မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၄)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


စီမံကိန်းများ ပွင့်လင့်မြင်သာမှုရှိရန်နှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း ပြောကြမယ်ဆိုရင်တော့ ဒါ တိုင်းပြည်ရဲ့ အကျိုးအတွက် ပါ။ ဒီလိုတိုင်းပြည်ရဲ့ အကျိုးအတွက် လုပ်ခဲ့ကိုင်ခဲ့တဲ့အတွက်ကြောင့် ခင်ဗျားတို့လည်း မျက်မြင်ပါပဲ၊ ဆည်တွေ ကျနော်တို့ တခုပြီးတခု တည်ဆောက်တယ်၊ စိုက်ပျိုးရေးတွေကို ဆည်တွေ တည်ဆောက်တဲ့အတွက် စိုက်ပျိုးရေးတွေကို တိုးချဲ့ပြီး စိုက်ပျိုးလာနိုင်ခဲ့တယ်။ နောက်တခုကလည်း ခုနက တံတားတွေပေါ့ ... ဧရာဝတီမြစ်ကူးတံတားကြီးဆိုရင် တံတားတွေ ပိုပြီးတော့ ထင်သာမြင်သာ ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျနော်တော့ အင်္ဂလိပ်က အုပ်ချုပ်သွားတဲ့ နှစ်ပေါင်းတရာကျော်လောက် ကျနော်တို့ အုပ်ချုပ်သွားတာပါ။ ခင်ဗျားတို့လဲ သိပါတယ်။ ဧရာဝတီမြစ်ကူးတံတားဆိုလို့ ကျနော်တို့ ဒါ အင်းဝတံတားတခုပဲ အင်္ဂလိပ်က ဒါ တည်ဆောက်ပေးသွားတာ။ အခု ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာ ဧရာဝတီမြစ်ကူးတံတားပေါင်း (၁၄) စင်း တည်ဆောက်ခဲ့ပါတယ်။ (၁၄) စင်း တည်ဆောက်ခဲ့တဲ့အတွက်ကြောင့် ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေကြတဲ့ အနောက်ဖက်ခြမ်းမှာ ဒီ ဆက်သွယ်သွားလာမှုတွေကို ဒီတံတားတွေကို အသုံးပြုပြီးတော့မှ ဒါ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ ဒါကတော့ အရင်အစိုးရ ဆောင်ရွက်သွားတဲ့ အပိုင်းကိုတော့ ကျနော် သိပ်ပြီးတော့ မပြောလိုတော့ပါဘူး။

သို့သော်လည်း ကျနော်တို့ ဒီဘက်အပိုင်းမှာ ကျနော်တို့ရဲ့ လုပ်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ထင်သာမြင်သာရှိအောင် ကျနော်တို့ ဒါကို လုပ်သွားမှာ ဖြစ်ပါတယ်။ ထင်သာမြင်သာရှိအောင် လုပ်သွားမယ်ဆိုတဲ့ နေရာမှာ ပထမ စီမံကိန်း ရေးဆွဲရပါတယ်၊ အဲဒီတော့ စီမံကိန်းရေးဆွဲပြီးတော့မှ ဒီ စီမံကိန်းက ဘာတွေဘာတွေ ကျနော်တို့ လုပ်မယ်၊ ဘယ်လို ဘယ်လို အကောင်အထည် ဖော်မယ်၊ အဲတော့ အကောင်အထည်ဖော်ဖို့ အတွက် ငွေကြေး ဘယ်လောက် လိုတယ်၊ ဒါဟာ ခုနလို ဟိုတုန်းကလို ကိုယ့်ဟာနဲ့ကို စီမံပြီးတော့ လုပ်လို့ မရပါဘူး။ ခင်ဗျားတို့လဲ အသိပါပဲ။ လွှတ်တော်ကို ကျနော်တို့ တင်ပြရပါမယ်။ လွှတ်တော်က ဒီ စီမံကိန်းကို ကြည့်တယ်၊ ကျနော်တို့ အကောင်အထည် ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကို ကြည့်တယ်။ ဒီပေါ်မှာ မူတည်ပြီးတော့မှ ခုနကလို ဘဏ္ဍာငွေကို ကျနော်တို့ ချပေးတာ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီဖက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကျနော်တို့ ထင်သာမြင်သာနဲ့ လုပ်ကိုင်သွားနေတယ်ဆိုတာ ဒါလေး ကျနော် ပထမအချက်အနေနဲ့ ဖြေချင်ပါတယ်။

ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

ဒုတိယအချက်အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ ဒီမှာ အားလုံးလည်း ကျနော်တို့ သိပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ နိုင်ငံမှာ များပါတယ်။ တရာကျော်လောက်ရှိတဲ့အတွက်ကြောင့် ပြဿနာတွေလည်း အထိုက်အလျှောက် များပါတယ်။

လွတ်လပ်ရေး ရပြီးကတည်းက လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့တဲ့ ဒီ လက်နက်ကိုင် ပဋိပက္ခတွေက ကျနော်တို့အစိုးရ တက်လာပြီး ကတည်းက ရှိနေဆဲပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ရှိနေသမျှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တော်တော်လေး ကျနော်တို့ ခက်ပါတယ်။ ကျနော်တို့ အစိုးရ တက်လာတဲ့ အခါမှာ နှစ်ပေါင်း ၆၀ လောက် ပြောကြမယ် ဆိုရင်တော့ ကမ္ဘာမှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခပါ ပဲ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ဒီ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုပြီးတော့ ကျနော်တို့ အစိုးရ တက်လာလာခြင်း ပဲ၊ ဒီလို ကြေညာပြီး ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ၁၁ ဖွဲ့ ရှိပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်ပါတယ်။ ပထမ အဆင့်ကတော့ ဒီအဖွဲ့တွေ ရှိနေတဲ့ နယ်စပ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် လုပ်ဖို့၊ ဒုတိယအဆင့်ကတော့ ကျနော်တို့ ပြည်ထောင်စုအဆင့်ကနေ လုပ်ဖို့၊ စံနစ်တကျ ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဆိုတာ ကျနော်ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူပြီး လုပ်နေတာ ဖြစ်ပါတယ်။

နောက်ထပ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ သမ္မတကြီး ဦးဆောင်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ အခြေအနေလေးတွေ ကောင်းမွန်လာတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ပြန်လည်ပြီး ထူထောင်ဖို့အတွက် Peace Committee Center ဆိုပြီး တရက်နှစ်ရက်အတွင်းမှာ ဖွဲ့သွားဖို့ ရှိပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နေရာမှာ ပထမအဆင့်က ပြည်နယ် အဆင့်၊ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအစိုးရ အဆင့်၊ ပြည်ထောင်စုအစိုးရ အဆင့်မှာ ကျနော်တို့ သဘောတူညီချက်တွေ အထိုက်အလျှောက် ရပြီးပြီဆိုလို့ ရှိရင်၊ နိုင်ငံရေးပိုင်းတွေကတော့ အချိန်ယူပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်း အချိန်ယူပြီး ဆွေးနွေးဖို့အတွက် တတိယအနေနဲ့ လွတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီး ပါ ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေလည်း အများကြီး ပါ ပါတယ်။ တတိယအဆင့်ကျရင်တော့ လွှတ်တော်ကို ပို့ဆောင်ပေးပြီးတော့မှ လွှတ်တော်ထဲမှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခြေပြုပြီးတော့ ဆက်ပြီး ဆွေးနွေးမယ်ဆိုတာ ဒီလို မူဝါဒ ၃ ရပ် ချပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ အောင်မြင်တာတွေလည်း ရှိပါတယ်။ ပြောရမယ် ဆိုလို့ရှိရင် လက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၁၀ ဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ရပ်စဲသလောက် ရှိပါတယ်။

