သမ္မတအကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခန်း (၃)

၂၀၁၂ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းမှာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို သွက်သွက်လက်လက် လုပ်ဆောင်နေကြတာကို တွေ့ရတယ်။ ထို လုပ်ငန်းစဉ်ကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားလက်နက်ကိုင်၊ တက်ကြွလှုပ်ရှားသူတွေ့ သက်ဆိုင်ရာနေရာကနေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ထိုသို့ ဆောင်ရွက်နေသူများအနက် မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲကိစ္စများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူ ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခွင့် ကြုံခဲ့ရပါတယ်။ ထိုသို့ မေးမြန်းခွင့် ပြုတဲ့ ဦးလှမောင်ရွှေကိုလည်း ယနေ့မြန်မာအနေနဲ့ ကျေးဇူးဥပကာယ အထူးတင်ရှိပါတယ်။

ဦးလှမောင်ရွှေနဲ့ မေးမြန်းမှုကို ၂၀၁၂ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး နယူးယောက်မှ ၀ါရှင်တန်ဒီစီမြို့တော်ဆီ မော်တော်ကားနဲ့ ခရီးသွားနေတဲ့ ဦးလှမောင်ရွှေကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အတွင်းကျကျ လေ့လာမယ်ဆိုရင် မမြင်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတာကို မြင်တွေ့ရနိုင်ပါတယ်။ ထို အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ၊ ဘာတွေ လုပ်ကိုင်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေ ပြောပြတဲ့ စကားများအနက် ဖော်ပြခွင့်ရသမျှ တတိယနဲ့ နောက်ဆုံးပိုင်းကို အားလုံးအတွက် ဝေမျှလိုက်ပါတယ်။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ ခင်ဗျ။ တဖက်နဲ့ တဖက် ညှိကြတဲ့အခါ ဘယ်ဘက်ကမှ ကိုယ်လိုချင်တာရဲ့ တရာ ရာခိုင်နှုန်း ဖြစ်လာဖို့က အများကြီး လိုနေဦးမှာပဲ လေ။ ဒီ အခြေအနေမျိုးမှာ အတူတကွ အလုပ်လုပ်ကြတဲ့အခါ (စက်တင်ဘာ ၂၉ ရက်နေ့ ဆွေးနွေးပွဲကိုပြန်ကြည့်ရင်) တချို့ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ မြင်တာ၊ ဖြစ်စေချင်တာကို ဇောင်းပေးကြတာ၊ အခြားတဘက်က ဘာ့ကြောင့် မလုပ်ဖြစ်နိုင်တာလဲဆိုတာကို ထည့် စဉ်းစားတာ နည်းနေတယ်ဆိုတာကို တွေ့ရတယ် လေ။ အဲဒီလို ဖြစ်နေတဲ့ အမြင် သုံးသပ်မှုတွေကို ပြောင်းလဲနိုင်ပစ်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အစ်ကို့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ် ပြောကြားပေးစေလိုပါတယ်။

