ကရင်အမျိုးသား အစည်းအရုံးအတွင်း ပြေလည်မှု ရရှိ

ကရင်လွတ်မြောက်ရေးတပ်မတော် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အမြင်မတူညီများ ဖြစ်ပွားခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးခေါင်းဆောင်များအကြား ပြေလည်မှုများ ရရှိပြီဖြစ်ကြောင်း ၂၀၁၂၊ အောက်တိုဘာ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကေအဲန်ယူ - ကရင် အမျိုးသား အစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ၊ အထူး အရေးပေါ် အစည်းအဝေး၏ သဘောထား ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များအနေနဲ့ အဖွဲ့အစည်းရဲ့ အကျိုးကို ရှေ့ရှု၍သော်လည်းကောင်း၊ စည်းလုံးညီညွတ်မှုနဲ့ အဖွဲ့အစည်းရဲ့ တိုးတက်မှုကိုသော်လည်းကောင်း၊ အဖွဲ့အစည်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ အားနည်းချက်များကို သင်ပုန်းချေကြပြီး တာဝန်များကို ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားရန် ၂၀၁၂၊ အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့များတွင် ဘားအံခရိုင်၊ လေးဝါးတွင် ကျင်းပခဲ့တဲ့ ဗဟို အမြဲတမ်းကော်မတီ အထူး အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး ကရင့်ခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းငြိမ်းမောင်က “ဖြစ်ရတဲ့ကိစ္စကတော့ ကျွန်တော်တို့ခေါင်းဆောင်တွေကြားမှာ ဆက်သွယ်မှု အားနည်းတယ် ဗျာ။ အပစ်အခတ်ရပ်စဲရေးပေါ်မှာလည်း အမြင်မတူကြတာတွေ ရှိတယ်။ အခု ဆက်ဆံရေးရုံး ဖွင့်တဲ့အပေါ်မှာ အခြေခံပြီး ဖြစ်တာလည်း ပါတာပေါ့ ဗျာ။ ဒါပေမယ့်လို့ ကျွန်တော်တို့ ကရင့် လွတ်မြောက်ရေး တပ်မတော် စစ်ဦးချုပ်အနေနဲ့က တပ် ဆက်ဆံရေးရုံးအနေနဲ့ အဓိကထားပြီး ဖွင့်တာ ပါ။ နှစ်ဘက် တပ်က နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခ ဖြစ်လာတာ။ အဲဒါကြောင့် နှစ်ဘက်တပ် နားလည်မှု ရှိအောင် ရည်ရွယ်ပြီး ဖွင့်တယ်။ အဲဒီအပေါ်မှာ နည်းနည်း နားလည်မှု လွဲပြီး ဖြစ်တာပါ။

ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ အမျိုးသားအကြားမှာလည်း ရိုက်ခတ်မှု တော်တော်ကြီးတယ် ဗျာ။ မြန်မာပြည်သူတွေထဲက ကျွန်တော်တို့ကို စာနာကြသူတွေကလည်း စိတ်မကောင်းကြတော့ ကျွန်တော်တို့ ဗဟိုကော်မတီ အထူး အရေးပေါ် အစည်းအဝေးကို ပြန်ခေါ်ပြီး မျက်နှာစုံညီ ရှင်းလင်းကြတာပေါ့ နော်။ အားနည်းချက်က ဗဟိုကော်မတီအားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့ ကျွန်တော်တို့ သင်ပုန်းချေကြတယ် ဗျာ။ အပြစ် မပြောဘူး။ အရေးယူတာ၊ ရှုံ့ချတာလည်း မလုပ်ဘူး။ တဦးနဲ့တဦး နားလည်မှု ရပြီးတော့ အခု ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ရယ်၊ ကျန်တဲ့ ခေါင်းဆောင် နှစ်ဦးရယ်၊ စုစုပေါင်း သုံးဦးကို မူလတာဝန်တွေ ပြန်လည် ပေးအပ်တာပေါ့ ခင်ဗျာ။“ လို့ ယနေ့မြန်မာကို ရှင်းပြပါတယ်။

ထို့အပြင် ဖဒို မန်းငြိမ်းမောင်က “ကျွန်တော်တို့ ကေအဲန်ယူထဲမှာ ညီညွတ်မှုအားနည်းသွားတဲ့အတွက် ဒီ ရိုက်ခတ်မှုဟာ ကရင်တမျိုးသားလုံးရော၊ မြန်မာပြည်သူတွေကပါ စိုးရိမ် ကြောင့်ကြမှု ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က အခု ညီညွတ်ရေး ပြန်လည် တည်ဆောက်သလို ဒါကို သင်ခန်းစာ အလေးအနက် ယူပြီးတော့ အားလုံး စိုးရိမ် စောင့်ကြမှု မဖြစ်ဘို့ ကရင့်တမျိုးသားလုံးကို ပြောကြားချင်တယ်။

မြန်မာပြည်သူတရပ်လုံးကိုလည်း ပြောကြားချင်တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ ကျွန်တော်တို့ကလည်း သဘောထား ရှိပါတယ်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း ပဋိပက္ခဟာ ကျွန်တော်တို့ အမျိုးသားတွေမှာ ဆင်းရဲဒုက္ခ တော်တော့်ကို ရောက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့နည်းကလွဲလို့ တခြားနည်း မရှိပါဘူး။ ဒါကြောင့်မို့ ဘယ်လို အခက်အခဲပဲ ကြုံနေကြုံနေ ဒါကို မဖြစ်မနေ တည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တို့ ကရင်တမျိုးသားလုံးကို ပြောကြားလိုပါတယ်။ မြန်မာပြည်သူတရပ်လုံးကိုလည်း ပြောကြားချင်ပါတယ်။“ လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

(ဖဒိုမန်းငြိမ်းမောင်အား ဆက်သွယ် မေးမြန်းခြင်း အပြည့်အစုံကို ဆက်လက် ဖော်ပြပါမယ်။)
သတင်း - ကရင်အမျိုးသား အစည်းအရုံး ပြေလည်မှု ရရှိ - Oct 28 2012 11:08 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005