လက်ပံတောင်းတောင် ပဋိပက္ခနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဆဲဗဲန်းဒေး ဖေ့စ်ဘွတ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အင်အားသုံး နှိမ်နင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူအနေနဲ့ မေးခွင့်ရှိတယ်လို့ ယုံကြည်ကြောင်း ၂၀၁၂၊ နိုဝင်ဘာ ၃၀ ရက်နေ့က မုံရွာမြို့တွင် ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့များတွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ကြေးနီ စီမံကိန်း တည်ရာ ဆားလင်းကြီးမြို့နယ်ကို သွားရောက်ခဲ့ပြီး အကြမ်းဖက် နှိမ်နင်းခံရတဲ့ သံဃာတော်များနဲ့ ပြည်သူများ၊ ဆန္ဒပြပွဲ ဦးဆောင်သူများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကြေးနီစီမံကိန်း လုပ်ကိုင်နေသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံကာ လက်ရှိ အခြေအနေများကို လေ့လာ မေးမြန်းခဲ့သလို နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့၊ နံနက် ၈ နာရီခွဲက မုံရွာမြို့၊ အုန်းခြံရပ်ကွက်၊ ဖက်ဆိပ်သောင်ပြင်တွင် ပြည်သူများအား မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့၊ နေ့လည် ၁ နာရီကျော်က မုံရွာမြို့ ၀င်းယူနတီဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတခုရဲ့ သိက္ခာနဲ့အညီ ကိုက်ညီအောင် နေထိုင်ရမှာ ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနဲ့ အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးကြောင်း၊ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော်မရှင်ရဲ့ အစီရင်ခံစာကို လေ့လာကာ အဖြေရှာမှာ ဖြစ်ကာ အဖြေပေါ် အခြေခံပြီး စီမံကိန်းတခု ချသင့်တယ်လို့ ယူဆကြောင်း“ အစရှိသဖြင့် ပြည်သူများကို ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက သပိတ်စခန်းများကို ဘာ့ကြောင့် ကြမ်းကြမ်းတမ်းတမ်း အင်အားသုံး နှိမ်နင်းခဲ့ရသလဲဆိုတဲ့ အချက်ကို သိနိုင်အောင် မေးမြန်းသွားမယ်လို့လည်း ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးခဲ့ပါတယ်။

မုံရွာခရိုင် ကြေးနီစီမံကိန်းကို မြန်မာ့ဦးပိုင် ကော်ပိုရေးရှင်းနဲ့ တရုပ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့ နှစ်ဦး အကျိုးတူ လုပ်ကိုင်နေကြတာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အပါအ၀င် ဆုံးရှုံးမှုများအတွက် ဒေသခံများက တောင်းဆိုလာကြရာမှ အစပြုကာ အခုလို ပြဿနာ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က နိုဝင်ဘာ ၂၃ ရက်နေ့တွင် လွှတ်တော်ကို အရေးကြီးအဆို တင်သွင်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည် ရှင်းလင်းပြီး လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

လွှတ်တော်တွင် ထိုသို့ ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ခရီးစဉ်သတင်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မုံရွာကို ခရီးထွက်ခွာတဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က သပိတ်စခန်းများကို အင်အားသုံး နှိမ်နင်းခဲ့ပါတယ်။ ထိုသို့ အင်အားသုံး နှိမ်နင်းမှုကြောင့် သံဃာနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း တရာခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ အများစုမှာ မီးလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရပါတယ်။ ထို ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဖြေရှင်းပေးမှုကို ဒေသခံပြည်သူများက အားပေးထောက်ခံကြကြောင်း သတင်းရရှိပါတယ်။
သတင်း - La Pa Daung Crisis And Daw Aung San Suu Kyi - Nov 30 2012 11:04 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005