ဗိုလ်ကျော်ဇော ကွယ်လွန်တဲ့သတင်းကို အစိုးရသတင်းစာတွင် ဖော်ပြ

အောက်တိုဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်စာ မှ

တရုပ်နိုင်ငံ ကူမင်းမြို့တွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန် အနိစ္စရောက်တဲ့သတင်းကို ၂၀၁၂၊ အောက်တိဘာ ၁၂ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာများတွင် ဖော်ပြထားပါတယ်။ ထိုသို့ ဖော်ပြရာ၌ မြန်မာ့တပ်မတော်တွင် ဗိုလ်ကျော်ဇော တာဝန်ယူစဉ် အမြင့်ဆုံး ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ရာထူးနဲ့တကွ ရေးသားထားပါတယ်။

ဗိုလ်ကျော်ဇောဟာ စစ်ရေးအရ ထူးချွန်ပြောင်မြောက်တဲ့ မြန်မာတပ်မှူးတဦးဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးစ အချိန်ရဲ့ အရေးကြီးတဲ့ တိုက်ပွဲများကို ဦးဆောင်ကာ အောင်ပွဲရအောင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ရာထူး တာဝန် ထမ်းဆောင်နိုင်သူအဖြစ် အများက ယုံကြည် မျှော်လင့်နေချိန် ၁၉၅၇ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။

ယင်းသို့ ရာထူးမှ ဖယ်ရှားပစ်ခဲ့ရာတွင် တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှို့ဝှက်ချက် ပေါက်ကြားမှုကြောင့် ဖြစ်တယ်လို့ စစ်တပ်ဘက်က အကြောင်းပြသော်လည်း ဗိုလ်ကျော်ဇော ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူး တာဝန်ထမ်းဆောင်ပါက ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူနေတဲ့ ဗိုလ်နေ၀င်းရဲ့ အာဏာကို ထိပါးလာနိုင်တဲ့အတွက် ရမယ်ရှာကာ ထုတ်ပယ်ခံရသူဖြစ်တယ်လို့ စစ်တပ်ရော၊ အရပ်ဖက်ကပါ သုံးသပ်ခဲ့ကြပါတယ်။ မြန်မာ့တပ်မတော်အတွင်း၌ ဗိုလ်ကျော်ဇောရဲ့ သြဇာ ကြီးမားလွန်းတဲ့အတွက် ၁၉၅၇ ခုနှစ်မှ စတင်ကာ ဗိုလ်နေ၀င်းရဲ့အမိန့်နဲ့ ဗိုလ်ကျော်ဇောရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ခဲ့ကြပါတယ်။

မြန်မာသတင်းစာမှာ ဖော်ပြထားတဲ့ ဗိုလ်ကျော်ဇောသတင်းတွင် ၁၉၄၉ ခုနှစ်အတွင်း အင်းစိန်တိုက်ပွဲကို အောင်မြင်စွာ ကွပ်ကဲနိုင်ပြီး ရန်ကုန်မြို့ကို ကာကွယ်နိုင်ခဲ့တဲ့အပြင် ပဲခူး၊ ဖြူးနဲ့ တောင်ငူမြို့တို့ကို ဆက်လက် သိမ်းယူနိုင်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ် KMT တရုပ်ဖြူများအား တိုက်ထုတ်တဲ့ ဘုရင့်နောင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့ကြောင်း ရေးသားထားပါတယ်။ (ဗိုလ်မှူးကြီးဟောင်း တင်မောင် (မြတ်ထန်) ရဲ့ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်၊ တက္ကသိုလ်တင်စိန်ရဲ့ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း၊ အောင်ဆန်းသူရိယ ရဲဘော်လှသောင်း အပါအ၀င် လွတ်လပ်ရေးရပြီးခါစ စစ်သမိုင်းများ ရေးသားထားတဲ့ စာအုပ်များ၌ ပြည်တွင်းစစ် တိုက်ပွဲများအကြောင်း လေ့လာနိုင်ပါတယ်။)

ဝန်ကြီး ဦးအောင်မင်းက ဗိုလ်ကျော်ဇောရဲ့ မိသားစုများထံ စာတစောင် ပေးပို့ခဲ့ကြောင်းကို ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ၌ “ဗမာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇောရဲ့ မိသားစုဝင်တွေဆီကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၀မ်းနည်းကြောင်းစာကို ဒီကနေ့ အောက်တိုဘာ ၁၁ က ပေးပို့လိုက်ပါတယ်။ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောတို့ကို လေးစားအားကျပြီး သူလည်း စစ်တပ်ထဲ ၀င်ခဲ့တာ ဖြစ်တဲ့ အကြောင်း၊ အခုလို ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်ခဲ့လို့ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း ၀မ်းနည်းကြေကွဲကြောင်း၊ အစိုးရ၀န်ကြီး တဦးအနေနဲ့လည်း ၀မ်းနည်းမိပါကြောင်း ၀န်ကြီး ဦးအောင်မင်းက ရေးသား ထားတယ်လို့ ဦးအောင်မင်းနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။ ဗိုလ်ချုပ်ကျော်ဇော မကွယ်လွန်မီ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်နိုင်အောင် မစီစဉ် ပေးနိုင်ခဲ့လို့လည်း သူ့ကိုယ်သူ အားမရဘူး၊ အခုတော့ ကွယ်လွန်သွားခဲ့ပြီမို့ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲပါတယ်လို့ ၀န်ကြီး ဦးအောင်မင်းက သူ့ဝမ်းနည်းကြောင်းစာမှာ ရေးသားထားတယ်လို့ သိရပါတယ်။“ လို့ ရေးသားထားပါတယ်။

မြန်မာစစ်တပ်ဟာ တပ်မတော်အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကျော်ဇောရဲ့ အခန်းကဏ္ဍကို နှစ်ပေါင်း ၆၀ ကျော် အမှောင်ချထားပြီးနောက် မကွယ်လွန်မီ ဆေးရုံတက်ကာ ဆေးဝါးကုသနေစဉ် မြန်မာအာဏာပိုင်ဘက်က ပြန်လည် ဆက်သွယ်ခဲ့ကာ ကွယ်လွန်ပြီးနောက်တွင် မြန်မာသတင်းစာမှာ နာရေးသတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။
သတင်း - ဗိုလ်ကျော်ဇော ကွယ်လွန်တဲ့သတင်းကို အစိုးရသတင်းစာတွင် ဖော်ပြ - Oct 12 2012 08:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005