နယူးယောက်တွင် အဆိုးရွားဆုံး မုန်တိုင်း တိုက်ခတ်နေ

နိုင်း အလဲဗဲန်း တိုက်ခိုက်မှု၊ ဟာရီကိန်း အိုင်ရင်း၊ ၃ ပေလောက်ရှိတဲ့ စနိုးကျဆင်းမှုတွေ ကြုံခဲ့တဲ့ နယူးယောက်ဟာ အခုသတင်းရေးနေချိန်မှာ အဆိုးရွားဆုံး မုန်တိုင်းတခုနဲ့ ကြုံတွေ့နေပါတယ်။ ဟာရီကိန်း စဲန်ဒီဟာ နယူးယောက်ဒေသ အပါအ၀င် အမေရိကန် အရှေ့ဘက်ကမ်းခြေကို ဖြတ်သန်းနေပါတယ်။

နယူးယောက်မှာ လေတိုက်နှုန်း တနာရီကို မိုင် ၆၀ မှ ၉၀ အထိ ရှိနိုင်ပြီး ၂၀၁၂ ည ၈ နာရီ ၉ နာရီလောက်မှာ လေတိုက်နှုန်း အမြင့်ဆုံးအထိ ရောက်နိုင်ပါတယ်။ ပင်လယ်ပြင်မှာ ရေမျက်နှာပြင် ၂၃ ပေမှ ၄၄ ပေအထိ မြင့်တက်နေပြီး နယူးယောက်မှာ ၆ ပေမှ ၁၁ ပေအထိ ပင်လယ်ရေမြင့်တက်လာနိုင်ပါတယ်။

နယူးယောက်ရဲ့ မီးရထား၊ ဘတ်စ်ကားများကို အောက်တိုဘာ ၂၈ ရက်နေ့ ညကတည်းက ရပ်ထားပြီး လေယာဉ်ကွင်းများ ဖွင့်ထားသော်လည်း လေယာဉ်ပျံသန်းမှုများအားလုံး ရပ်ဆိုင်ထားပါတယ်။ မန်ဟတ်တန်နဲ့ ဆက်သွယ်ထားတဲ့ ဟော်လန်နဲ့ ဘတ္ထရီ ရေအောက်ကားလမ်း (Holland and Battery Tunnel) များကို အောက်တိုဘာ ၂၉ ရက် နေ့လည် ၂ နာရီတွင် ပိတ်မှာ ဖြစ်ပါတယ်။

သတင်းရေးနေချိန်အထိ မြေအောက်ရထားလမ်းများ ရေလျှံမှု မရှိသေးပါဘူး။ မြေအောက်ရထားလမ်း ရေလျှံရင်၊ ဆားငံရေ ၀င်ရင် ပြန်လည် ပြင်ဆင်ဖို့ တလလောက်အထိ အချိန်ယူကြရပါလိမ့်မယ်။ မန်ဟတ်တန်ကျွန်းအောက်ပိုင်း ဘထ္ထရီ ပါ့ခ် စီးတီး (Battery Park City) ရေလျှံနေပါတယ်။

မြေနိမ့်ပိုင်းရှိ ဇုံအေအတွင်း နေထိုင်သူများကို နေအိမ်များက ထွက်ခွာရန် နယူးယောက် အာဏာပိုင်များက အကြံပြုထားပြီး ကယ်ဆယ်ရေးစခန်းများကို သွားရောက်လိုသူများအား အကူအညီပေးနေပါတယ်။ နယူးယောက်မြို့တော်ဝန် ဘလွန်းဘတ်က အခြေအနေတွေ ပိုပြီး ဆိုးလာတယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၁ နာရီက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း နယူးယောက်က စာသင်ကျောင်းများကို ဆက်လက် ပိတ်ထားပါမယ်။ နယူးယောက် စတော့ဈေးကွက်တွေ အကုန် ပိတ်ထားပါတယ်။

နယူးယောက်၊ နယူးဂျာစီနဲ့ ကော်နားတီးကက်ပြည်နယ်များတွင် နေအိမ်ပေါင်း ငါးသောင်းခန့် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ နယူးယောက်ရထားများကို ကုန်းမြင့်ဒေသများဆီ ရွှေ့ပြောင်းထားပါတယ်။ သို့သော်လည်း နေရာ အခက်အခဲကြောင့် ရထားအားလုံးကိုတော့ ပြောင်းထားနိုင်မှာ မဟုတ်ပါဘူး။ နယူးယောက်က လူ သုံးသိန်း ခုနှစ်သောင်း ငါးထောင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အကြံပြုထားပါတယ်။ နယူးယောက်မှာ ကယ်ဆယ်ရေးစခန်း ၇၆ ခု ဖွင့်ထားပါတယ်။

နယူးယောက်မြို့သားအားလုံးကို နေအိမ်တွင်း နေထိုင်ဖို့၊ ဓါတ်ခဲ၊ ဓါတ်ခဲအားသုံး ရေဒီယို၊ လက်နှိပ်ဓါတ်မီး၊ စားသောက်ဖွယ်ရာ၊ ရေ အစရှိသဖြင့် လိုအပ်သမျှကို စုဆောင်းထားရန်၊ အခြေအနေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်စေရန် သက်ဆိုင်ရာက အသိပေးထားပါတယ်။ သစ်ပင်များ ပြိုလဲမှု ဖြစ်တဲ့နေရာများတွင် လျှပ်စစ်မီး ပြတ်တောက်နိုင်ပါတယ်။
သတင်း - နယူးယောက်တွင် အဆိုးရွားဆုံး မုန်တိုင်း တိုက်ခတ်နေ - Oct 29 2012 11:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005