မုန်တိုင်းလွန် ဒုက္ခမျိုးစုံ ကြုံတွေ့နေတဲ့ နယူးယောက်မြို့တော်

၂၀၁၂ အောက်တိုဘာ ၂၉ ရက်နေ့က တနာရီ မိုင် ၉၀ အထိ တိုက်ခတ်တဲ့ ဟာရီကိန်း စဲန်ဒီ နယူးယောက်မြို့ကို ၀င်ရောက်ခဲ့ပါတယ်။ မုန်တိုင်းရဲ့ အဆိုးရွားဆုံး တိုက်ခတ်မှု မ စတင်မီလေးမှာပဲ နယူးယောက်ဒေသက ရေနစ်မြုတ်နိုင်တဲ့ဒေသတခုလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပါတယ်။

ထရန်စ်ဖော်မာတွေ ပေါက်ကွဲမှာနဲ့ အခြား ဆက်နွယ်တဲ့ အန္တရာယ်တွေ ဖြစ်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ မီးဖြတ်ခဲ့သော်လည်း နယူးယောက်နဲ့ နယူးဂျာစီဒေသမှာ အနည်းဆုံး ထရန်စ်ဖော်မာ ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပါတယ်။ လောလောဆယ်တွင် မန်ဟက်တန်ကျွန်းအောက်ပိုင်း အပါအ၀င် နယူးယောက်မြို့နဲ့ အနီးတ၀ိုက်၊ နယူးဂျာစီနဲ့ ကွန်နက်တစ်ကက် ပြည်နယ်များတွင် နေအိမ်ပေါင်း လေးသန်းခန့် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် အရေးပေါ် ဂျန်နရေတာ အလုပ်မလုပ်တဲ့အတွက် နယူးယောက်တက္ကသိုလ်ဆေးရုံက လူနာပေါင်း ၂၀၀ ကျော်ကို အခြားဆေးရုံတွေဆီ ပို့ဆောင်လိုက်ရပါတယ်။ ထိုသို့ လူနာများ ရွှေ့ပြောင်းမှုကို အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီခွဲကျော်မှ စတင် ဆောင်ရွက်ခဲ့ရာ မနက် ၅ နာရီခွဲကျော်အထိ ပို့ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဟာရီကိန်း စဲန်ဒီဟာ နယူးယောက် အနီးတ၀ိုက်က ပင်လယ်ရေမျက်နှာပြင်ကို ၆ ပေမှ ၁၂ ပေအထိ မြင့်တက်လာနိုင်စေမယ်လို့ ခန့်မှန်းခဲ့သော်လည်း ၁၃.၈ ပေအထိ ရေတက်လာခဲ့တဲ့အတွက် နယူးယောက်မြို့ မြေနိမ့်ပိုင်းတွေကို ဆိုးဆိုးရွားရွား ရေလွှမ်းမိုးခဲ့ပါတယ်။ ရေလွှမ်းနိုင်တဲ့ ဇုံ အေ အတွင်းရှိ အိမ် အများအပြား ရေ၀င်ခဲ့သလို နယူးယောက် မန်ဟက်တန်ကျွန်းအောက်ပိုင်းက မြေအောက် ကားလမ်း၊ ရထားလမ်းတွေ၊ ပြန်လည် တည်ဆောက်နေတဲ့ World Trade Center ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရေလွှမ်းမိုးခဲ့ပါတယ်။

ဘရွတ်ကလင်းဒေသ ကော်နီအိုင်းလဲန်းအနီးတ၀ိုက်က အိမ်တွေရဲ့ မြေအောက်ထပ်ထဲကို လမ်းပေါ်က ရေတွေ ၀င်တာထက် မိလ္လာလိုင်းထဲက ရေတွေ လျှံတက်လာခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောပြပါတယ်။ အိမ်တွေထဲကို တပေကျော် နှစ်ပေခန့်အထိ ရေလျှံတက်ခဲ့တယ်လို့ ဆိုကြပါတယ်။ စတေတဲန်အိုင်းလဲန်းတွင် မီးပြတ်နေသလို ရေလွှမ်းမိုးမှုများကိုလည်း ဆိုးဆိုးရွားရွား ခံခဲ့ရပါတယ်။ နယူးယောက်တဖက်ကမ်း နယူးဂျာစီပြည်နယ် ဟိုဘိုကဲန်မြို့အနှံ့ ရေလွှမ်းမိုးခဲ့ပါတယ်။

လေပြင်းတွေ တိုက်ခတ်စဉ် အောက်တိုဘာ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်က စတင်ပြီး နယူးယောက်မြို့ ကွင်းစ်ဒေသ Breezy Point တွင် မီးလောင်ခဲ့ရာ နောက်ဆုံးသတင်းများအရ အိမ်ပေါင်း ၁၁၁ လုံး ပြာကျခဲ့ပါတယ်။ မီးလောင်တဲ့အခါတိုင်း မီးသတ်ကားတွေ အမြန်ဆုံး ရောက်ရှိပြီး မီးသတ်နိုင်တဲ့အတွက် နယူးယောက်မှာ မီးလောင်ပြင်တွေကို မြင်တွေ့ရလေ့ မရှိပါဘူး။ သို့သော်လည်း Breezy Point မီးလောင်မှုမှာ မီးသတ်ကားတွေ အချိန်မီ ရောက်ခဲ့သော်လည်း ရေပတ်လည်ဝိုင်းနေတဲ့ မီးလောင်ပြင်ကို အနီးကပ် စောင့်ကြည့်နေရုံအပြင် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ မီးလောင်ခဲ့တဲ့ နေအိမ်တွေဟာ ပင်လယ်ကမ်းခြေအနီး တည်ရှိပြီး ရေလွှမ်းမိုးနိုင်တဲ့အတွက် အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းကတည်းက နေထိုင်သူအားလုံး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြပြီး ဖြစ်ပါတယ်။

