန်းခဲ့သလို
ခံစားရတဲ့စိတ်က သိပ် နှိပ်စက်လွန်းတယ် ။

လူခြေတိတ်ဆိတ်
ညကတော့ အိပ်စက်သွားပြီ
သောကလှုပ်နှိုး ဝေဒနာဆိုး အမျိုမျိုးနဲ့ 
တရေးနိုးတာလား တရေးမှ မပျော်သေးတာလား
မိတ်ဆွေ စိတ်လျော့ စိတ်လျော့
ဖိစီးမှုက ပေါ့ပေါ့လေးမှ မဟုတ်ပဲ
ကဲ - ဒီလို တွေးရအောင်
ခင်ဗျား လွတ်မြောက်လာတဲ့အတွက်
ကျန်ခဲ့တဲ့ မိသားစု ဆွေမျိုးသားချင်း
မိတ်ဆွေ ရဲဘော်များ လိုအပ်ချက်
ခင်ဗျား ကူညီ ဆောင်ရွက်ပေးနိုင်တယ်။

ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
ကျန်ရစ်သူမိသားစုက ၀မ်းမြောက်နေပေလိမ့်မယ်။

ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
မိတ်ဆွေ ရဲဘော် ရဲဘက်များက ၀မ်းသာနေကြလိမ့်မယ်။

ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုနဲ့ 
ကမ္ဘာကြီးကို အလှဆင်နိုင်လိမ့်မယ်။

တကယ်တော့
ဒို့တတွေဟာ အထီးကျန်သူတွေ မဟုတ်ဘူး
ဒို့တတွေဟာ မျှော်လင့်ချက်မဲ့တွေ မဟုတ်ဘူး
ဒို့တတွေဟာ အနာဂတ်မဲ့တွေ မဟုတ်ဘူး
ဒို့တတွေဟာ အသားအရောင် ရုပ်လက္ခဏာ မတူညီကြပေမယ့်
အရေပြားအောက်က သွေးတွေ နီပုံခြင်း တူကြတယ်
ဒို့တတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်က ရုန်းထွက်လိုတဲ့ ဆန္ဒ တူညီကြတယ်

ဒီမိုး ဒီရေ ဒီလေ ဒီမြေ ဒီလူတွေရဲ့
မေတ္တာ ဂရုဏာ စွမ်းပကားနဲ့ ဖေးမကူညီမှုအောက်မှာ
ခင်ဗျားတို့ ရဲ့ ဝေဒနာတွေ ပျောက်ကင်း သက်သာသွားလိမ့်မယ်လို့ 
ငါ ယုံတယ်

ဆောင်းခိုငှက်တွေ အိမ်ပြန်လာသလို မျိုး
ဘ၀ခိုငှက်တွေလည်း
တနေ့ တော့ အိမ်ပြန်ကြရမှာ။

ရဲရင့်သက်ဇွဲ
၂၄၀၄၂၀၁၂
၃း၃၆ အေအမ်
သဘောထားအမြင် - ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ၊ ဘ၀ခိုငှက်တွေမှာတော့ ရဲရင့်သက်ဇွဲ - May 9 2012 01:19 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005