ဦးလှမောင်ရွှေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး စတင် တွေ့ဖို့ကိစ္စတွေက စပြီးတော့ အခုနောက်ဆုံး သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နယူးယောက်မှာ တွေ့ဖို့ကိစ္စအထိ ကျွန်တော်တို့ ပါတယ်။ ဆရာတို့ အခုနက ပြောတဲ့ ယုံကြည်မှု ပေါ့။ တခါမှ လူချင်း မတွေ့နိုင်တဲ့ ပုဂ္ဂိုလ်နှစ်ယောက် ယုံကြည်မှု တည်ဆောက်ဖို့ကတော့ ဖြစ်ရင် ဖြစ်မယ်၊ ခက်မယ်လို့ ပြောရမယ်။ ဥပမာ - ၂၀၀၈ အခြေခံဥပဒေကို ကျွန်တော်တို့ အများအားဖြင့် မကြိုက်ဘူး။ အထူးသဖြင့် ပြည်ပက ရောက်နေတဲ့ အတိုက်အခံတွေ မကြိုက်ဘူး။ ဒါလည်း မကြိုက်သင့်ဘူး။ ဒါပေမယ့် ပြုပြင် ပြောင်းလဲရေးကို လေ့လာထားတဲ့ မြန်မာပညာတတ်တွေက ဒါဟာ ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စ ပဲ။ ဒီကနေတဆင့် ချဲ့သွားလို့ရတယ်ဆိုတဲ့ ပညာရပ်တွေ ပေါ့ ဗျာ။ အဲဒီလို ပုဂ္ဂိုလ်တွေက ဒါတွေကို ပြောတော့ ကျွန်တော်တို့က ဒါတွေကို စဉ်းစားလာရတယ်။ ဒီ ညှိနှိုင်း ဆွေးနွေးနိုင်တဲ့ ကိစ္စကနေ ဘယ်လို ချဲ့ထွင်မလဲ။ ဘယ် အာဏာရှင်ကမှ ဒီမိုကရေစီ ပေးမှာ မဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ် ရွှေ့ရတာပဲ လေ။ ဒါမျိုးကို ကျွန်တော် ဆိုလိုတာပါ ပဲ။

ရှေ့သွားမယ့် မြန်မာ့နိုင်ငံရေးဟာ ဒီမှာ ပါဝင်ပတ်သက်တဲ့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လောက် တည်ကြည် ရင့်ကျက်သလဲ၊ ပြည်သူ့အတွက် နိုင်ငံရေးမျှော်လင့်ချက် ဘယ်လောက် မြင့်သလဲဆိုတဲ့အပေါ်မှာ မူတည်မယ် ထင်တယ်။

တိုင်းရင်းသားတွေထဲမှာလည်း လူတော်တွေ ရှိပါတယ်။ ဥပမာ CNF ကနေ ဒုတိယခေါင်းဆောင်အဖြစ် လိုက်လာတဲ့ ဆလိုင်းမုန်ကျုံးလျှံဆိုရင် ဆွေးနွေးပွဲမှာ နှစ်ခါ ပါတယ်။ သူ့ကို ကျွန်တော်တို့ ဖိတ်တယ်။ ကူညီနိုင်တာ ကူညီဖို့ မေတ္တာရပ်ခံတယ်။ သူဆိုရင်လည်း ဒေါက်တာဘွဲ့ရသူတဦး ဖြစ်တယ်။ ကျွန်တော်တို့က သာမာန်နိုင်ငံသားတွေ ပါ။ ဒီလို ဘာသာရပ်အလိုက် တော်တဲ့ မြန်မာများ ပေါ့၊ တိုင်းရင်းသားများ သည် (သဘောတူတာ ရှိမယ်၊ သဘောမတူတာ ရှိမယ်။) ကျွန်တော်တို့ရဲ့ နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ ဘယ်လို ပါဝင်ပြီးတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်း ပါဝင်မယ်ဆိုတဲ့ ကိစ္စ၊ ကျွန်တော်တို့က ဘယ်လို လိမ္မာပါးနပ်စွာ ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက အဖြေလို့ ထင်ပါတယ်။

အမေရိကားမှာ ရှိတဲ့ မြန်မာတွေကို ကျွန်တော်က တော်တော့်ကို အထင်ကြီးထားခဲ့တယ်။ ဒါပေမယ့် စက်တင်ဘာ ၂၉ ရက်နေ့က ကျွန်တော် နားထောင်တော့ သူတို့က ဖြစ်တော့ ဖြစ်စေချင်တယ်။ ဒါပေမယ့် သူတို့ (တက်လာသူတချို့) လေ့လာထားတာတွေက အများကြီး မဟုတ်ဘူးလို့ ခံစားမိပါတယ်။