နယူးယောက်ရဲ့ ရထားနဲ့ ဘတ်စ်ကားတွေကို အောက်တိုဘာ ၂၈ ရက်နေ့ ည ၇ နာရီနဲ့ ၉ နာရီတွေမှာ ရပ်ဆိုင်းခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဘတ်စ်ကားလိုင်းတချို့ ပြန်လည် ပြေးဆွဲခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့မှာ ဘတ်စ်ကားလိုင်း အားလုံးနီးပါး ပြန်လည် ပြေးဆွဲမှာ ဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းနဲ့ ၃၁ ရက်နေ့ ဘတ်စ်ကားစီးသူအားလုံး ယာဉ်စီးခ ပေးစရာ လိုမှာ မဟုတ်ပါ။

နယူးယောက်က တံတား အတော်များများ ပြန် ဖွင့်လိုက်ပြီ ဖြစ်ပြီး နယူးယောက်က ကနေဒီနဲ့ နယူးဂျာစီက နယူးဝဒ်က် (Newark) လေဆိပ်တို့ကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။ နယူးယောက် ဂျွန် အက်ဖ် ကနေဒီလေဆိပ်တွင် အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ လေယာဉ်များ ပြန်လည် ဆင်းသက်ဖို့ရှိပြီး ဂျွန် အက်ဖ် ကနေဒီနဲ့ နယူးဝဒ်က် လေဆိပ် နှစ်ခုစလုံး အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ကြုံခဲ့တဲ့ နယူးယောက် လဂွါးဒီးယား (LaGuardia) လေဆိပ်ကိုတော့ ဆက်လက် ပိတ်ထားမှာ ဖြစ်ပါတယ်။

နယူးယောက်ဒေသနဲ့ အမေရိကန် အရှေ့ဘက်ခြမ်းက လေဆိပ်များ ပိတ်ထားခဲ့မှုကြောင့် လေယာဉ်ခရီးစဉ် ၁၈,၁၀၀ ကျော် ရပ်ဆိုင်းခဲ့ရသော်လည်း လေဆိပ်များတွင် ခရီးသည်များ သောင်တင်နေမှု အပါအ၀င် အခြား ပြဿနာများ မရှိသလောက် နည်းပါးခဲ့ပါတယ်။ အကြောင်းကတော့ လေကြောင်းလိုင်းများအနေနဲ့ လေယာဉ်ခရီးစဉ်များကို အစောပိုင်းကတည်းက ရပ်နား၊ ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ရေလွှမ်းမိုးတဲ့ဒေသတွင် ပါဝင်တဲ့ နယူးယောက် စတော့ဈေးကွက်ကို အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့များက ပိတ်ထားခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ မျက်မြင် အခြေအနေများအရ နေရာအနှံ့တွင် သစ်ပင်များ ပြိုလဲနေပြီး လမ်းပေါ်တွင် သစ်ရွက် သစ်ကိုင်းများ၊ အမှိုက်များ ပြန့်နေတာကို တွေ့ရပါတယ်။ မြန်မာမိသားစုအချို့ရဲ့ နေအိမ်များ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း၊ လက်ကိုင်တယ်လီဖုန်း ဆက်သွယ်မှုများ ခက်ခဲနေကြကြောင်း သိရပါတယ်။

ဟာရီကိန်း စဲန်ဒီကြောင့် အတိဒုက္ခ အများဆုံး ရောက်ခဲ့တဲ့ ဒေသများဟာ နယူးဂျာစီပြည်နယ်၊ နယူးယောက်မြို့တော် အနီးတ၀ိုက်နဲ့ နယူးယောက်ပြည်နယ် Long Island ဒေသ၊ ကွန်နက်တစ်ကက်ပြည်နယ်များ ဖြစ်ကြပါတယ်။ ကယ်ဆယ်ရေးစခန်းများတွင် လူထောင်ပေါင်း များစွာ ရှိနေပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ မုန်တိုင်းကြောင့် နယူးယောက်မြို့တော်တွင် ၁၈ ဦး၊ Long Island တွင် နှစ်ဦး၊ နယူးဂျာစီပြည်နယ်တွင် ခြောက်ဦး၊ ကွန်နက်တစ်ကက်ပြည်နယ်တွင် လေးဦး သေဆုံးခဲ့ပါတယ်။ နယူးယောက်ပြည်နယ်တခုလုံးတွင် သေဆုံးသူ ၂၃ ဦး ရှိပြီး တနိုင်ငံလုံးတွင် သေဆုံးသူ ၄၄ ဦး ရှိပါတယ်။ ပျက်စီး ဆုံးရှုံးမှုတန်ဘိုး ဘီလျံ ၂၀ အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
သတင်း - မုန်တိုင်းလွန် ဒုက္ခမျိုးစုံ ကြုံတွေ့နေတဲ့ နယူးယောက်မြို့တော် - Oct 31 2012 03:07 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005