ပထမဆုံး အကျိုးကျေးဇူး ခံစားရတာကတော့ အဲဒီဒေသနေ တိုင်းရင်းသားပြည်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ ပြည်သူတွေက တကယ့်ကို အေးအေးချမ်းချမ်းနဲ့ အန္တရာယ်ကင်းကင်းနဲ့ ကိုယ့်ရဲ့ ပရိယေတ၀ ၀မ်းစာကို ရှာဖွေပြီး စားသောက် နေနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ခြောက်ဆယ်အတွင်းမှာ ရတောင့်ရခဲ ဆုလာဘ် ဖြစ်ပါတယ်။ သို့သော်လည်း ပစ်ခတ်တိုက်မှုလေးတွေ တချို့တော့ ကျန်ရှိဆဲ ဖြစ်ပါတယ်။ ဒါတွေကလည်း အသေးအမွှားပါ ပဲ။ ကျနော်တို့ ဘယ်လောက်ပဲ လုပ်လုပ်၊ အောက်ခြေမှာက အောက်ခြေအထိ ကျနော်တို့ ရည်ရွယ်ချက်တွေ၊ မူဝါဒ တွေ မရောက်နိုင်တာလည်း ပါ ပါတယ်။ သူ့ဘက်ကိုယ့်ဘက် ဒါလေးတွေကတော့ ရှိတာကလည်း အနည်း အကျဉ်းလောက်ပါ ပဲ။

ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ အစောကကျနော်ပြောသလိုပါပဲ အခုနက ပဋိပက္ခတွေဟာ ဒီဘက်ပိုင်းမှာ တနှစ်ကျော်လောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေဟာလည်း အင်မတန်မှ ကျနော်တို့ များပါတယ်။ မီးရထားလမ်းတွေ မိုင်းဖောက်ပြီး ဖျက်ဆီးခံရတာတွေ၊ ကားလမ်းတွေ ဖျက်ဆီးခံရတာတွေ ရှိတယ်။ တံတားတွေ မိုင်းချိုးခံရတာတွေ ရှိတယ်။ နောက်တခါ ကျနော်တို့ လျှပ်စစ်တွေ သိပ်ပြီးတော့ လိုအပ်နေတဲ့ အချိန်မှာ တာပိန်ရေအားလျှပ်စစ်လို ဟာမျိုးက ကျနော်တို့ စက်ရုံ တည်ပြီးပါပြီ၊ ထုတ်ရုံပဲ ကျန်တော့တယ်။ နောက်တခါ ကျနော်တို့ မီဂါဝပ် ၉၀ လောက်ထွက်တဲ့ ချီဗွေရေအားလျှပ်စစ်က ပေးနေနိုင်ပါတယ်။ သိုသော်လည်း တိုင်းပြည်ရဲ့ လုံခြုံရေး အခြေအနေအရ ထုတ်ယူပြီး မသုံးစွဲနိုင်ပါဘူး။ ဒီကြားထဲမှာ ရွှေလီကနေ ယူပြီးတော့ လုပ်နေတဲ့ စီမံကိန်းတခု ရှိနေတယ်။ ရွှေလီက ဓါတ်အားလိုင်းတွေ သွယ်တန်းတဲ့ နေရာမှာ တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးလိုက်တဲ့အတွက်ကြောင့် လျှပ်စစ်တွေ ပြတ်တောက်ခဲ့ရပါတယ်။ ဒီဟာက ဒီဒေသတင် မဟုတ်ပါဘူး။ တတိုင်းပြည်လုံးအတွက် ရိုက်ခတ်တဲ့ ဆုံးရှုံးမှုမျိုးတွေ ဖြစ်ပါတယ်။

