Top Advertisement
ဖိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ
20120309 Ye Yint Thet Zwe

ဖိုးချိုကို သတိရလို့ ရေးတဲ့ ကဗျာ - ရဲရင့်သက်ဇွဲ (ဒီဇိုင်း - မြင့်လှိုင်)

အနှစ်လေးဆယ် အလွန်ကာလများ
အဖြူအစိမ်း ကျောင်းဆင်းချိန်များ
ရာပြည့်ကွင်းနံဘေး
ရတနာလက်ဘက်ရည်ဆိုင် ထောင့်ဆုံးစားပွဲမှာ
သတိပဌာန်ထိပ်က
Saila လက်ဘက်ရည်ဆိုင် ထောင့်ဆုံးစားပွဲမှာ
အတူ ၀ိုင်းထိုင်ခဲ့ကြ ကာလများ
လတ်ဆတ်တယ်လို့ ထင်ရတဲ့ လေများ
ရှုရှိုက်လိုက်တိုင်း
ခြောက်ဆယ့်နှစ်ခုနှစ် နဲ့ ခုနှစ်ဆယ့်လေး၊ ခုနှစ်ဆယ့်ငါး
သွေးညှီနံ့တွေ အကြား
ကျနော်တို့ရဲ့ ရင်ခုန်သံတွေမှာ
ကမ္ဘာမကြေမှုတွေ စုဝေးလို့ ။

အနာဂတ်အတွက်
ငယ်နုစဉ်ကာလရဲ့ သံယောင်တိုင်တည်စကားများ
မက်ခဲ့သော အိပ်မက်ဖူး များ
ပြေးလွှားနေသော ဘတ်စကားအိုကြီးများ
မှုတ်ထုတ်လိုက်သော သက်ပြင်းများ
ပူပြင်း တောက်လောင်သော သောကများ
မျက်ရည်နဲ့ ရင်းရသော ဘ၀များ
လူတယောက်ရဲ့ သက်တမ်း ဖြတ်သန်းမှုမှာ
ခံစားမှုအား ဘ၀တပါးပြောင်းသွားပြီလား
သိရက်နဲ့ ပဲ ရေငုံနှုတ်ပိတ် ကြိတ် ခံစားခဲ့ရ။

အထီးကျန်ဆံတဲ့အခါများ
သို့ တရံတခါဆီ (တပွေတည်း) ၊ မိုးရဲရင် ဆောင်းရဲရမယ်
စစ်ကိုင်းလမ်း၊ မြတ်သောအကျင့် နားထောင်မိတဲ့အခါ
ခင်ဝမ်းရဲ့ - ပတ်ဝန်းကျင်ပေါ် တင်နေတဲ့ အကြွေး
- - - နင်နဲ့ ငါ သူငယ်ချင်းပဲနော်၊သူစိမ်း ၊ မြိုင်၊ နှင်း
အချစ်ကိုရင်း၍၊ ညကောင်းကင်ရဲ့ တေးသမား၊ ပြည်မှာ ဆောင်း
ပြန် နားထောင်မိတဲ့အခါ -
ဖိုးချိုရေ - မင်းတို့ရဲ့ ပေးဆပ် စွန့်လွှတ်မှုအပေါ်
ငါ - တကိုယ်ကောင်းဆန်သလိုများ ဖြစ်နေရော့သလား
ငါ့ဘ၀ ငါ့ကမ္ဘာမှာတော့ မရဏမင်းရဲ့ သိမ်ဖျင်းတဲ့ အမိန့်သံ
နားမှာ လျှံနေပြီ။

ကမ္ဘာ့အအေးဆုံး အရပ်မှာ
အပူလောင်ဆုံး ဝေဒနာတွေနဲ့ 
နေ၀င်ချိန် တိမ်တောက်တဲ့အခါ
ချစ်ခင်သူများကို တမ်းတ မိတ်ဆွေများကို အမှတ်ရ
ရင်ခုန်သံစည်းချက် ညီပြီလား
လူစုံပြီလား
ရထားဥသြသံ ကြားတယ်၊
စည်းချက်ညီညီ စည်းချက်ညီညီ စည်းချက်ညီညီ ။

(ရွှေတိဂုံဘုရားပွဲဈေး စည်းချက်ညီဆိုင်ရှေ့က ဓာတ်ပုံထဲမှာ ပုဆိုးအနီနဲ့ မင်းဟန်ကို တွေ့လို့ ရေးတဲ့ ကဗျာ)

ရဲရင့်သက်ဇွဲ
၇၃၂၀၁၂
ခံစားချက် - ဖိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ ရဲရင့်သက်ဇွဲ - Mar 8 2012 10:59 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005