ယနေ့မြန်မာ။ ။ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဖြစ်လာနိုင်မယ့် အခက်အခဲတွေကို အမြင်မတူညီကြတာတွေ ကြားထဲကနေ မြန်မာအသိုင်းအ၀ိုင်းအကြား၊ တိုင်းပြည် ဖွံ့ဖြိုးအောင် လုပ်ကြမယ့်သူတွေအကြား ဘယ်လို သဘောတူညီမှုရလာအောင် လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြောပြစေလိုပါတယ်။

ဦးလှမောင်ရွှေ။ ။ စက်တင်ဘာ ၂၉ ရက် နယူးယောက် ဆွေးနွေးပွဲကို ပြန်ကြည့်ရင် လာ နားထောင်ကြသူတွေအနေနဲ့ ၀န်ကြီး ဦးစိုးသိန်း ပြောတဲ့ စကားတွေကနေ စဉ်းစားစရာတွေ ရမသွားနိုင်ဘူးလား ဆရာ ရယ်။ အခုလို မြန်မာမိသားစု အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေဆီမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ရိုးသားမှုတွေတော့ ရှိရမယ်လို့ ကျွန်တော် မြင်တယ်။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သူ့ အသိနဲ့ အတွေ့အကြုံကို ရိုးရိုးသားသား ပြောသွားတယ်။ ဒီတော့ လာကြတဲ့ မြန်မာမိသားစုတွေက သူ့ကို ယုံကြည်ရင် သူ့ကို အောင်မှတ် ပေးမှာပဲ။ ဂုဏ်ထူးပေးမှာပဲ။ ဒါပေမယ့် အဲဒီလိုပွဲမျိုး မြောက်များစွာ ပြုလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားဖို့ လိုတယ်။ တဖက်နဲ့တဖက် ညှိနှိုင်း ဆွေးနွေးတဲ့ ယဉ်ကျေးမှု ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ မထွန်းကားသေးဘူး။ ဒီလို မထွန်းကားတာကို ထွန်းကားလာအောင် လုပ်ပေးကြရမယ်။

ကျွန်တော်တို့ Egress ဆိုရင်လည်း အခက်အခဲပေါင်း များစွာထဲက လုပ်ခဲ့ကြရတာပဲ။ ဘာလို့ လုပ်နေကြတာလဲလို့ မေးရင် ကျွန်တော်တို့အနေနဲ့ ယုံကြည်တာကို ကျွန်တော်တို့နိုင်ငံအတွက် ကြိုးစားပြီး လုပ်ပေးချင်တယ်။ ကျွန်တော်တို့ တိုင်းပြည်၊ နိုင်ငံသားတွေ ရှိမယ်၊ ဒိအတွက် ကျွန်တော်တို့ ကောင်းအောင် လုပ်မယ်။ သမ္မတကြီး ဦးသိန်းစိန် ကောင်းအောင်လုပ်တယ်လို့ ကျွန်တော် ယုံတယ်။ ပြုပြင် ပြောင်းလဲလိုတဲ့ ၀န်ကြီးပေါင်းများစွာ ရှိတယ်။ တယောက်နဲ့တယောက် ပုံစံ မတူတာ ရှိမယ်။ သူတို့ တဖြေးဖြေးနဲ့ ယုံကြည်မှုရှိပြီး လုပ်လာလိမ့်မယ်။ အဲဒီလို ယုံကြည်မှုရှိပြီး လုပ်ဖို့ဆိုတာက ဆရာတို့လို ပြည်ပမှာ ရှိတဲ့ ပါဝင်ပတ်သက်သူတွေနဲ့ များများ တွေ့ဖို့၊ ဆွေးနွေးဖို့၊ အမြင်ချင်း ဖလှယ်ဖို့ လိုတယ်။ ဒီလိုနဲ့ တစုံတခု ယုံကြည်မှု ရလာပြီးတော့ ဆရာတို့အားလုံးဟာလည်း ဖြစ်စဉ်မှာ ပါလာမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ရဲ့ ဖြစ်စဉ်မှာလည်း ဒီသဘောလို့ ကျွန်တော် နားလည်တယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းကလည်း ဖီလီဒဲဗီးယားက မြန်မာထမင်းဆိုင်မှာ အဲဒီဒေသမှာ ရှိတဲ့ မြန်မာတွေနဲ့ တွေ့ဖြစ်တယ်။

