Top Advertisement
အင်တာနက်ပေါ်က ဆရာတွတ်ပီများနှင့် ညီမလေးအတွက် ရေကြည်ချမ်းမြ

အင်တာနက်ပေါ်က ဆရာတွတ်ပီများနှင့် ညီမလေးအတွက် ရေကြည်ချမ်းမြ - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)

ညီမလေးရေ
ဝိုင်ယာမဲ့နည်းပညာ မြင့်
ကမ္ဘာကြီးကို ဖြတ်သန်းတဲ့အခါ
ကျည်ကာအင်္ကျီဝတ် ပါ။

ကိုယ်ခံအား ကောင်းအောင်
လေ့ကျင့် ပါ။
တိုက်ပွဲတွေမှာ
ခံစစ်ကို သတိထားပါ။

တကယ်တော့
အင်တာနက်ဆိုတာ
အင်ထုထားတဲ့ တွင်းနက်နက်ကြီးပါ ကွယ်
ဖေ့ဘွတ်စ်ကတော့ မာယာများတဲ့ တောပေါ့
မက်ဆင်ဂျာ စကိုင်းပိတွေနဲ့ လိုင်းငြိနေသူတွေလည်း ရှိတယ်။

ညီမလေးရေ
၂၀ ရာစုမြေခွေး ရုပ်ရှင်ကားတွေ ကြည့်ရင်း
၂၁ ရာစု ၀ံပုလွေတွေအကြောင်း စဉ်းစားရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အိုဘားမားကတော့ ဗမာပြည်ဟာ သူ့အောင်မြေလို့ ကြွေးကြော်နေလေရဲ့၊
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ယတြာချေဖို့ ကြံနေတယ်၊
သင်္ကြန်စာမှာတော့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အကြောင်း မပါဘူး၊
တိဘက်တွေ သနားပါတယ် ညီမလေးရယ်၊
ပေါက်ဖော်ကြီးတို့ လူပါးဝလွန်းတယ်။

အသစ်စက်စက် မြန်မာပြည်မှာတော့
ဖောင်ဒေးရှင်းတွေ ပေါတယ်။
ရပ်ကွက်ထဲမှာတော့
ဆင်းရဲသားတွေ ပေါတယ်။
ဖေ့ဘွတ်စ် မှာတော့
သူရဲကောင်းတွေ ပေါတယ်။
အီးမေးလ်ထဲမှာ တတ်ယောင်ကားတွေ ပေါတယ်။
ရုပ်ကြမ်းဝါဒီ လူမိုက်တွေလည်း ရှိရဲ့။
ဗမာပြည်ကို ကယ်တင်မယ်လို့ ပြောတယ်။
ဆရာတွတ်ပီလိုပဲ
အမှောင်ခေတ်မှာ လူညံ့တွေ ပေါလွန်းလှချေရဲ့ကွယ်။

အကိုကတော့
ကွန်ပြူတာထဲ ဗိုင်းရပ်ပ်စ်ပိုးတွေ မ၀င်အောင်
ကြိုးစား ကာကွယ် နေရတယ်။
ဦးဏှောက်ကို လေစိမ်းတွေ အတိုက်မခံရအောင်
မနည်း ကာကွယ် နေရတယ်။
နှလုံးသားတွေ အေးခဲမသွားအောင်
အချစ်စိတ်များများ မွေးမြူနေရတယ်။

ညီမလေးရေ
စာဆိုတိုင်းလည်း သွား မဖတ်လေနဲ့
လင့်ခ်တွေ့တိုင်းလည်း မကလစ်မိစေနဲ့
အမြင်မတော်တိုင်းလည်း ၀င် မပြောနဲ့
ဓါတ်ပုံမြင်တိုင်းလည်း Like မလုပ်နဲ့
အုပ်စုတိုင်းမှာလဲ ဆွဲ အထည့်မခံနဲ့
သူငယ်ချင်း လက်ခံတာလည်း သတိထား
အရာရာ ချင့်ချိန်ပါ၊ စဉ်းစားပါကွယ်။

အမှိုက်တွေ လာတင်ရင် ဖယ်ထုတ်လိုက်ပါ။
ပတ်ဝန်းကျင်က
အသုံးမ၀င်တဲ့ ပစ္စည်းတွေ ပေးရင်လည်း
အသုံးဝင်တဲ့ ပစ္စည်းတွေပဲ
ပတ်ဝန်းကျင်ကို ပြန်ပေးလိုက်ပါ။
ကမ္ဘာမြေကို
ချစ်ခြင်းမေတ္တာပဲ ပေးပါ
ချစ်ခြင်းမေတ္တာပဲ ယူပါ။

ဘာပဲ ဖြစ်ဖြစ်
ဘယ်လိုပဲ ဖြစ်ဖြစ်
အပြုံးပဲ ဖြစ်ဖြစ်
အမုန်းပဲ ဖြစ်ဖြစ်
မနက်ဖြန်ခါ ဘာပဲဖြစ်ဖြစ်
နောက်နှစ်ခါ ဘာပဲဖြစ်ဖြစ်

ညီမလေးရေ

ဟင်းလင်းပွင့် ကောင်းကင်အောက်မှာ
ပိတောက်တွေ ပွင့်ပြီကွယ်။
ဖေ့ဘွတ်စ်ပေါ် ထိန်ထိန်တောက်လို့
ပွင့်ပြီကွယ်။
ဘလော့တွေမှာလည်း သင်္ကြန်ကျနေပြီ။
အင်တာနက်ပေါ် ရေတွေ စိုစိုရွှဲ။
အီးမေးလ်တွေမှာလည်း ဗွက်ထနေပြီ။

မနက်ဖြန်ခါ ဘာဖြစ်ဖြစ်ပါ
နောင်နှစ်ခါ ဘာဖြစ်ဖြစ်ပါ
မေတ္တာ ရေစင်အေး တခွက်ကို
ယုယ ကြင်နာ ဖျန်းပက်လိုက်ပါတယ်။
ကြည်နူးဖွယ် နှစ်သစ်ကူး ပါ။
မင်္ဂလာ ဖြိုးဝေ
အလှကျက်သရေ တိုးပါစေကွယ်။ ။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၁၊ ၂၀၁၂)
သဘောထားအမြင် - အင်တာနက်ပေါ်က ဆရာတွတ်ပီများနှင့် ညီမလေးအတွက် ရေကြည်ချမ်းမြ ငြိမ်းချမ်းအောင် - Apr 13 2012 03:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005