Top Advertisement
ပန်းချီကား

ပန်းချီကား - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)

ဒီလိုနဲ့ ကျနော် ရေးဆွဲနေတဲ့
ပန်းချီကားလေး
အချောမသတ်နိုင်သေးဘူး ။

ကျနော်က ရီရယ်လစ်ဇင် ပန်းချီဆရာ ပါ
စုတ်ချက်ကြမ်းကြမ်းတွေနဲ့ ရေးဆွဲတတ်တယ်
ကင်းဗတ်စကို တဗြန်းဗြန်း ပုတ်ခတ်ပြီး ဆွဲတတ်တယ်
ဒီ - ပန်းချီကားမှာတော့ အဲလို မဟုတ်တော့ဘူးဗျ
ပင်ကိုယ်ရှိတဲ့ စိတ်ရိုင်း စိတ်ကြမ်းတွေ မပါဘူး
နူးညံ့တဲ့ ၀ိညာဉ် ပူးကပ်ပြီး ရေးဆွဲဖြစ်ပါတယ် ။

တကယ်တော့ ကျနော် အခု ဆွဲနေတာ
လက်နဲ့ မဟုတ်ဘူး
နှလုံးသားနဲ့ ရေးဆွဲနေတာပါ
ပြီးတော့ ကင်းဗတ်စပေါ်မှာ ရေးဆွဲနေတာလည်း မဟုတ်ဘူး
အရေပြားပေါ်မှာ ရေးဆွဲနေတာ ။
ကျနော့်ရာဇ၀င် သမိုင်းကြောင်းပေါ်မှာ ရေးဆွဲနေတာ ။

ဒီ ပန်းချီကားထဲမှာ
ချစ်ခင် မြတ်နိုးခြင်း
နားလည်ခြင်းနဲ့ သည်းခံ ခွင့်လွှတ်ခြင်း
ယုယ ကြင်နာ မြတ်နိုးခြင်း
ပြီးတော့ ဘ၀ဆိုတဲ့ အရောင်တွေ သုံးထားတယ် ။
တသက်လုံး ဆေးသားပျက်ပြယ် မသွားအောင်
ခံနိုင်ရည် အားကောင်းတဲ့
အနီရောင်ရင့်ရင့်တွေလည်း သုံးချင်ပါတယ် ။

ရှူမျှော်ခင်းတွေလည်း ထည့်ချင်တယ်
ကျယ်ပြောတဲ့ ကောင်းကင်ပြာပြာကြီး နောက်ခံနဲ့
ပန်းခြံတွေ -
ကလေးကစားကွင်းတွေ -
လူမှုရေးဂေဟာတွေ -
ဘာသာရေးအဆောက်အုံတွေလည်း ထည့်ချင်တယ် ။

ကျနော့် ပန်းချီကားထဲမှာ
ဇာတ်လိုက်က လူသားနှစ်ယောက်ထဲ ပါ
သူတို့က အဓိကသရုပ်ဆောင်တွေ ပေါ့
ဆုံးဖြတ်ချက်ချသူတွေလည်း ဖြစ်တယ်
ပြောရေးဆိုခွင့်ရှိသူတွေလည်း ဖြစ်တယ်
ဒီထဲမှာ ဇာတ်ပို့ဇာတ်ရံတွေ မပါဘူး
အကြံပေးတွေလည်း ငှားမထားဘူး
လူကြမ်းတွေလည်း သုံးမထားဘူး ။

ဒီ ပန်းချီကားဟာ
ကျနော့်အတ္တုပ္ပတ္တိလည်း ဖြစ်တယ်
ကျနော့်အနာဂတ်လို့လည်း ပြောလို့ရတယ်
ကျနော့်အတွက် အစလည်း ဖြစ်တယ်
အဆုံးလည်း ဖြစ်နိုင်တယ်

ကျနော်က စိတ်ပါလက်ပါ ရေးဆွဲနေပေမဲ့
အချောသတ်ဖို့ ခက်နေတယ် ။

ဆက်တင် ဆောက်ထားတဲ့
ရာသီဥတုကို ကျနော် မကြိုက်ဘူး။

ပတ်ဝန်းကျင်က
ကျနော် မကြိုက်တဲ့ ပတ်ဝန်းကျင်
လေပြင်းတွေ တိုးတယ်
မိုးတွေ ရွာချတယ်
နွေခေါင်ခေါင် နှင်းတွေတောင် ကျပြနေသေးတယ်။

ကျနော့်မော်ဒယ်လေး ခမြာ
ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို
အလူးအလိမ့် ခံနေရရှာတယ်
သူက နုနယ် ငယ်ရွယ်တယ်
သူ ဟန်ချက်တွေ မကြာခဏ ပျက်တယ်
ကျနော်ကလည်း နေရာက ချက်ခြင်း ထ
သူ ရှိရာဆီသွားပြီး ထိတွေ့ ကိုင်တွယ်
ဟန်ချက် ပြင်မပေးနိုင်သေးဘူး ။

ဒီလိုနဲ့
ကျနော့်ပန်းချီကားလေး
အောင်မြင်စွာ အဆုံးသတ်နိုင်မလား
လေပြင်းတွေ တိုက်
မိုးတွေ စိုရွှဲပြီး ပျက်စီးသွားမလား
မရေရာတဲ့ အခြေအနေမှာ
ကျနော်ကတော့ ကြိုးစား ရေးဆွဲနေတုံးပါပဲ ။ ။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၂၊ ၂၀၁၂)
ခံစားချက် - ပန်းချီကား ငြိမ်းချမ်းအောင် - Apr 21 2012 04:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005