Top Advertisement
မဟူရာတမ်းချင်း (သို့မဟုတ်) ဆရီခွန်သို့ ပေးစာ
20120224 Nyein Chan Aung

မဟူရာတမ်းချင်း (သို့မဟုတ်) ဆရီခွန်သို့ ပေးစာ - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)

(ဖေဖော်ဝါရီ ၁၄ အတွက် ရေးသည်)
“သို့ ချစ်သော ဆရီခွန်”
ကြယ်တလုံး ကြွေတိုင်း
ကျောက်တုံးတတုံးဖြစ်တဲ့ ကမ္ဘာမြေမှာ
ကမ္ဘာဟောင်းတခု ပျက်စီးတိုင်း
ကမ္ဘာသစ်တခု ဖြစ်ပေါ်လာရိုးလား။

အခု ငါ ဖတ်နေတဲ့
ငါ့ ဒိုင်ယာရီဟောင်းစာအုပ်ထဲမှာ
မင်းနာမည်ဟာ ၀င့်ဝင့်ကြွားကြွား
အခု ငါ ရပ်နေတဲ့ကတ္တရာလမ်းကလေးပေါ်မှာ
ငါတို့အတိတ်ဟာ ထင်ထင်ရှားရှား။

ခွန်ဆရီခွန် -
လူတယောက်ဟာ ဘ၀မှာ
တကြိမ်တခါတော့ အချစ်နဲ့ တွေ့ဖူးကြမှာပဲ
မင်းဟာ ငါ ချစ်သော ငါ့ ဆရီခွန် ဖြစ်တယ်။

“ဧပြီ ၁၄၊ ၁၉၉၇”
လင်းထိန် တောက်ပ စူးရှသော နေရောင်ခြည်အောက်မှာ
လူငယ်တယောက်
နုပျို၊ တက်ကြွ၊ ဖျတ်လတ်၊ လန်းဆန်း

အဖြူနဲ့အမဲ အချစ်နဲ့အမုန်းသာ သိသော လူငယ်တယောက်
ရေပက်ခံကားတွေ ကြား
ရွှင်မြူး အော်ဟစ် ကခုန်နေတဲ့လူတွေ ကြား
အ၀ါရောင် လေဟာနယ်ထဲမှာ
နေ့ခင်းကြောင်တောင် လမင်းထိန်ထိန်သာတာ မြင်ခဲ့ဘူးတယ်။

ရင်သပ် လှိုက်မောဖွယ်ရာ မင်းအလှကို မြင်မြင်ခြင်း
ကိုယ်ကျဆုံးသွားခဲ့တာ ၀န်ခံပါရစေ
ချစ်သော ဆရီခွန်
လက်ထဲက ရေခွက်ကိုပြပြီး မင်းကို ရေပက်ချင်တဲ့အကြောင်း ငါ ခွင့်တောင်းတော့
ငါ့ရဲ့ ရဲတင်းမှုကို အပြုံးနဲ့ တုန့်ပြန်မှုက
နူးညံ့ ငြင်သာလွန်းတယ်
ကားမှန်တံခါးကို ချ၊ ငါ ကမ်းပေးတဲ့
စံပယ်ပန်းကုံးကို လှမ်းယူလိုက်တဲ့
မင်းလက်ချောင်းကလေးတွေဟာ လှပ ပြေပြစ်လိုက်တာ
“ဆ၀ါ့ဒီပီမိုင်းခ” တဲ့ မင်း နှုတ်ခမ်းလှလှလေးကို အသက်မရှူမိဘဲ ငါဟာ ငေးမော
ငါ တောင်းလို့ မင်း ဖုန်းနံပါတ်ကို မင်း ငွေစက္ကူ ၁၀၀ ချပ်ပေါ်
ကြည်ကြည်ဖြူဖြူ ချရေးပေးတော့
အဲဒီပိုက်ဆံလေး ကာလတော်တော်ကြာ ကိုယ် သိမ်းထားဖြစ်ခဲ့တယ်။

သင်္ကြန်အတက်နေ့
မင်းနဲ့ငါ အတူတူ လျှောက်လည်ဖြစ်ခဲ့တာက စလို့
ရက်မှ လတွေ ကူးတဲ့အခါ
ကိုယ်တို့နှစ်ယောက်ဟာ အချစ်အကြောင်း မပြောဖြစ်ကြပဲ
ချစ်သူဖြစ်ခဲ့ကြတယ် ဆိုပါစို့။

