အမေရိကန် သမ္မတ ရွေးကောက်ပွဲ သတင်း အချိန်နဲ့တပြေးညီ ဖော်ပြခြင်း

နယူးယောက်မြို့ ရော့(က်)ဖဲလားစဲန်တာက အဲန်ဘီစီသတင်းဌာနနဲ့ ၀င်းဒိုးစ် ဆော့ဖ်ဝဲလ်ကုမ္ပဏီတို့ရဲ့ ဒီမိုကရေစီ ပလာဇာ

အမေရိကန်ပြည်ထောင်စုတ၀ှမ်းတွင် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့က သမ္မတရွေးကောက်ပွဲ ကျင်းပပါတယ်။ ထို ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က လက်ရှိသမ္မတ ဘာရတ် အိုဘားမားနဲ့ ရီပတ်ဘလစ်ကင်ပါတီဘက်က မဲန်ဆာချူးဆက် ပြည်နယ် အကြီးအကဲဟောင်း မစ်တ် ရွန်မ်နီတို့ ပါဝင် ယှဉ်ပြိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း စံတော်ချိန် ညနေ ၆ နာရီမှ ည ၁၂ နာရီအတွင်း မဲရုံများ ပိတ်ကြပြီး မဲများ စတင် ရေတွက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ည ၁၁ နာရီ ၃၅ မိနစ်

အမေရိကန်သမ္မတအဖြစ် ဘာရတ် အိုဘားမားကို ထပ်မံ ရွေးချယ်လိုက်ကြပါတယ်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်

အဲန်ဘီစီသတင်းတွင် မစ်တ် ရွန်မ်နီက ပေါ်ပြူလာမဲပေးမှု (Popular Vote) (အများပြည်သူရဲ့ မဲ) ၅၀ ရာခိုင်နှုန်း ရရှိထားပြီး ဘာရတ်အိုဘားမားက ၄၈ ရာနှုန်း ရရှိထားပါတယ်။ အဲန်ဘီစီ အလက်တိုရယ်လ် မဲပေးမှု (Electoral Vote) စာရင်းမှာတော့ ရွန်မ်နီက ၁၅၃ မဲ ရရှိနေပြီး အိုဘားမားက ၁၅၈ မဲ ရရှိထားပါတယ်။

ရာဟူး အေဘီစီသတင်း အလက်တိုရယ်လ် မဲပေးမှု (Electoral Vote) စာရင်းမှာ အိုဘားမားက ၁၂၃ မဲ ရရှိထားပြီး ရွန်မ်နီက ၁၅၃ မဲ ရရှိထားပါတယ်။

ဖောက်စ်သတင်း အလက်တိုရယ်လ် မဲပေးမှု (Electoral Vote) စာရင်းမှာ အိုဘားမားက ၁၅၃ မဲ ရရှိထားပြီး မစ်တ် ရွန်မ်နီက ၁၅၄ မဲ ရရှိထားပါတယ်။

ဒီနှစ် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးအချိန်ပိုင်းတွင် ရီပတ်ဘလစ်ကင်ဘက်က ဒီမိုကရက်တွေထက် ပိုမို ကြိုးစား မဲဆွယ်တာကို တွေ့ရပါတယ်။ မစ်တ် ရွန်မ်နီဟာ ရွေးကောက်ပွဲနေ့ နေ့လည်ပိုင်းတွင် ပဲန်ဆန်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့ကို သွားရောက် မဲဆွယ်ခဲ့တဲ့သတင်းကို တွေ့ရသလို နယူးယောက်မှာလည်း ကြိုးစားပမ်းစား မဲဆွယ်တာကို သတိထားမိပါတယ်။ ကိုယ်တွေ့ ကြုံရတဲ့ နယူးယောက်တွင် မဲဆွယ်ခံရမှုကတော့ နယူးယောက်ပြည်နယ် ဆီးနိတ်အမတ်အဖြစ် ရီပတ်ဘလီကင်အမတ်လောင်းကို မဲပေးဖို့ မဲဆွယ်ခြင်း ဖြစ်ပါတယ်။ အိမ်ကို တယ်လီဖုန်း ဆက်ပြီး မဲဆွယ်ခဲ့သလို မဲရုံနဲ့ မလှမ်းမကမ်းမှာလည်း စောင့်ပြီး လက်ကမ်းစာစောင် ဝေပေးပါတယ်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ည ၈ နာရီခွဲ

ညနေ ၆ နာရီမှ စတင်ပြီး မဲရုံများ ပိတ်ခဲ့ရာ ည ၈ နာရီခွဲအချိန်အထိ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၅၀ အနက် ပြည်နယ်ပေါင်း ၃၀ ကျော်တွင် မဲရုံများ ပိတ်ခဲ့ပြီ ဖြစ်ပါတယ်။ မဲများ ရေတွက်မှု စတင်နေပြီး မဲအနိုင်အရှုံး အတိအကျစာရင်း မသိကြရသေးပါ။

