အားလုံးအတွက် ယနေ့မြန်မာ ၂၀၁၂ ဒီဇိုင်းကို စတင် ဖော်ပြခြင်း
Burma Today 2012 Version 1.0

ယနေ့မြန်မာ ၂၀၁၂ ဒီဇိုင်း ၁.ဝ

မြန်မာ့အရေးကိစ္စတွေ စိတ်ဝင်စားဖို့ ကောင်းနေချိန် ယနေ့မြန်မာ အင်တာနက်စာမျက်နှာ ခေတ္တ ရပ်တန့်သွားတဲ့အတွက် မချင့်မရဲ ဖြစ်သူများက ဖြစ်ကြသလို အမြန်ဆုံး ပြန်လည် စတင်စေလိုကြောင်း အသိပေးသူများက ပေးကြပြီး အခက်အခဲများကို မေးမြန်းကာ ဖြေရှင်းနိုင်မယ့်နည်းလမ်းများ ၀ိုင်းဝန်း စဉ်းစားပေးကြသူများ၊ အားပေးကူညီမယ့်အကြောင်း ပြောသူများ ပြောကြပါတယ်။ တကယ်တော့ ကျွန်တော့်အနေနဲ့ကလည်း အခုလို ခေတ္တရပ်လိုက်တာ မဖြစ်စေလိုပါဘူး။ သို့သော်လည်း ကနဦးသတင်းလွှာများ၊ အသိပေးချက်များတွင် ဖော်ပြခဲ့တဲ့အတိုင်း ဘယ်လိုမှ မရပ်လို့ကို မဖြစ်တော့တဲ့ အခြေအနေနဲ့ ကြုံခဲ့ရလို့ ခေတ္တ ရပ်လိုက်ရတာ ဖြစ်ပါတယ်။

အခုတော့ ကြိုတင်ခန့်မှန်းထားမှုထက် ရက်အနည်းငယ် နောက်ကျတာကလွဲလို့ အားလုံးအတွက် ယနေ့မြန်မာ ၂၀၁၂ ဒီဇိုင်းကို စတင် ဖော်ပြလိုက်ပါတယ်။ အခု ဒီဇိုင်းကို Burma Today 2012 Version 1.0 လို့ အမည်ပေးထားပါတယ်။ ယခင်က အသိပေးခဲ့သလို အခု ဖော်ပြထားတဲ့ ဒီဇိုင်းတခုလုံးနဲ့ အချက်အလက် သိုမှီးတဲ့စနစ်တခုလုံးကို ကျွန်တော် (ဦးမြင့်လှိုင်) တဦးထည်း ပုံစံထုတ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းစာမျက်နှာများရဲ့ ဖွဲ့စည်းပုံ၊ တိုးတက် ပြောင်းလဲပုံများကို လေ့လာ သုတေသနပြုခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာမှာတော့ ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ လေ့ကျင့်ခန်းများကို အခြေခံကာ ကျွန်တော်တို့ရဲ့လိုအပ်ချက်အတိုင်း ကိုယ်တိုင် ဖန်တီးထားပါတယ်။

ဒီနေရာမှာ အင်တာနက်စာမျက်နှာ ဖန်တီးနိုင်တဲ့ အသင့်ပြုလုပ်ထားပြီးသားစနစ်တွေ ရှိလျက်နဲ့ ဘာ့ကြောင့် ကိုယ့်ဖာသာကိုယ် ရေးရသလဲဆိုတဲ့ မေးခွန်းတခု မေးစရာ ရှိပါတယ်။ ဘာ့ကြောင့် အဲဒီစနစ်တွေ မသုံးသလဲဆိုတော့ ကျွန်တော့်စိတ်ရဲ့ လွတ်လပ်စွာ ဖန်တီးလိုတဲ့ ဆန္ဒနဲ့ အဲဒီလို ဖန်တီးပြီးသားစနစ်တွေနဲ့ အသားမကျခြင်းကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း ဖန်တီးပြီးသားစနစ်တွေကို အသုံးမပြုဘူးလားဆိုတော့ မဟုတ်ပါဘူး။ အခု ဒီဇိုင်း ရေးဆွဲတဲ့ ဆော့ဖ်ဝဲလ်တွေက အခြားပုဂ္ဂိုလ်တွေ တီထွင် ထုတ်လုပ်ထားပြီးသားကို အသုံးပြုရတာပါ။ သို့သော် တီထွင်သူတွေက ကျွန်တော်တို့ အသုံးပြုလိုတဲ့အရာနဲ့ ပတ်သက်ပြီး ပိုမို လွယ်ကူအောင် လုပ်ပေးထားတဲ့အတွက်၊ ကိုယ်တိုင်ဖန်တီးနိုင်မှုကို အကူအညီပေးအောင် ဖန်တီးပေးတဲ့အတွက် အဲဒီနည်းပညာတွေ အသုံးပြုခြင်း ဖြစ်ပါတယ်။ ပုံစံခွက်တခုထဲအောက်မှာ ဒီအတိုင်း နေ၊ ဒါပဲ လုပ် ဆိုတဲ့ စနစ်ကတော့ ကျွန်တော်နဲ့ သိတ်ပြီး အဆင်မပြေပါဘူး။