ဒီလိုနဲ့ ဒီဇာတ်လမ်းမှာ
မြို့ရိုးဟောင်းဘေး ကျုံးနံဘေးခုံတန်းလေးဟာ မင်းသား ဖြစ်
စင်ထရယ်အပေါ်ထပ်က ရုပ်ရှင်ရုံဟာ အောင်သွယ် ဖြစ်
လမ်မောချောလမ်းမပေါ်က နွားနို့ဆိုင်ကလေးဟာ မင်းသမီး ဖြစ်
စီအမ်လ်ယူကမ်းပတ်ထဲက ကွေ့တီယိုဆိုင်ကလေးဟာ သက်သေ ဖြစ်
ဒွိုင်ဆူထစ်တောင်ပေါ်ဘုရားရယ် -
နမ်မောချောလမ်းမကြီးပေါ်က တနင်္ဂနွေဈေးတန်းကလေးရယ် -
မဲပင်းမြစ်နံဘေးက ရွာကလေးတွေရယ်ဟာ ဇာတ်ပို့တွေ အသီးသီး ဖြစ်ခဲ့။

ဆရီခွန်ရေ၊
မြောက်ပိုင်းနှင်းဆီရဲ့
ဆောင်းချမ်းမြမြ ညတွေမှာ
တယောက် လက် တယောက် ဆွဲ
တယောက် ရင်ခွင်ထဲ တယောက် တိုးဝင်ရင်း
လွိုင်ကထုံမီးမျှောပွဲက ရောင်စုံမီးလုံးတွေ လို
မင်းမျက်နှာမှာ ပန်းမျိုးတရာ ပွင့်၊ လမင်းတရာ သာခဲ့ဖူးတယ်။

ဘာ အနှောင်အဖွဲ့မှ မပါပဲ
ရင်ဖွင့်ပြီး ၀င်လာတဲ့ မင်းအချစ်က
မဟူရာထက် နက်နဲတဲ့အရာမျိုး
တခါတခါ
ငါ့အသားထဲအထိ မင်းကိုယ်သင်းနံ့ဟာ ထဲထဲဝင်ဝင်
သကြားလုံးထက် မင်းနှုတ်ခမ်းတွေက ချိုမြိန်လို့
ငှက်တောင်မွေးလိုမင်းအရေပြား နူးညံ့ ညက်ညော ချောမွတ်
မင်းမျက်ဝန်းတွေ အစဉ်အမြဲ ချိုကြည်လဲ့ ချစ်ရည်ရွှန်း
ဆရီခွန်
မင်းနှလုံးသားက
နှင်းဆီစိုက်တဲ့ မင်းလက်ဖ၀ါးတွေထက် ပိုမို နူးညံ့
ကိုယ့်လောက် မင်းအပေါ် ဆိုးတဲ့လူရှိမှာ မဟုတ်ဘူး
မင်းလောက် ကိုယ့်အပေါ် ကောင်းတဲ့လူ မရှိဘူး။

ဘ၀ဟာ
မင်းထင်သလောက် သာတောင့်သာယာ မရှိခဲ့ဘူး ခွန်ဆရီခွန်
မင်းကို ပြုံးပြနေခဲ့ပေမဲ့၊ ကိုယ့်ရင်ထဲမှာ နုံးနေတယ်
စိုးရွံ့စိတ်က နာတာရှည်ရောဂါလို
ကိုယ့်ခန္ဒာကိုယ်မှာ စွဲကပ်နေတဲ့ သေရာပါဒဏ်ရာ
အခုထိ ကိုယ့်ကို နှိပ်စက်တယ်။

နှင်းဆီစိုက်ခင်းပိုင်ရှင် ဘွဲ့ရပြီးစ မိန်းမပျိုတယောက်
ခြေသလုံးအိမ်တိုင် အိတ်ပ်ဇိုင်း (Exile) တယောက်
နေ့နဲ့ လ၊ ရွှေနဲ့ မြ၊ မဖြစ်ခဲ့ကြဘူး။

ကိုယ့်ထက်သာတဲ့ ပတ်ဝန်းကျင်ကို စွန့်ခွာပြီး
မင်း ကိုယ့်အနား နေခဲ့တယ်
ကိုယ့်အရိုင်းဆန်မှုမှာ
မင်း ပျော်ရွှင် မြူးတူးခဲ့တယ်..
ဒါပေမဲ့
မင်းက တိုယိုတာကားအသစ်ကို စီးနင်းနေချိန်မှာ
ကိုယ့်မှာ ကိုယ်ပိုင်စက်ဘီးတစီး မရှိခဲ့ဘူး
မင်းက ဘတ်ငွေထောင်ကျော်တန် အင်္ကျီလှလှလေးတွေ ၀တ်ဆင်နေချိန်မှာ
ကိုယ်က နိုင်ငံခြားက အလကား ပေးပို့လာတဲ့
ဘေထုတ်ထည်တွေ ဆင်မြန်းလို့
ကိုယ်နဲ့ အပြင်တွဲသွားတွဲလာ မင်းသိက္ခာ ကျခဲ့မှာ အမှန်ပဲ။

