တက္ကသိုလ် တက်ရောက်ရန် အကူအညီ လိုအပ်နေတဲ့ မသက်စုကို

အခြေခံပညာ အထက်တန်း စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ရမှတ် ၃၉၇ မှတ် ရရှိကာ အောင်မြင်ခဲ့သူ မသက်စုကိုအနေနဲ့ တက္ကသိုလ်ပညာ ဆက်လက် သင်ကြားနိုင်ဖို့ အခက်အခဲ ရှိနေကြောင်း ယနေ့မြန်မာက သတင်းရရှိပါတယ်။ မသက်စုကိုဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အမှတ် ၁ အထက်တန်းကျောင်း၌ ၂၀၁၀/၂၀၁၁ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း သင်ကြားခဲ့သူ ဖြစ်ပါတယ်။

မသက်စုကိုရဲ့ ဖခင်ဖြစ်သူ ဦးဝင်းကြိုင်ဟာ ၂၀၀၃ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး အသက် ၅၄ နှစ်ရှိ မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်ကတော့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်သားမှူးအဖြစ် တလလျှင် လစာကျပ် ၄၆,၀၀၀ ဖြင့် အလုပ်လုပ်နေပါတယ်။ မသက်စုကိုရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲ ကိုယ်စားလှယ် ကိုမိုးက “ဒီကလေးမလေးက စာကလည်း တအား ကြိုးစားတယ်။ အမေဖြစ်တဲ့သူကလည်း ဒီ ကလေးမလေးကို တအား ဖြစ်စေချင်တဲ့ ဆန္ဒ ပြင်းပြတယ်။ ဒီ ကလေးမလေး လာ ပြောတဲ့နေ့က သူတို့ မျက်ရည်တောင် ကျတယ်။ သူ့အရွယ်လေးနဲ့ လာရတာဆိုတော့ ရှက်လည်း ရှက်မှာပေါ့ လေ။ သမီး ရှက်စရာ မလိုဘူး။ ဒါ ကိုယ့်ပညာရေးအတွက် လာတာဆိုပြီး သူ့ကို အားပေးလိုက်ရတယ်။“ စတင် ပြောပြပါတယ်။

ဆက်လက်ပြီး ကိုမိုးက “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျွန်တော် လုပ်နေရင်းကနေပြီး ကျွန်တော့်ရဲ့ အဖွဲ့ဝင်တယောက်က ဒီလိုပဲ၊ ကလေးမလေးတယောက်က ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ သူ့မိဘတွေက အကူအညီ တောင်းထားတယ်ဆိုတော့ ကျွန်တော့်ဆီ ခေါ်လာပေးပါ၊ ဆက်သွယ်ပြီး လုပ်ကြည့်ပေးမယ်လို့ ပြောလိုက်တော့ ကလေးမလေးရဲ့အမေ ကျွန်တော့်အိမ်ကို ရောက်လာတယ်။ ရောက်လာတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းလိုက်ပါတယ်။ ကလေးမလေးရဲ့ အမှတ်စာရင်းကို ကြည့်လိုက်တော့ ကျွန်တော်လည်း အားရတာပေါ့ ဗျာ။ ဒါနဲ့ လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြတာနဲ့ လှမ်း ပို့ပေးလိုက်တာပါ။“ လို့ ရှင်းပြပါတယ်။

မသက်စုကိုရဲ့ မိခင် ဒေါ်အေးအေးခိုင်က “သူက ငယ်ငယ်ကတည်းကလည်း ကြိုးစားတယ်။ မူလတန်းကတည်းက ဆုတွေလည်း ရခဲ့တယ်။ သူက နည်းနည်းလေးလည်း ဉာဏ်ကောင်းတယ်ဆိုတော့ ပြင်းပြင်းထန်ထန်တော့ မကြိုးစားခဲ့ရဘူး။ ကျောင်းကပေးတဲ့ စာကို နေ့တိုင်း ပုံမှန် လုပ်ပြီး အကြွေးမထားဘူး။ ဆရာတွေကလည်း သူ့ကို တော်တော်လေး ၀ိုင်းပြီး သင်ပေးတယ်။ သူ့ကို ဂုဏ်ထူး နှစ်ခု၊ သုံးခုကို မှန်းတာ ရှင့်။ စာမေးပွဲ ဖြေတဲ့အချိန်မှာ နေမကောင်း ဖြစ်သွားတယ် ပေါ့ နော်။ အဲဒါနဲ့ ဂုဏ်ထူး မပါတော့ဘဲ နှစ်ဘာသာမှာ အမှတ် ၇၀ ပဲ ရတော့တာ။“ လို့ ပြောပြပါတယ်။

ဒေါ်အေးအေးခိုင်က ဆက်လက်ပြီး “သူက မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကို လျှောက်ထားပါတယ် ရှင့်။ ကျမကလေ လစာက လေးသောင်းခြောက်ထောင် အများဆုံး ရတာဆိုတော့ ကလေးကို တအားကို ကျောင်းထားချင်ပေမယ့် ကျမရဲ့ ငွေအင်အားနဲ့ မထားနိုင်ဘူး ရှင့်။ ကျမရဲ့ အစ်ကို၊ အစ်မတွေကလည်း ပင်စင်စားတွေ ဖြစ်နေတော့ ထောက်ပံ့ဖို့ဆိုတာ မဖြစ်ဘူး ရှင့်။ ဒါနဲ့ ထောက်ပံ့ ကူညီပေးနိုင်မယ့်သူတွေကို စုံစမ်းရင်း ကိုမိုးတို့ဆီ ဆက်သွယ်ခဲ့တာပါ ရှင့်။“ လို့ ရှင်းပြပါတယ်။

မသက်စုရဲ့ ကျောင်းစရိတ်အတွက် တလကို မြန်မာငွေ ကျပ်ငါးသောင်းကျော် ကုန်ကျနိုင်မယ်လို့ သိရပြီး ကူညီ ပံ့ပိုးပေးလိုသူများအနေနဲ့ ကိုမိုး (တောင်တွင်းကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) တယ်လီဖုန်းအမှတ် +၉၅ ၉၄၀ ၁၅၇ ၅၁၉၉ ၊ ဒေါ်အေးအေးခိုင် (တယ်လီဖုန်းအမှတ် +၉၅ ၆၃ ၅၀၃၅၄) ၊ မြင့်လှိုင် (ယနေ့မြန်မာ - နယူးယောက်) တယ်လီဖုန်းအမှတ် +၁ ၉၁၇ ၉၇၅ ၂၃၄၉ ကို ဆက်သွယ်နိုင်ပါတယ်။ မသက်စုကိုရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်က “ကျောင်းတက်နိုင်မယ်ဆိုရင် ကျမအနေနဲ့ တအားကို ၀မ်းသာမှာပါ ရှင်။ သေပျော်ပြီလို့တောင် ပြောရမလား မသိပါဘူး။ အစစ အရာရာ ကူညီပေးနိုင်မယ့်သူရှိရင် အရမ်း ကျေးဇူးတင်ပါတယ်။ ကူညီပေးပါလို့လည်း မေတ္တာရပ်ခံ တောင်းပန်ပါတယ်။ တအားကိုလည်း မျှော်လင့်မိပါတယ်။“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။
သတင်း - တက္ကသိုလ် တက်ရောက်ရန် အကူအညီ မသက်စုကို - Oct 23 2012 03:31 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005