ပြက်လုံး

ပြက်လုံး - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)
လူယုတ်မာ ဆိုတာ
လက်သီးနဲ့ ထိုးလို့ မနာဘူး၊
ဓါးနဲ့ထိုးမှ နာတာ။
လိုအပ်ရင် လူထူတဲ့အခါ လက်ညှိုးငေါက်ငေါက် ထိုးပြောဖို့ လိုတယ်။ ပရိသတ်ကြီး ခင်ဗျာ
ဒီကဗျာ အဆုံးသတ်ပြီးရင်
ကျနော် သေလို့ရပါပြီ။
ကျနော်က ဂျော်နီ ဒိထက် ရုပ်ပိုဖြောင့်ပေမဲ့
ဒီဘ၀မှာ မင်းသားဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ။
မင်းသမီးယောက်ျားဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ။ ချစ်သူများ မုန်းသူများ၊
ရန်သူများ မိတ်ဆွေများ၊
ဘ၀မှာ
ပျော်သလိုလည်း နေခဲ့ပြီ။
တော်သလိုလည်း ဖြေခဲ့ပြီ။ ချစ်စွာသော ဒီဇင်ဘာပန်းများ
အရည်ရွှမ်းသော သစ်သီးဝလံများ
အောင်မြင် ပျော်ရွှင်နေသူများ
နာရေးသတင်းတွေ ဖတ်ကြပါ။
တယ်လီဗေးရှင်း ဖွင့်ပြီး မိုးလေ၀သသတင်း နားထောင်ပါ။ ၀မ်းနည်းပူဆွေးနေသူများ
ဘုရားကျောင်းမှာ
ခေါင်းလောင်းထိုးပြီး ၀တ်ပြု ဆုတောင်း ပါ။ အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ကမ္ဘာကြီး ၂၀၁၁ မှာ
ကဒါဖီအလောင်း မြေကျခဲ့ပြီ။ ၂၀၁၁ မှာ
ဘင်လာဒင်ခန္ဒာကိုယ်ကို ၀တ်ပြုမှုထုံးစံအရ
တရိုတသေ ဆေးကြောပြီး ရိုသေလေးစားစွာနဲ့ ပင်လယ်ထဲ ချခဲ့ပြီ။ ၂၀၁၁ မှာ
အာရပ်နွေဦး ဖူးပွင့်ခဲ့ပြီ။ ၂၀၁၁ မှာ
ကမ္ဘာဂြိုဟ်ပေါ် လူသန်း ခုနှစ်ထောင် ပြည့်ခဲ့ပြီ။ ၂၀၁၁ မှာ
မြန်မာ ကဗျာဆရာ လှသန်း
လမ်းခုလတ်မှာ ကျ ကျန်ရစ်ခဲ့ပြီ။ ၂၀၁၁ မှာ
ဗြိတိန်တော်ဝင်လက်ထပ်ပွဲမှ သည်
အာဖဂန်နိုင်ငံသူ ရှစ်နှစ် သမီးလေး
ရိုရှမ်းကဆမ်းရဲ့ လက်ထပ်ပွဲ အထိ၊ ၂၀၁၁ မှာ
ဒုဗ္ဘိက္ခန္တရကပ်ဆိုး ဆိုက်ကပ်နေတဲ့ အာဖရိကဦးချိုဒေသ
ဒုက္ခသည်တွေ မှ သည်
တနာရီကို ဒေါ်လာနှစ်သိန်း ကုန်ကျခံ မောင်းနှင်ရတဲ့
အဲ(ယား)ဖို့ ၀မ်း (Air Force One) အထိ။ ကျနော်တို့ သတင်းတွေလည်း စားသုံးခဲ့ပြီ။ ကမ္ဘာမှာ
အဖြစ်တွေလည်း စုံခဲ့ပြီ၊
အညစ်တွေလည်း ပုံခဲ့ပြီ။ ကမ္ဘာမှာ
မိုးတွေလည်း ရွာခဲ့ပြီ၊
အညှိုးတွေလည်း ကြာခဲ့ပြီ။ ကမ္ဘာမှာ
အရိုင်းတွေလည်း မွှေခဲ့ပြီ၊
သမိုင်းတွေလည်း ကြေခဲ့ပြီ။ ၂၀၁၁ မှာ
ကျနော်တို့
ရှေ့ကို ဆက် လျှောက်ဖို့
နောက်ကိုလည်း ပြန် ဆုတ်ခဲ့ပြီ။ ၂၀၁၁ မှာ
ကျနော်တို့
ယူစရာ ရှိတာ ယူဖို့
(ရဖို့ မသေချာ)
ပေးစရာရှိတာ အားလုံး ပေးခဲ့ပြီ။ ၂၀၁၁ မှာ
အလုပ်မဖြစ်ပဲ အဖြစ် လုပ်နေတာတွေ ထားခဲ့ပြီ။ ၂၀၁၁ မှာ
အသံသာတာ မကြည့်ပဲ အဆံပါတာ ကြည့်ခဲ့ပြီ။ နှင်းဆီကို ချိုး ဘုရားမှာ ထိုးဖို့
နှင်းဆီတွေလည်း ပျိုးခဲ့ပြီ။
တောင်တက်ဖို့ ဖောင်ဖျက်ခဲ့ပြီ။ ပရိသတ်ကြီး ခင်ဗျာ၊
မြွေပွေး ခါးပိုက် ပိုက်ထားတာထက်
ခက်ခဲမယ် ဆိုရင်
မိန်းမတယောက်နဲ့ လက်ထပ် ပေါင်းသင်း မနေလိုတော့ပါ။
ရူံးနိမ့်ခဲ့တဲ့ သမိုင်းကို
ပေထက် အက္ခရာ မတင်လိုတော့ပါ။ ပရိသတ်ကြီး ခင်ဗျာ၊
ဘယ်ငတိမှ ဘီလီယံနာ မဖြစ်သင့်ပါ။
ဘယ်မိသားတစုမှ ညစာ မနက်စာ တွေးပူနေရတာ မဖြစ်သင့်ပါ။ “ရူးချင်ယောင်ဆောင်လို့ ရတယ်၊
သေချင်ယောင်ဆောင်လို့ မရဘူး” ဆိုပါလား။
ဘုရား.. ဘုရား.. ဟေ့လူ၊ ကိုလှသန်း
ကွန်ဒွန် (Condom) တွေ မရှိပဲ ရှေ့ဆက်လို့ မဖြစ်တော့တဲ့ ကမ္ဘာမှာ
ခင်ဗျား မရှိတော့
ကျနော် စိတ်အားငယ်မိတာ အမှန်ပဲ။ ။ ငြိမ်းချမ်းအောင်
ဒီဇင်ဘာ ၁၇၊ ၂၀၁၁

သဘောထားအမြင် - ပြက်လုံး ငြိမ်းချမ်းအောင် ကဗျာ - Feb 15 2012 11:42 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ငြိမ်းချမ်းအောင် ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012