မုန့်စားတိုင်း -
ရုပ်ရှင်ကြည့်ဖြစ်တိုင်း -
လျှောက်လည်တိုင်း -
ကုန်ကုန်ပြောရရင် - ကုန်ကုန်ပြောရရင် -
မင်းပိုက်ဆံပဲ သုံးနေရတာ ကြာတော့
မင်း ဖုန်းဆက်ပြီး အပြင်သွားဖို့ ချိန်းမှာတောင် ကိုယ် ကြောက်လာခဲ့တယ်။

ဒါပေမဲ့ ကိုယ်က အဆံမရှိပေမဲ့ ဟန်တော့ အပြည့်ပဲ
မင်းအလှမှာယစ်မူးခဲ့ပေမဲ့
မင်းရဲ့ ချစ်ကြင်နာမြတ်နိုးမှုမှာ အကြိမ်ကြိမ် လဲကျ
ရုန်းထွက်ရန် ခက်လှပေမဲ့
(အခြေအနေအရပ်ရပ်ကို သိတဲ့အခါ)
ချစ်ရဲ့လား တဲ့ မေးတဲ့မင်းကို
ကိုယ် မင်းကို မချစ်ဘူးလို့
တနေ့မှာ ခေါင်းမာမာနဲ့ ပြောဖြစ်ခဲ့တယ်။

ကိုယ်ဟာ
စာနာ ထောက်ထား ငဲ့ညှာ သနားရမှန်း မသိသော
ဘာဆို ဘာမှ မသိသော
တကိုယ်ကောင်းဆန်တဲ့ လူမိုက်ပါကွယ်။

၁၉၉၉၊ ဇူလိုင် မိုးမည်းသဲမဲစွာ ရွာသွန်း
ခန္ဒာကိုယ်မှာ မိုးရေစက်တွေ စိုရွှဲလို့
ဖွေးဖွေးဆွတ် အဖြူရောင်ရှပ်အင်္ကျီပါးလေး မင်းခန္ဓာကိုယ်ထဲ စွဲဝင်လို့
မင်းတို့ရိုးရာ လက်လုပ် ဆူဗီနီးယား ငှက်ရုပ်ကလေးနှစ်ရုပ် ကိုင်လို့
မင်း ရောက်လာခဲ့တယ်
သစ်ကိုင်းပေါ် နားနေတဲ့ငှက်ကလေးတကောင် ကိုယ့်ကို ပေးတယ်
ကောင်းကင်ထဲ ထိုးတက် ပျံသန်းတော့မဲ့ ငှက်ကလေးကို မင်း ယူသွားတယ်။
ကိုယ် မသိဘူး၊ အဲဒီနေ့က ကိုယ့်ဆီက မင်းအပြီး ထွက်ခွာသွားခဲ့ပြီ ဆိုတာ။

ဒီလိုနဲ့
ဒီဇာတ်လမ်းမှာ
ကိုယ်ဟာ လူကြမ်းလုံးလုံးဖြစ်
ကိုယ့်သမိုင်းဟာ အမဲစက် စွန်းထင်းရစ်ခဲ့ပြီ။

ဆရီခွန်ရေ -
ကိုယ်ဟာ ပြောင်းလဲခဲ့ပြီ။
ပုဂံကို ချစ်သလို
ဇင်းမယ်ကိုလဲ ချစ်တတ်ခဲ့ပြီ
ဧရာဝတီကို ချစ်မိသလို
ချောက်ဖရားနဲ့ မယ်ပင်းမြစ်တွေကိုလည်း
ကိုယ် ချစ်တတ်ခဲ့ပါပြီ။

ဗမာဘုရင် ဦးအောင်ဇေယျကို လေးစားသလို
မင်းတို့မြေ၊ မင်းတို့ရေ၊ မင်းတို့အချုပ်အခြာအာဏာကိုလည်း
ကိုယ် အခု လေးစားတတ်ခဲ့ပါပြီ - ကွယ်။

ချစ်သော ဆရီခွန်ရေ
အရင်တုံးကလို
ကြွေကျလာတဲ့ ကြယ်စင်တလုံးကို မင်း ပြုံးပြဖြစ်သေးလား
တမျှော်တခေါ် ကျယ်ဝန်းတဲ့ မင်း နှင်းဆီခင်းအစပ်က ကွပ်ပစ်မှာ ထိုင်ပြီး
လရောင်ကို မင်း ငေးမောကြည့်ဖြစ်သေးရဲ့လား
မင်း ထိုင်နေတဲ့ ခုံတန်းစပ်နားအထိ ညွတ်ကျလာတတ်တဲ့
ညမွှေးပန်းရနံ့တွေကိုကော အားပါးတရ
မင်း နမ်းရိုက်ဖြစ်သေးရဲ့လား။

