ဓါတ်ဆီ ပြတ်တောက်နေတဲ့ နယူးယောက်မြို့ဝန်းကျင်နဲ့ နယူးဂျာစီပြည်နယ်

ဓါတ်ဆီဆိုင်တခုမှာ ဓါတ်ဆီ တန်းစီနေကြသူများနဲ့ ကားများကို နိုဝင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရစဉ်

ဟာရီကိန်း စဲန်ဒီ တိုက်ခတ်အပြီး တပတ်အကြာ ၂၀၁၂ နိုဝင်ဘာ ၅ ရက်နေ့တွင် နယူးယောက်ဒေသ၊ နယူးဂျာစီပြည်နယ် အပါအ၀င် မုန်တိုင်းဒဏ်ခံရတဲ့ အချို့နေရာများ၌ ပုံမှန်အခြေအနေနီးပါး ပြန်လည် ရောက်ရှိနေတာကို မြင်တွေ့နေရသော်လည်း ဓါတ်ဆီ ပြတ်တောက်မှုကတော့ ဆိုးဆိုးရွားရွား ကြုံနေရဆဲ ဖြစ်ပါတယ်။ ထို ဓါတ်ဆီ ပြတ်တောက်မှုဟာ နယူးယောက် အနီးပတ်ဝန်းကျင်၊ နယူးဂျာစီပြည်နယ်များတွင်သာမက ထိုဒေသများနဲ့ ထိစပ်နေတဲ့ ကော်နက်တစ်ကက်ပြည်နယ်တွင်လည်း စတင် ကြုံတွေ့နေရပြီဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်း သတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။

ဟာရီကိန်း စဲန်ဒီ တိုက်ခတ်ပြီးနောက် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ခဲ့သလို ရထားများ ပြေးဆွဲနိုင်ခြင်း မရှိခဲ့တဲ့အတွက် ပြည်သူအများစု အနေနဲ့ မော်တော်ကားကိုသာ အဓိကထား သုံးစွဲခဲ့ရပါတယ်။ ထို့အတူ ရထားများအစား ဘတ်စ်ကားများ အစားထိုး ပြေးဆွဲခြင်း၊ မီးစက် မောင်းနှင်ခြင်းတို့အတွက် ဓါတ်ဆီ လိုအပ်မှု များပြားလာခဲ့ပါတယ်။

ဒါ့ကြောင့် နယူးယောက်နဲ့ အနီးတ၀ိုက်တွင် နိုဝင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်းမှစတင်ကာ ဓါတ်ဆီနည်းပါးမှု ကြုံတွေ့ခဲ့ရပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မဖွင့်နိုင်တဲ့ ဓါတ်ဆီဆိုင်များ ရှိခဲ့ပြီး ဖွင့်ထားတဲ့ ဓါတ်ဆီဆိုင်များတွင်လည်း သုံးနာရီခန့်ကြာအောင် ဓါတ်ဆီတန်းစီခဲ့ရကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းတွင် တွေ့ခဲ့တဲ့ အငှားကားမောင်းသူတဦးက ပြောပြပါတယ်။ မိတ်ဆွေ အငှားကား မောင်းသူတဦးကလည်း ဓါတ်ဆီ ထည့်ဖို့ စောင့်နေရင်း ကားပိုင်ရှင်ကို ကား ပြန်အပ်ရမယ့်အချိန် ရောက်လာတဲ့အတွက် ဓါတ်ဆီ မထည့်နိုင်ဘဲ ပြန်ခဲ့ရကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောပြပါတယ်။

ကားမောင်းနေသူများအတွက် ဓါတ်ဆီလိုအပ်မှုများ ရှိလာခဲ့သလို အိမ်မှာ ရပ်ထားတဲ့ ကားနဲ့ သွားလာဖို့၊ မီးစက်မောင်းဖို့ စသည်ဖြင့် ဓါတ်ဆီလိုအပ်သူများအနေနဲ့လည်း ပုံးအလွတ်များနဲ့ တန်းစီပြီး ဓါတ်ဆီ ၀ယ်ယူမှုများ ရှိလာပါတယ်။ ကနဦးက ဓါတ်ဆီကို လိုသလောက် ရောင်းချသော်လည်း နောက်ပိုင်းတွင် ဓါတ်ဆီကို အကန့်အသတ်နဲ့ ရောင်းချမှုများ ပြုလုပ်လာခဲ့ကြပြီး နယူးဂျာစီပြည်နယ်တွင် ကားနံပါတ် စုံဂဏန်း၊ မဂဏန်းအလိုက် တရက်စီ ဓါတ်ဆီကို အလှည့်ကျ ရောင်းချလာခဲ့ရပါတယ်။

အလှည့်ရောက်လာမှ ဓါတ်ဆီကုန်သွားတာကို ကြုံရသူများရဲ့ စိတ်မထိန်းနိုင်မှု၊ ဓါတ်ဆီ စောင့်နေကြရင်း စကားများမှုများ ဖြစ်ပွားခဲ့ပြီး ဓါတ်ဆီဆိုင်များတွင် ရဲများ စောင့်ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဓါတ်ဆီဆိုင်များအနေနဲ့ မော်တော်ကားများ တလှည့်၊ ပုံးနဲ့ တန်းစီ စောင့်နေသူများတလှည့် စသည်ဖြင့် ဓါတ်ဆီ ရောင်းခဲ့ကြရသလို ဓါတ်ဆီထုတ်ဖို့ တန်းစီနေတဲ့ ကားများကိုလည်း မျက်စေ့တဆုံး တွေ့ခဲ့ကြရပါတယ်။

နောက်ဆုံးရသတင်းများအရ နယူးဂျာစီပြည်နယ်က ဓါတ်ဆီ အလှည့်ကျရောင်းတဲ့စနစ် ဘယ်တော့ အဆုံးသတ်နိုင်မလဲဆိုတာ မသိရသေးသလို နယူးယောက်ဒေသက ဓါတ်ဆီ အခက်အခဲ ပြေလည်ဖို့ကိုလည်း ရက်အတန်ကြာ အချိန်ယူရဦးမှာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။ နယူးယောက်ပြည်နယ် အကြီးအကဲ အင်ဒရူး ကိုမို (Andrew Cuomo) ကတော့ ဒေသတွင်းကို ဓါတ်ဆီတွေ ပိုပြီး ရောက်လာဖို့ရှိတယ်လို့ ပြောထားပါတယ်။
သတင်း - ဓါတ်ဆီ ပြတ်တောက်နေတဲ့ နယူးယောက်မြို့ဝန်းကျင်နဲ့ နယူးဂျာစီပြည်နယ် - Nov 5 2012 12:49 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005