ညနေ ၅ နာရီခွဲခန့်တွင် ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ကိုမိုးမြင့်က အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လှမ်း မေးပါတယ်။ သူနဲ့ ကနဦး စကားပြောစဉ်က ညနေဘက်မှာ မဲသွားပေးမယ်လို့ ပြောထားလေတော့ မဲ ပေးပြီးပြီးလား လို့ စ, မေးပါတယ်။ သူ မေးတဲ့အချိန်ကတော့ မဲ မပေးရသေးပါဘူး။ အခုတော့ မဲပေးပြီးပါပြီ။ သူနဲ့ စကားပြောနေတုန်း ဦးမြင့်လှိုင်က အိုဘားမားဘက်ကို သာနေသလိုပဲ လို့ ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော်က ဒီမိုကရက် လေ လို့ ပြန် ဖြေဖြစ်ပါတယ်။ မဲပေးမယ့်စာရင်း ဖြည့်စဉ် ဒီမိုကရက်ပါတီဘက်ကလို့ စာရင်းပေးခဲ့ပေမယ့် ၂၀၀၀ နဲ့ ၂၀၀၄ တုန်းက ဂျော့ရှ် ဘုရှ် ဘက်မှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၀၈ အိုဘားမားနဲ့ ဂျွန်မက်ကိန်း ပြိုင်ကြတုန်းက အသက်အရွယ်အရ ဂျွန်မက်ကိန်းဘက်ကို အလေးမသာပေမယ့် မူဝါဒဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မက်ကိန်း ပြောတာတွေကို သဘောကျခဲ့ပါတယ်။

အိမ်နားက မဲရုံမှာတော့ မဲပေးသူ သိတ် မများပါဘူး။ တန်းစီရတာတော့ ရှိပါတယ်။ မဲပေးဖို့ ဆောင်ရွက်ပေးသူတွေက အသက်နည်းနည်းကြီးတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရတာတွေ ရှိပါတယ်။ မဲသွားမပေးခင် ဖေ့စ်ဘွတ်မှာ ကိုဖိုးကျော်က သူတို့ မဲသွားပေးနေတဲ့ဓါတ်ပုံတွေ တင်ထားတာ တွေ့လိုက်မိတယ်။

အိုဘားမား အောင်ပွဲခံမယ့် စင်မြင့်ကို ရှီကာဂိုမြို့တွင် ပြင်ဆင်နေကြပြီး ရွန်မ်နီ အောင်ပွဲခံမယ့်စင်မြင့်ကို ဘော်စတွန်မြို့မှာ ပြင်ဆင်နေကြပါတယ်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ညနေ ၅ နာရီခွဲ

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးရာတွင် ပြည်သူအများ မဲပေးကြတဲ့ ပေါ်ပြူလာမဲပေးမှု (Popular Vote) နဲ့ သက်ဆိုင်ရာပြည်နယ်များအလိုက် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အလက်တိုရယ်လ် ကောလိပ် မဲပေးမှု (Electoral College Vote) ဆိုပြီး နှစ်မျိုးနှစ်စား ရှိရာ သမ္မတအဖြစ် ရွေးချယ်မှုဟာ ပြည်သူများရဲ့ ပေါ်ပြူလာမဲပေးမှုရလဒ်များတွင် မူတည်မနေဘဲ အလက်တိုရယ်လ် ကောလိပ် မဲပေးမှု (Electoral College Vote) အပေါ်တွင် မူတည်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းထားတဲ့ စီအဲန်အဲန်သတင်းဌာနရဲ့ ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီစာရင်းများအရ အိုဘားမားက အလက်တိုရယ်လ်မဲ ၂၃၇ မဲ ရရှိနေပြီး ရွန်မ်နီကတော့ ၂၀၆ မဲ ရရှိနေပါတယ်။

၂၀၁၂ ရွေးကောက်ပွဲတွင် ဖလော်ရီဒါ၊ အိုဟိုင်းယိုး၊ ဗာဂျီးနီးယား၊ ၀စ္စကွန်စင်၊ ကော်ရိုလာဒို၊ နီဗားဒါး၊ အိုင်အိုဝါ၊ နယူး ဟမ်မ်ရှား ပြည်နယ်များကို အဓိက အရေးကြီး ပြည်နယ်များအဖြစ် လေ့လာသူအများစုက ရှုမြင်ကြပါတယ်။

ယနေ့မြန်မာအနေနဲ့ နောက်ဆုံး သိရှိရတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲသတင်းများကို မဲရုံများ စပြီး ပိတ်တဲ့ အမေရိကန် အရှေ့ဘက်ပိုင်း စံတော်ချိန် ညနေ ၆ နာရီမှ စတင်ပြီး အချိန်နဲ့တပြေးညီ ဖော်ပြသွားဖို့ ပြင်ဆင်လျက် ရှိပါတယ်။
သတင်း - အမေရိကန် သမ္မတ ရွေးကောက်ပွဲ သတင်း အချိန်နဲ့တပြေးညီ ဖော်ပြခြင်း - Nov 7 2012 02:14 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005