အခုနေ ပြန်တွေ့ရင်
ကိုယ့်မျက်ဝန်းတွေကနေ ကိုယ့်ရင်ထဲ မင်း မြင်အောင် ကြည့်လှည့်ပါ
ကိုယ့်အပြုအမူကနေ ကိုယ့်နှလုံးသားကို ရအောင် ဖတ်လှည့်ပါ
အမြဲတမ်း ပြုံးနေတဲ့ မင်းမျက်နှာမှာ ဒီထက်ထပ်ပြီး ပြုံးပြစရာ မလိုတော့အောင်
ကမ္ဘာမြေမှာ မင်းအပြုံးတွေနဲ့ လျှံကျနေခဲ့ပြီ။
ချစ်တယ် ဆရီခွန်
မင်းတို့ပိုင်တဲ့ မင်းတို့နိုင်ငံမြေသားစိုင်ကို ဆုပ်ကိုင်ပြီး
ငါ ပြောမယ်
မင်း စိတ်
မင်း နှလုံးသား
မင်းခန္ဓာကိုယ်
မင်း လုပ်နေတဲ့အလုပ်
အားလုံး -
အားလုံး -
အရာအားလုံးကို ကိုယ်ချစ်တယ်။

ကိုယ်ဟာ
မြစ်အားလုံးကို လှိုက်လှိုက်လှဲလှဲ ချစ်တတ်ခဲ့ပြီ
သစ်ပင်တိုင်းကို ကြင်ကြင်နာနာ ကြည့်တတ်ခဲ့ပြီ။

ချစ်သော ခွန်ဆရီခွန်
ညီရင်းအစ်ကို စိတ်ဓါတ်နဲ့
ကြီးကျယ် မြင့်မြတ်တဲ့ မဲခေါင်ဟာ
ကမ္ဘာတည်သရွေ့ စီးဆင်းနေလိမ့်မယ်။

မင်း ရိုးသားမှု
စင်ကြယ်မြင့်မြတ်တဲ့ မင်း စိတ်ရင်းစေတနာ
ပြီးတော့ မင်း မေတ္တာတရား
မင်းခန္ဓာကိုယ် သွေးကြောမျှဉ်တွေ စီးဆင်းနေသ၍
စီးဆင်းနေလိမ့်မယ်၊ ကိုယ် ယုံကြည်တယ်။

သင်္ဘောဥသြသံဟာ
မြစ်ရဲ့ဆည်းလည်းသံ ပါ၊ ဆရီခွန်
မင်းသွားနေကျ မဲခေါင်မြစ်ကမ်းနံဘေးတနေရာရာမှာ
မင်းရောက်နေခဲ့တယ်ဆိုရင်
ခေါင်တိုင်ကနေ ကောင်းကင်ပေါ် တက်သွားတဲ့
မီးခိုးငွေ့တွေ လေထုထဲပျောက်ကွယ်မသွားခင်
ကိုယ့်ကို စကားတခွန်း ပြောခွင့်ပေးပါ
ကိုယ့်စိတ်ရင်းနဲ့ ပြောတဲ့ တောင်းပန်စကား
မင်းရှိရာအရပ်ဒေသဆီ ရောက်နိုင်ပါစေသား။

ဆရီခွန်ရေ -
ဝါရွက်တွေနဲ့ လမ်းကလေးပေါ် နင်းလျှောက်ရင်း
အခု
ကိုယ် မင်းကို သတိရနေတယ်
ကြွေကျနေတဲ့ သစ်ရွက်ဝါလေးတွေ ငေးကြည့်ရင်း
အနိစ္စ သဘောကို ကိုယ် ဆင်ခြင်နေခဲ့မိတယ်။

ကိုယ် ယုံကြည်တယ်၊ ချစ်သော ဆရီခွန်
အချစ်ဆိုတာ ရယူခြင်းလဲ မဟုတ်ဘူး၊
ပေးဆပ်ခြင်းလဲ မဟုတ်ဘူး၊
အချစ်ဆိုတာ ရှေးကုသိုလ်
စိတ်ကောင်းရှိရင် ပေါင်းရမယ်။ ။

ငြိမ်းချမ်းအောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

(ဧပြီ ၂၀၁၀ တွင် ချင်းမိုင်မြို့မှာ ရေးခဲ့၊ အဆုံးမသတ်ဖြစ်ခဲ့တဲ့ ကဗျာ ပါ။ အခု ၂၀၁၂ ချစ်သူများနေ့အတွက် ပြန်ရေးပါတယ်။)
ခံစားချက် - မဟူရာတမ်းချင်း (သို့မဟုတ်) ဆရီခွန်သို့ ပေးစာ ငြိမ်းချမ်းအောင် - Feb 24 2012 04:45 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005