Top Advertisement
သွားကြည့်လိုက် - ကမ္ဘာ မကြေဘူး
Revenge (Yeyintthetzwe) Myint Hlaing

သွားကြည့်လိုက် ကမ္ဘာ မကြေဘူး - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

တထောင်ကိုးရာ ခြောက်ဆယ့်နှစ်
ဆဲဗင်းဂျူလိုင် အရေးတော်ပုံကြီး ဖြစ်တော့
ငါ လူ့ လောကကြီးကို မရောက်သေးပါဘူး ။

ဒီလိုနဲ့ 
ငိုကြွေးခြင်း တပွေ့တပိုက် နဲ့
လောကကို နှုတ်ခွန်းဆက်
အမေ့ ၀မ်းကြာတိုက်က ထွက်ခဲ့တယ်။

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများရဲ့ ချိုတေးသံ
ကဗျာဆန် မနေခဲ့ဘူး။
ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင် ညများဟာ
သူရဲကောင်း အထောင်းအသောင်းတို့ရဲ့
နှလုံးသွေးနဲ့ မီးဆေးတဲ့ ဓါး
တုန်ရီ နှုတ်ဖျား အမေ့ပါးမှာ ပင်လယ်
ကျနော့်ရင်မှာ ဆူနာမီလှိုင်း။

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများမှာ တခါတခါ
ချေဂွေဗားရား၊ ဒေါက်တာ ဇီဗားဂိုး
ဂေါ်ကီရဲ့ အမေ သစ္စာဖောက် အမေ
သွေးစွန်းသောနေ့ရက်များ၊ မဟတ္တမဂန္ဒီ
မာသာ ထရီဇာ၊ နိုက်တင်ဂေးလ်
အဂ္ဂါ စနိုး၊ တရုတ်ပြည်ပေါ်မှ ကြယ်နီတပွင့်
တငြိမ့် ငြိမ့်ဒွန် ဒီရေမြင့်သစ်
တဂိုးရဲ့ ရှန်တိနိကေတန်
သခင်ဘသောင်း၊ အောင်ဆန်း (သို့ မဟုတ်)
အာဇာနည်ခေါင်းဆောင်ကြီးများ မြို့မငြိမ်း
လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ
ဗန်းမော်တင်အောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်
မြသန်းတင့်၊ နိုင်ဝင်းဆွေ၊ ပေါ်ဦးသက်
မင်းတုန်းမင်းလက်ထက် လွတ်လပ်သော သတင်းစာ
အမေဖတ်ပြ ပြောပြ ကျနော် မှတ်မိသမျှ
အသွေးအသားထဲက တောင်းတနေမိပုံများ။

ငယ်ဘ၀ လွန်မြောက်
အရွယ်လေး မရောက်တရောက်မှာ
ကျောပေါက်ကြီးတွေ အကြောင်း
ပြန်ပြောင်း ပြောပြ ကြားရ သိရ၊
ဒါ ဒဏ္ဏာရီ မဟုတ်ဘူး။
ဒါ ပုံပြင်မဟုတ်ဘူး။
ဒါဟာ သမိုင်းထဲက အရိုးတွန်သံ ဖြစ်တယ်။
ငါ့ရင်ထဲက ဆူနာမီလှိုင်း ၀ုန်းဒိုင်းကြဲလာတယ်။

မျိုးဆက်တို့ လက်ဆင့်ကမ်း၊
ခေတ်ဝန်ကို ထမ်းခဲ့ ကြ။
ယုံကြည်ချက်အတွက် အကျဉ်းကျ၊
သတ္တ၀ါနဲ့ လက်နက် မမျှ၊
ဒင်းတို့  မိုးကောင်းတုန်း ရွာထားကြ ကွ။
နရသိန်ထဲက ရဲဘော်များ၊
အကိုတော် အမတော်များ၊
ညီတော် ညီမတော်များ၊
ကျောပေါက်ကြီးတွေရဲ့  မျိုးဆက်၊
မပြေးသော်လဲ ကန်ရာ ရှိခဲ့။
ကျော်ပေါ်မှာ စစ်ဖိနပ် ခြေရာများ
လူရှင်သင်းချိုင်းမှာ သွားကြည့်လိုက်
ငါတို့ မကြေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ။

ရဲရင့်သက်ဇွဲ
၀၇၀၁၂၀၁၂
ဘ၀သရုပ်ဖော် - သွားကြည့်လိုက် - ကမ္ဘာ မကြေဘူး ရဲရင့်သက်ဇွဲ - Feb 15 2012 11:55 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005