နောက်တခုကလည်း နှစ်ဘက်၊ ကျနော်တို့ ဒီဘက်က စစ်သည် အရာရှိ အကြပ်တပ်သားတွေ၊ KIA ဘက်ကလည်း တပ်သား၊ အကြပ်၊ အရာရှိတွေ နှစ်ဘက်မှာ သေဆုံးတာတွေ ဒဏ်ရာရမှုတွေက တနှစ်ကျော်အတွင်းမှာ တော်တော်များများ သေဆုံးရတာတွေ များပြားပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်းစရာ ဒေသတွင်းမှာ ရှိနေတဲ့၊ တိုက်ပွဲကြားမှာ ရှိနေတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေကို စွန့်ပစ်ပြီးတော့မှ လုံခြုံစိတ်ချရတဲ့ နီးစပ်ရာနေရာတွေမှာ ခိုအောင်းနေရတယ်။ ဒါတွေဟာလည်း သောင်းဂဏန်းလောက် ရှိမယ်။ ကျနော်တို့ဘက်တွေမှာ ရှိသလို ဟိုဘက်မှာလည်း ရှိပါတယ်။ ဒီလူတွေဟာ ဘယ်လောက်ပဲ ကျွေးမွေးထားနိုင်တယ် ဆိုပေမယ့်လည်း ကိုယ့်ဒေသမှာ ကိုယ်နေသလောက် အဆင်မပြေပါဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်းမာရေး၊ ဆေးဝါးကုသဖို့ အခက်အခဲ ရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ။

ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး ရချင်ပါတယ်။ ငြိမ်းချမ်းရေး အမြန်ဆုံး ရစေချင်ပါတယ်။ အလွန် ရစေချင်ပါတယ်။ အခုနက ရှင်းပြတဲ့ ဆုံးရှုံးမှုတွေဟာ တကယ်တော့ ကျနော်တို့ ဆုံးရှုံးမှုတွေဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ ပြောကြမယ်ဆိုရင် KIA စစ်သားတယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်သလို ဒီဘက်က ဗမာစစ်သားတယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒီ အဆုံးအရှုံးတွေကို ထောက်ပြပြီးတော့မှ KIA အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်တွေ လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး အကြိမ်ပေါင်း တော်တော်များများ သူတို့နဲ့ မျက်နှာချင်းဆိုင် ထိတွေ့ ဆွေနွေးတာတွေ ရှိသလို၊ ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာတွေလည်း ရှိပါတယ်။

ဒီဟာကလည်း စိတ်ရှည် သည်းညည်းခံပြီးတော့ လုပ်သွားခြင်းအားဖြင့် ကျနော်တို့ရဲ့ စေတနာကို နားလည်လာမယ်ဆိုလို့ ရှိရင်တော့ မကြာခင်မှာ ကချင်ပြည်နယ်ဟာလည်း တခြားဒေသတွေလို ငြိမ်းငြိမ်းချမ်းချမ်း ရှိသွားမယ် ဆိုပြီးတော့ ကျနော် ယုံကြည်ပါတယ်။ စောစောက ဆုံးရှုံးမှုတွေ မကဘဲ ခဲယမ်းတွေထက် အသက်ဆုံးရှုံးမှုတွေဟာ အင်မတန်မှ များပြားပါတယ်။ နောက်တခုက လမ်းတွေ ဖြတ်ထားတယ်။ ရထားလမ်းတွေ မိုင်းခွဲ ခံထားရတာတွေ၊ တံတားတွေ ဖျက်ထားတာတွေ၊ လျှပ်စစ် တာဝါတိုင်တွေ ကျနော်တို့ ချိုးတာတွေ၊ ဒီ ဆုံးရှုံးမှုတွေဟာ ပမာဏအားဖြင့် အန်မတန်မှ များတယ်လို့ ပြောရပါမယ်။ တိတိကျကျ ကိန်းဂဏန်းအားဖြင့် ကျနော်မှာ မရှိပါဘူး။ ပစ်ခတ်တိုက်ခိုက်တာတွေထက် ဆုံးရှုံးတာကတော့ လူ့ရဲ့အသက်တွေပါ ပဲ။ အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ဒါတွေဟာ အခုနကလို အတိုင်းအဆ ပမာဏ များပြားပါတယ်။ ကျနော်အနေနဲ့ ဒီလိုပဲ ဖြေချင်ပါတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 24 2012 08:07 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005