Top Advertisement
တောက်၊ ရင်နာလိုက်တာကွာ
29129322 Khin Ma Ma Myo

တောက်၊ ရင်နာလိုက်တာကွာ - ခင်မမျိုး (သရုပ်ဖော် - မြင့်လှိုင်)

နွားတွေ ကွဲနေလို့
ကျားဆွဲခံရတာ
အဆန်းမှ မဟုတ်တာပဲ။

တရားရုံးမှာ
အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ
တစထက် တစ
လျော့နည်း ပပျောက်သွားတတ်တာ
အဆန်းမှ မဟုတ်တာပဲ။

သို့ပေမယ့်လေ -
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး
ရှိပြီးသား မြေပုံပေါ်မှာ
အရေးအကြောင်းတွေကို
သွေးမှင်နဲ့ ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက
မြေပုံရဲ့ အနားစလေးတွေကို
ဖဲ့စားပစ်လိုက်ကြတဲ့အခါ။

တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့
မြေ တလက်မ၊ အာဏာ တပဲသားအတွက်
ဓား ဆွဲကြ၊ သေနတ် ဆွဲကြ၊
နိုင်ငံတကာ မျက်နှာစာမှာ
သူ့ဘက်၊ ကိုယ့်ဘက်ခွဲလို့
အပြိုင်အဆိုင် ဟစ်ကြနဲ့
လက် မနှေး၊ ပါးစပ် မနှေးကြသူတွေ၊
တိုင်းတပါးသားတွေက
အချုပ်အခြာအာဏာကို
ထိပါးလာတာကျတော့
ခေါင်းကလေးတွေ ငုံ့လို့
ရေငုံနှုတ်ပိတ် နေကြတာကို
တွေ့မြင်လာရတဲ့အခါ။

မြန်မာကို နိုင်လေပြီလို့
ပြောဆိုသံတွေကို
အံကြိတ်ရင်း
နားထောင်လိုက်ရတဲ့အခါ။

ဧည့်ခန်းထဲက
မဟာဗန္ဓုလ
ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ
ဖြစ်လာသလိုလိုနဲ့
တောက် - ရင်နာလိုက်တာ ကွာ။

ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)
ခံစားချက် - တောက်၊ ရင်နာလိုက်တာကွာ ခင်မမျိုး - Mar 22 2012 06:51 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005