ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့် ည (၂)
Saung_Oo_Hlaing_Fundraising Concert_20120217

ကိုဝင်းမော် (ရွှေသံစဉ်) ၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဆောင်းဦးလှိုင်၊ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်

တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည လို့ အမည်ပေးထားတဲ့ တကိုယ်တော် ဂီတပွဲ (ONE MAN SHOW) ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခွဲ မှ ၁၁ နာရီ အထိ ဥက္ကာဦးသာ ဦးစီးတဲ့ Plus Three Band နဲ့အတူ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေ ကျင်းပခဲ့ရာ ပရိသတ်များ နှစ်ခြိုက်စွာ အားပေးခဲ့ကြပါတယ်။ ထို ဂီတပွဲက ရရှိတဲ့ အနုပညာကြေး၊ ဖျော်ဖြေပွဲနဲ့ ဆက်နွယ်ပြီး လာရောက် လှူဒါန်းကြတဲ့ အလှူငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မိဘမဲ့ကလေးများအား ပြန်လည် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆောင်းဦးလှိုင်ရဲ့ ဂီတပွဲတွင် တီးခတ် တင်ဆက်ခဲ့တဲ့ Plus Three Band က ဥက္ကာဦးသာဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့တွင် Keyboard တီးခတ်ခဲ့သူ ဖြစ်ပြီး အဆိုပါ ဂီတပွဲကို နိုင်ငံရေး အကျဉ်းသမားဟောင်းတဦးဖြစ်သူ ရွှေသံစဉ်တေးဂီတအဖွဲ့ရဲ့ ဂီတမှူး ကိုဝင်းမော်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊ Generation Wave အဖွဲ့သားများလည်း တက်ရောက် အားပေးခဲ့ပါတယ်။

ဖျော်ဖြေပွဲ မကျင်းပမီ ညနေပိုင်းမှာ ဆောင်းဦးလှိုင် ဖိတ်ကြားထားခဲ့သူ၊ သူ့ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ လာရောက် အားပေးမယ်ဆိုရင် ဖျော်ဖြေပွဲ ကျင်းပခွင့် မပေးနိုင်ဘူးလို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက လာရောက် ပြောကြားခဲ့တဲ့အတွက် ဆောင်းဦးလှိုင်အနေနဲ့ အတော့်ကို အကြပ်အတည်းတွေ့ပြီး စိတ် အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ ဖျော်ဖြေပွဲကို ၈၈ မျိုးဆက်ကျောင်းသားအချို့ လာရောက် အားပေးကြသော်လည်း ဆောင်းဦးလှိုင်ရဲ့ သူငယ်ချင်းတွေက ဖျော်ဖြေပွဲကို မလာရောက်တော့ဘူး လို့ အသိပေးခဲ့တဲ့အတွက် စီစဉ်သူများအနေနဲ့ စိတ်မကောင်းစွာနဲ့ ဖျော်ဖြေပွဲကို တင်ဆက်ခဲ့ရကြောင်း သိရှိရပါတယ်။

အာဏာပိုင်များဟာ နာမည်ကြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဂီတပွဲ လာရောက်မှုကို ဟန့်တားခဲ့တဲ့အပြင် နာရေးကူညီမှုအသင်းဝင်တဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ ဖျော်ဖြေပွဲကို နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့နဲ့အတူ လာရောက်ခဲ့ကြတဲ့ နာရေးကူညီမှု အသင်းသားများ စီးနင်းလာတဲ့ မော်တော်ကားကို ၀င်ခွင့် မပေးတာ၊ နာရေး ကူညီမှုအသင်းဝတ်စုံနဲ့ ဖျော်ဖြေပွဲ ကျင်းပတဲ့ အမျိုးသားဇာတ်ရုံအတွင်း ၀င်ရာက်ဖို့ ငြင်းဆန်တာ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းတို့အဖွဲ့ ရောက်လာချိန်မှာလည်း တူညီဝတ်စုံနဲ့ မ၀င်ဖို့ ဟန့်တားတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖျော်ဖြေပွဲ မကျင်းပမီ အချိန်ပိုင်းအတွင်း အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရသော်လည်း တေးသံရှင် ဆောင်းဦးလှိုင် ဟာ သူ့ရဲ့ဂီတဖျော်ဖြေပွဲကို အောင်မြင်စွာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဂီတပွဲ နှုတ်ဆက်သီချင်းအဖြစ် ကျောင်း သီချင်းကို သီဆိုစဉ်မှာတော့ ကြွရောက် ချီးမြှင့်ကြတဲ့ ပရိတ်သတ်များကလည်း မတ်တတ်ရပ်ကာ သံပြိုင် သီဆိုကြရင်းနဲ့ လှပ ရင်ခုံစွာ ဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့ပါတယ်။
Saung_Oo_Hlaing_Fundraising Concert_20120217

တေးရေးဆရာ၊ တေးသံရှင် ဆောင်းဦးလှိုင်နဲ့ ကိုဝင်းမော် (ရွှေသံစဉ်)

Saung_Oo_Hlaing_Fundraising Concert_20120217

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်

Saung_Oo_Hlaing_Fundraising Concert_20120217

ဖျော်ဖြေပွဲကို လာရောက် အားပေးကြတဲ့ ပရိသတ်များ

Saung_Oo_Hlaing_Fundraising Concert_20120217

ဓါတ်ပုံသတင်း - နှလုံးသားတွေ လှူမယ့် ည ဂီတဖျော်ဖြေပွဲ ဆောင်းဦးလှိုင် - Feb 17 2012 09:55 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005