လက်ပံတောင်းတောင် ပဋိပက္ခ နောက်ဆုံး အခြေအနေများ

အလဲဗဲန်း မီဒီယာ ဖေ့စ်ဘွတ်

၂၀၁၂၊ နိုဝင်ဘာ ၂၉ ရက်နေ့၊ မနက် ၃ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသအတွင်းရှိ သပိတ်စခန်းများအား အင်အားသုံး နှိမ်နင်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးမြို့နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့များမှာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပါတယ်။ သံဃာတော်များ ဦးဆောင်တဲ့ အဆိုပါ ဆန္ဒပြပွဲများက ရဲတပ်ဖွဲ့များရဲ့ အင်အားသုံး နှိမ်နင်းမှုများကို ရှုံချခဲ့ပြီး အာဏာပိုင်များဘက်က ပြန်လည် တောင်းပန်ရန် တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသအတွင်းက ဆန္ဒပြသပိတ်စခန်းများအား ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ထုတ်ပြန်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ထို ကြေငြာချက်ကို ရုပ်သံက ညနေ ၄ နာရီတွင် ကြေငြာခဲ့သော်လည်း ည ၈ နာရီတွင် သမ္မတရုံး အင်တာနက်စာမျက်နှာ၌ ကြေငြာချက် ပယ်ဖျက်ကြောင်း ပြန်လည် ဖော်ပြခဲ့ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရာတွင် မီးလောင်စေတဲ့ ဗုံး အသုံးပြုကြောင်း မျက်မြင်သက်သေများက ပြောခဲ့ကာ သမ္မတရုံးကတော့ ထိုကိစ္စကို ငြင်းဆိုပါတယ်။

အစိုးရရဲ့ အင်အားသုံး နှိမ်နင်းမှုကြောင့် ဆေးဝါးကုသမှု ခံနေကြရခြင်းနဲ့ ပတ်သက်ပြီး အလဲဗဲန်းမီဒီယာ ဖေ့စ်ဘွတ်တွင် “မုံရွာပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စိန်ကြည် သံဃာ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော သံဃာတော်များမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြင်ပလူနာဌာန၌ ဆေးကုသမှု ခံယူနေသော သံဃာတော် ၄၃ ပါး၊ သံဃာ့ဆေးရုံကြီးတွင် ၅၂ ပါးနှင့် လူတစ်ယောက် ရှိခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ပြင်ပလူနာဌာနသို့ လာရောက် ပြသသော လူနာအသစ် ၂ ပါး၊ ဆေးရုံကြီးပေါ်တွင် သံဃာတော် ၂၇ ပါးနှင့် လူတစ်ယောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။“ လို့ ရေးသားထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးက ကြေငြာချက် ထုတ်ပြန်ခဲ့ရာ “တရုပ် မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများ အချင်းချင်း အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းတခု ဖြစ်ကြောင်း၊ မြန်မာဥပဒေများနဲ့ ကိုက်ညီကြောင်း၊ စီမံကိန်း အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန် အကျိုးရှိတဲ့ အခြေအနေ တည်ဆောက်ပေးရန် မေတ္တာရပ်ခံကြောင်း“ ဖော်ပြထားပါတယ်။ ယနေ့မြန်မာက မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံး ပြောခွင့်ရှိသူ Mr. Gao Mingbo အား ဆန္ဒပြသူများအား အင်အားသုံး နှိမ်နင်းခြင်းနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့ရာ “ဒါက သက်ဆိုင်ရာဒေသရဲ့ အရေးကိစ္စသာ ဖြစ်ကြောင်း။“ ပြန်လည် ဖြေကြားပါတယ်။

ဆေးရုံတက် ဆေးကုသခံယူနေတဲ့ သံဃာတော်များအား သီတဂူဆရာတော် ဦးဉာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည် တို့ သွားရောက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။ မုံရွာနဲ့ အခင်းဖြစ်ပွားရာဒေသအား နိုဝင်ဘာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့များက ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။ ထို့နောက် ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပြီး ကြားဝင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာဒေသကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ သွားရောက်ရန် စီစဉ်နေကြောင်း သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြနေကြတဲ့ သပိတ်စခန်းများကို အင်အားသုံး နှိမ်နင်းခြင်းဟာ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ အဓိကရုဏ်းနှိမ်နင်းမှု ဖြစ်ပါတယ်။ ကြပ်ပြေးနေပြည်တော် အစိုးရရဲ့ စေခိုင်းမှုကြောင့် ထိုသို့ နှိမ်နင်းရခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းများ ပေါ်ထွက်နေပါတယ်။
သတင်း - La Pa Daung Crisis News Update - Nov 30 2012 06:58 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005