အခု စတင် ဖော်ပြလိုက်တဲ့ စာမျက်နှာတွေကတော့ အဖွင့်စာမျက်နှာ၊ သတင်း၊ ဆောင်းပါး၊ ကဗျာ၊ အနုပညာသတင်း၊ ကျွန်တော်တို့အကြောင်းနဲ့ ဆက်သွယ်ရန် စာမျက်နှာများ ဖြစ်ပါတယ်။ မြန်မာအသိုင်းအ၀ိုင်းသတင်းနဲ့ ဓါတ်ပုံသတင်းကဏ္ဍအတွက် ဆက်လက် ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ ယနေ့မြန်မာ ၂၀၁၂ စတင်ချိန်မှာ မှတ်မှတ်ရရ ပြောပြလိုတာကတော့ အနုပညာသတင်းများကို ဖော်ပြခွင့်ပေးတဲ့ ဦးဝင်းငြိမ်းအား အထူးကျေးဇူးတင်ရှိတဲ့အကြောင်း ဖြစ်ပါတယ်။

အရင်က တင်ပြခဲ့သလို စာမျက်နှာဒီဇိုင်း ပြောင်းလဲခြင်းနဲ့အတူ ဖွဲ့စည်းပုံ ပြောင်းလဲမှု၊ စာမူပေးပို့တဲ့စနစ် ပြောင်းလဲမှုများလည်း ပြုလုပ်ထားပါတယ်။ စာပေဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး မကြာမီ အသိပေးမယ့်အကြောင်း မိတ်ဆွေတချို့ကို ပြောထားပြီးပေမယ့် အသေးစိတ် စဉ်းစားစရာတွေ ရှိနေသေးလို့ အခုလောလောဆယ် တိုင်ပင် ဆွေးနွေးမှုမပြုနိုင်ခြင်းအတွက် တောင်းပန်အပ်ပါတယ်။

