ဓနုဖြူမြို့နယ် အင်းချောင်းကိစ္စ သမ္မတထံ စာ ရေးသား ပေးပို့

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ကျုံအိပ်ကျေးရွာ၊ ကျုံအိပ်အင်းချောင်းနဲ့ နှဲကြိုးအင်းတွင် လုပ်ကိုင်နေတဲ့ အင်းသားကြီးများ စည်းကမ်း ချိုးဖောက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရေပေါ်ရေလျှံ ရေလုပ်သားများက နိုင်ငံတော်သမ္မတထံ ၂၀၁၂၊ အောက်တိုဘာ ၂၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ကျုံအိပ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် ရှိပြီး အိမ်ခြေ ၂၈ အိမ်မှာ လယ်သမားများ ဖြစ်ကြောင်း၊ ကျန် အိမ်ခြေ အများစုမှာ အင်းချောင်းကို အမှီပြုပြီး တံငါ ဖားလောင်း ရှာစားကြတဲ့ မိရိုးဖလာ ရေပေါ်ရေလျှံ ရေလုပ်သားများ ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်ခန့်အထိ အင်းချောင်းကို သမ၀ါယမစနစ်နဲ့ လုပ်ကိုင်နိုင်တဲ့အတွက် ရေလုပ်သားများအနေနဲ့ အတန်အသင့် စားဝတ်နေရေး ပြေလည်ခဲ့ကြောင်း၊ အခု ၅ နှစ်အတွင်း လုပ်ကိုင်ခွင့်ရတဲ့ အင်းသားကြီးများဟာ အင်းချောင်းကို မောင်ပိုင်စီးပြီး ရေလုပ်သားများ ရေထဲ ဆင်းခွင့် မပေးတော့ကြောင်း သမ္မတထံ ပေးစာတွင် ဖော်ပြထားပါတယ်။

အင်းချောင်းအား ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “ငါးကုန်ထုတ်အသင်း ပျက်စီးသွားတဲ့အခါ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီကနေလာပြီး ကုမ္ပဏီကြီးပွားရေးအတွက် လာလုပ်နေတယ်။ နောက်ပိုင်း သုံးနှစ်လောက်လည်း ကြာရော ဧရာရွှေဝါကုမ္ပဏီကနေပြီးတော့ ဒီက ဒေသခံရွာသားကို ပေးပြီး ဧရာရွှေဝါကုမ္ပဏီက ငွေစိုက်ပြီး အင်းကို ဆွဲပေးထားပါတယ်။ အဲဒီအချိန်အခါတွေမှာ ကျေးရွာသူကျေးရွာသားတွေဟာ ဟင်းစားတောင် ၀ယ်စားလို့ မရဘူး။ ရေတောင် ခပ်သောက်ခွင့်တောင် သိတ် မကြုံခဲ့ရပါဘူး။ ငါးရှာတဲ့အခါ အဖမ်းခံရတယ်၊ အတိုင်ခံရတယ်၊ ရုံးရောက်၊ ဂတ်ရောက်နဲ့ ဒီလို ဖြစ်ခဲ့တဲ့ ရေလုပ်သားအားလုံးဟာ ဟိုဘက်ကမ်း ဒီဘက်ကမ်း အိမ်ခြေပေါင်း ၃၀၀ လောက် ရှိပါတယ်။ လယ်သမားအားလုံးပေါင်းက ၂၈ ဦးလောက်ပဲ ရှိတယ်။“ လို့ ပြည်သူ့သတင်းထောက်တဦးကို ပြောပြပါတယ်။

တိုင်ကြားစာကို သမ္မတဦးသိန်းစိန်ထံ လိပ်မူထားပြီး မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများထံ မိတ္တူ ပေးပို့ကြောင်း သိရပါတယ်။
သတင်း - ဓနုဖြူမြို့နယ် အင်းချောင်းကိစ္စ နိုင်ငံတော်သမ္မတထံ စာ ရေးသား ပေးပို့ - Nov 5 2012 11:45 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005