Top Advertisement
ဒီနှစ်အတွက် သံဝေဂ
For Last Year (Kyi Maung Than) Myint Hlaing

ဒီနှစ်အတွက် သံဝေဂ - ကြည်မောင်သန်း (သရုပ်ဖော် - မြင့်လှိုင်)

ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တနှစ် ပို ကြီးခဲ့
ခန္ဓာကိုယ်မှာ အလေးချိန် တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှု ထဲမှာ
စီးကရက်လည်း ဖြတ်နိုင်ခဲ့။

ဒီနှစ်ထဲမှာပဲ
သစ်တောတွေပေါ် တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ
စက်ရုံတွေပေါ် တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ
ကင်မရာတွေပေါ် တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ။

ဒီနှစ်ထဲမှာပဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲက အမဲသားတဖတ်
သွားကြားညပ်တာကို မြင်ခဲ့ရပေါ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
မိုးကြီးရေလျှံမှုတွေကို ကြုံတွေခဲ့
လေထုညစ်ညမ်းမှုနဲ့ ပက်ပင်းတိုးခဲ့
ငွေကြေးကမောက်ကမဖြစ်မှုနဲ့လည်း ရင်ဆိုင် ခဲ့။

ဒီနှစ်ထဲမှာပဲ
အရေးကြီးတဲ့ ကိစ္စတွေရှိနေရဲ့၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့လည်း အရေးကြီးတာပဲ။
လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်ဖို့လည်း အရေးကြီးတာပဲ။
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ။

အိမ်နဲ့ ဝေးနေကြသူတွေ
ကိုယ့်အိမ်ကို ပြန်ရောက်ဖို့လည်း အရေးကြီးတာပါပဲ။

ဒီနှစ်ထဲမှာပဲ
ဗာဆာချီ၊ ဒိုင်ယာနာ၊ မာသာထရီဇာ
ဂျွန်ဒင်ဗာ၊ ဟာရိုးရော်ဘင်
တယောက်ပြီး တယောက်
သေမင်းက
ဘ၀တွေကို တဇွန်းချင်း သောက်လို့ နေရဲ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
အက်စပရင်ဆေးပြားတွေ နှစ်တရာ ပြည့်ခဲ့တယ်။
နု-အက်တလီစာချုပ် နှစ်ငါးဆယ် ပြည့်ခဲ့တယ်။

ဒီနှစ်
ဒီနှစ်ကတော့
မြစ်ရေတွေလို စီးဆင်းသွားလေရဲ့။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၈
ရနံ့သစ်
ခံစားချက် - ဒီနှစ်အတွက် သံဝေဂ ကြည်မောင်သန်း ကဗျာ ရနံ့သစ် - Feb 15 2012 11:00 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005