ဆက်လက်ပြီး စာမူရှင်များနဲ့ မိတ်ဆွေများကို တင်ပြလိုတာကတော့ အခုနောက်ပိုင်းမှာ ပိုမို သတိထားလာရတဲ့ အင်တာနက်ပေါ်က အချက်အလက်များကို ကာယကံရှင်အား အသိမပေးဘဲ အသုံးပြုမှုတွေ ပိုမို ဆိုးရွားလာခြင်း၊ အမေရိကန်ပြည်ထောင်စုမှာ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားမှုများနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဆိုင်ရာ ဆွေးနွေးမှုများ ပိုမို ကျယ်ပြန့်လာခြင်းအကြောင်းတို့ပဲ ဖြစ်ပါတယ်။ (အခွင့်ပေးရင်တော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖြစ်ပါလိမ့်မယ်။) ယနေ့မြန်မာ အင်တာနက်စာမျက်နှာများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ မူဝါဒများကို ကျွန်တော်တို့ စာမျက်နှာများရဲ့ အောက်ခြေမှာ အမေရိကန် ပြည်ထောင်စုရဲ့ ဥပဒေများနဲ့အညီ ဖော်ပြထားပါတယ်။ အဲဒီအထဲက အချက်အချို့နဲ့ သတင်း၊ စာမူ ပေးပို့ခြင်းဆိုင်ရာ ကိစ္စအချို့နဲ့ ပတ်သက်ပြီး ပြောပြလိုတာကတော့ ကျွန်တော်တို့အနေနဲ့ (မိတ်ဆွေများနဲ့ ကြိုတင် အသိပေး စီစဉ်မှုများ ပြုလုပ်ထားတာကလွဲလို့) အခြား အင်တာနက်စာမျက်နှာများ၊ အီးမေးလ်အုပ်စုများ၊ ဖေ့စ်ဘွတ် (Facebook) နဲ့ ဘလော့ဂ်များတွင် ဖော်ပြပြီးသား သတင်းများ၊ စာမူများ၊ ဆောင်းပါးများကို လုံးဝ ဖော်ပြခြင်း မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ အချို့ကိစ္စများ လုပ်ကိုင်ရာမှာ ချွင်းချက်တွေ ရှိနေတဲ့အတွက် မိတ်ဆွေများရဲ့ ဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်များတွင် ဖော်ပြထားမှုများကို အသုံးပြုဖို့ စီစဉ်ထားခဲ့ရသလို အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကိုလည်း ကျွန်တော်တို့ အင်တာနက်စာမျက်နှာရဲ့ အောက်ခြေက Content License Agreement တွင် ဖော်ပြထားပါတယ်။ နောက်တခုကတော့ စာမူရှင်များ၊ မိတ်ဆွေများ ပေးပို့တဲ့ သတင်း၊ စာမူ၊ ဓါတ်ပုံများနဲ့ ပတ်သက်ပြီး ယနေ့မြန်မာရဲ့ မူဝါဒနဲ့အညီ ဖော်ပြအသုံးပြုခွင့်များ ရယူတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့တွေ အသုံးပြုမှု အားနည်းနေတဲ့ လက်ရှိဥပဒေများရဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ အခုလို စည်းကမ်း ပြောင်းလဲလိုက်ရတာကို မိတ်ဆွေများအနေနဲ့ နားလည်လိမ့်မယ်လို့ ယူဆပါတယ်။

တဆက်ထည်း တင်ပြလိုတာကတော့ အင်တာနက်ထဲမှာ ရှာဖွေ တွေ့ရှိတဲ့ ရုပ်ပုံ၊ ဓါတ်ပုံများကို သက်ဆိုင်ရာဆောင်းပါးများ၊ သတင်းများမှာ ဖော်ပြစေလိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာသတင်းဌာန အင်တာနက်စာမျက်နှာတွေကို ကိုးကားရတာ၊ အဲဒီက ဓါတ်ပုံတွေကို အသုံးပြုရတာ ရှိပါတယ်။ အဲဒီလို ပြုလုပ်တဲ့အခါတိုင်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို သတိထား လေ့လာပြီး အသုံးပြုပါတယ်။ သို့သော်လည်း အင်တာနက်ထဲမှာ ရှာဖွေ တွေ့ရှိတဲ့ ရုပ်ပုံ၊ ဓါတ်ပုံများကိုတော့ အလွယ်တကူ အသုံးမပြုပါ။ အဲဒီလို အသုံးပြုခြင်းဟာ မူပိုင်ခွင့်ရဲ့ ချွင်းချက်နဲ့ အကြုံးဝင်သလို အသုံးပြုလို့ မရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် အငြင်းပွားစရာကိစ္စများ ဖြစ်လာနိုင်တာမို့ မိတ်ဆွေတို့ ပေးပို့ခဲ့ကြတဲ့အခါမှာ အသုံးမပြုခြင်း ဖြစ်တဲ့အကြောင်း တပါတည်း အသိပေးလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့နဲ့အတူ အခက်အခဲများကို တသားထည်း ရပ်တည် ကျော်ဖြတ်ခဲ့ကြတဲ့ မိတ်ဆွေများ၊ အခက်အခဲများ ကြုံတွေ့ရတိုင်း မိတ်ဆွေရင်းချာတို့အကြား ရှိအပ်တဲ့ သဘောသဘာဝအတိုင်း ၀ိုင်းဝန်း ဖြေရှင်း ဖြတ်ကျော်ခဲ့ကြတဲ့ မိတ်ဆွေများနဲ့တကွ ယနေ့မြန်မာကို တစိုက်မတ်မတ် အားပေး ပံ့ပိုးကြတဲ့ မိတ်ဆွေများ၊ ပရိသတ်များကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားခွင့် ပြုစေလိုပါတယ်။
သတင်း - ယနေ့မြန်မာ ၂၀၁၂ ဒီဇိုင်း မြင့်လှိုင် - Feb 17 2012 01:21 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005