ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ရွှေညဝါဆရာတော် တရားပွဲ ကျင်းပရန် စီစဉ်နေ

ရွှေညဝါဆရာတော် ဘဒ္ဒန္တ အရှင် ပညာသီဟ ဟာ အမေရိကန်အတွင်း ဓမ္မဒါန၊ ဓမ္မပူဇာ တရားပွဲများ ကျင်းပလာခဲ့တာ အခုဆိုရင် မြို့ တော်တော် စုံလင်သွားပြီးဖြစ်ကာ ကနေဒါနိုင်ငံကို ဆက်လက် ကြွချီပြီး တရားဒေသနာတော်များ ဟောကြားရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

ကနေဒါနိုင်ငံအတွက် ပထမဆုံးတရားပွဲတော်ကို 5175,Dumfries street, Vancouver မှာရှိတဲ့ Kensington Community Center ရဲ့ အဆောက်အဦတွင်းမှာ ဟောပြောမှာ ဖြစ်ပါတယ်။ ထို တရားပွဲ ဖြစ်မြောက်ဖို့အတွက် ဝါရှင်တန်ပြည်နယ်မှာ ရွှေညဝါဆရာတော် တရားလာဟောစဉ် ၂၀၁၂၊ စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက ပင့်လျှောက် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ စီစဉ်သူများကတော့ ကနေဒါနိုင်ငံ ဗုဒ္ဓရံသီဘုန်းကြီးကျောင်း ဂေါပကများ ဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုတင်နွယ်နဲ့  ကိုကိုလေးတို့ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ဟာ နိုဝင်ဘာ ၁ ရက်နေ့တွင် ကနေဒါနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဗုဒ္ဓရံသီကျောင်းမှာ ရက်သတ္တပတ်ကြာ သီတင်းသုံး နေထိုင်မှာ ဖြစ်ကြောင်း၊ ၂၀၁၂၊ နိုဝင်ဘာ ၃ ရက် (စနေနေ့) ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ တရားပွဲ ကျင်းပမှာ ဖြစ်ကြောင်း၊ ဗန်ကူးဗား ဘီစီရှိ မြန်မာနိုင်ငံသား ဓမ္မမိတ်ဆွေများထံ သက်ဆိုင်ရာ စီစဉ်သူတို့က ဖိတ်စာ ပို့ထားကြောင်း သိရပါတယ်။

ရွှေညဝါဆရာတော်ဟာ ဗန်ကူးဗားတွင် သီတင်းသုံးပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့တွင် တိုရန်တိုမြို့သို့ ဆက်လက်ကြွချီပြီး တရားသဘင် ဆင်ယင် ကျင်းပရန် ပြင်ဆင်ထားပါတယ်။ ရွှေညဝါဆရာတော်ရဲ့ ကနေဒါနိုင်ငံ တရားပွဲများနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုပါလျှင် ကိုတင်နွယ် ( +1 604 817 1693 ) သို့  စုံစမ်းနိုင်ပါတယ်။

ရွှေညဝါဆရာတော်ဟာ ရန်ကုန်မြို့ ကြည်မြင်တိုင်၊ နတ်စင်လမ်းရှိ ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးတွင် နှစ်ပေါင်း ၂၀ ကြာ သံဃာတော်များ၊ သီလရှင်များကို စာဝါ ပို့ ချပေးခဲ့ပါတယ်။ ထေရဝါဒသာသနာ တည်တံ့စည်ပင်ရေးအတွက် တပည့်ပေါင်း ၁,၀၀၀ ကျော် နှစ်စဉ် မွေးထုတ်ကာ သာသနာပြုခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်များက ရွှေည၀ါဆရာတော်အား ၂၀၁၁ မှ ၂၀၁၂ အထိ တရားဟော ပိတ်ပင်ထားခဲ့ပြီး ထိုကာလအတွင်း မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲမှာ မိနစ် ၄၀ ခန့်  သြဝါဒပေးခဲ့ခြင်းကို အာဏာပိုင်များက ငြိုငြင်ခဲ့ပါတယ်။ ထို့နောက် တရားဟောခွင့် ပိတ်ထားခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေည၀ါဆရာတော်အား အာဏာပိုင်များက ဗုဒ္ဓတက္ကသိုလ်က ထွက်ခွာရန် အမိန့်ချခဲ့ပါတယ်။ ထိုအချိန်မှ စတင်ကာ ရွှေည၀ါဆရာတော်ဟာ မှော်ဘီတွင် သီတင်းသုံးလျက် ရှိပါတယ်။ ရွှေညဝါဆရာတော် တရားပွဲများ၌ တရားနာယူရင်း မှော်ဘီကျောင်းဆောင်သစ် အမြန်ဆုံး တည်ဆောက်နိုင်ရန် လှူဒါန်းဒါနပြုနိုင်ကြောင်း အကျိုးတော်ဆောင်များက ဆော်သြထားကြောင်းလည်း သိရပါတယ်။
သတင်း - ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီ ရွှေညဝါဆရာတော် တရားပွဲ ကျင်းပ စီစဉ် - Oct 22 2012 11:36 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005