ကျွန်တော် ထောက်ပြလိုတာက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ ပထမဦးဆုံး ငြိမ်းချမ်းရေးအတွက် ဦးအောင်မင်း စတဲ့အချိန်ကတည်းက ကျွန်တော်တို့အနေနဲ့ တိုက်တိုက်ဆိုင်ဆိုင် လိုက်ပါခွင့် ရခဲ့တယ်။ ရတဲ့အချိန်မှာပဲ ကျွန်တော်တို့ သမ္မတကြီးအနေနဲ့ ရော၊ ကျွန်တော့်အနေနဲ့ ရော မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ လုပ်အားတွေ အများကြီး ပါသင့်တယ်ဆိုတာကို စဉ်းစားတယ်။ ပါသင့်တယ်ဆိုပေမယ့် ဥပမာ - ဦးမြင့်လှိုင်နဲ့ ကျွန်တော်က အခုမှ သိတာ၊ အဲဒီလိုမှ မသိရင် ဘယ်လိုမှ ဦးမြင့်လှိုင်ကို ပြောလို့ မရဘူး။ အဲဒီတော့ ကျွန်တော် သိတဲ့ ဦးဟန်ညောင်ဝေ၊ ဦးဘိုဘိုကျော်ငြိမ်း၊ ဦးညိုအုန်းမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးအောင်သူငြိမ်းတို့နဲ့ စပြီး ကျွန်တော်က ဦးအောင်မင်းနဲ့ မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပေးပြီးတော့ အစိုးရက သွားတဲ့ပုံစံကို ရှင်းပြတယ်။ သူတို့ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ိုင်းကူဖို့ မေတ္တာရပ်ခံတယ်။ သူတို့လည်း စဉ်းစားပြီးတော့ ကူနိုင်တာတွေ ကူဖို့ ဆိုပြီးတော့ ၂၀၁၂ နိုဝင်ဘာလမှာ ဦးဟန်ညောင်ဝေတို့ဘက်က စီစဉ်ပေးတဲ့အတွက် ၂၀၁၂၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းလို့ ပြောရမလားတော့ မသိဘူး။ ထိုင်းနိုင်ငံ၊ ချင်းရိုင်မှာ တရက်ထဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့နဲ့ ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေးတာကို စ ခဲ့တယ်။

ပြန် ပြောရင် ပြည်ပကို ရောက်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ အကူအညီ မပါရင် အဲဒီ ဆွေးနွေးပွဲက မဖြစ်နိုင်ဘူး။ အဲဒီ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲတွေကြောင့် ၂၁ ရက်နေ့မှာ ကေအဲန်ယူနဲ့ ဆွေးနွေးနိုင်တယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ မစ္စကလင်တန် မြန်မာနိုင်ငံကို လာတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ အက်စ်အက်စ်အေ တောင်ပိုင်း ဗိုလ်ချုပ်ကြီး ယွတ်စစ်တို့နဲ့ လက်မှတ်ထိုးနိုင်တယ်။ ကေအဲန်ယူက လွဲရင် ကျန်တဲ့ အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ပြောပြချင်တာက ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ပထမဆုံး လူချင်းတွေ့တယ်။ ဆွေးနွေးတယ်။ ယုံကြည်မှုတခု တည်ဆောက်လာနိုင်တဲ့အခါ မတူတာ ခဏ ထား၊ တူတာကို လုပ်ရင်းနဲ့ ကျွန်တော်တို့အတွက် တိုးတက်မှုတွေ ရလာနိုင်တယ်လို့ ဆိုချင်တာပါ။
ဆက်သွယ် မေးမြန်းခြင်း - သမ္မတအကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခန်း မြင့်လှိုင် - Oct 15 2012 12:52 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005