သမ္မတအကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခန်း (၂)

၂၀၁၂ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို သွက်သွက်လက်လက် လုပ်ဆောင်နေကြတာကို တွေ့ရတယ်။ ထို လုပ်ငန်းစဉ်ကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားလက်နက်ကိုင်၊ တက်ကြွလှုပ်ရှားသူတွေ့ သက်ဆိုင်ရာနေရာကနေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ထိုသို့ ဆောင်ရွက်နေသူများအနက် မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲကိစ္စများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူ ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခွင့် ကြုံခဲ့ရပါတယ်။ ထိုသို့ မေးမြန်းခွင့် ပြုတဲ့ ဦးလှမောင်ရွှေကိုလည်း ယနေ့မြန်မာအနေနဲ့ ကျေးဇူးဥပကာယ အထူးတင်ရှိပါတယ်။

ဦးလှမောင်ရွှေနဲ့ မေးမြန်းမှုကို ၂၀၁၂ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး နယူးယောက်မှ ၀ါရှင်တန်ဒီစီမြို့တော်ဆီ မော်တော်ကားနဲ့ ခရီးသွားနေတဲ့ ဦးလှမောင်ရွှေကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အတွင်းကျကျ လေ့လာမယ်ဆိုရင် မမြင်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတာကို မြင်တွေ့ရနိုင်ပါတယ်။ ထို အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ၊ ဘာတွေ လုပ်ကိုင်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေ ပြောပြတဲ့ စကားများအနက် ဖော်ပြခွင့်ရသမျှရဲ့ ဒုတိယပိုင်းကို အားလုံးအတွက် ဝေမျှလိုက်ပါတယ်။

ယနေ့မြန်မာ။ ။ အခုလို ပြုပြင် ပြောင်းလဲမှု လုပ်တဲ့အခါ မြန်မာပြည်လို တံခါးပိတ်ပြီး တင်းတင်းကြပ်ကြပ် ချုပ်ကိုင်တဲ့ စနစ်ကနေ လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်တခုကို ပြောင်းတဲ့အခါ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ စဉ်းစားတွေးခေါ်ပုံတွေ ပြောင်းဖို့ လိုအပ်တယ်ဆိုတာမျိုးကို ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့အခါ ပြုပြင် ပြောင်းလဲချင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြုပြင် ပြောင်းလဲနိုင်တဲ့ အခင်းအကျဉ်းတွေ ဖြစ်လာအောင် လုပ်ဖို့ဆိုတာ အစ်ကိုတို့အတွက်ဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်မယ်၊ စတင် လုပ်ကိုင်ခဲ့စဉ်က အခက်အခဲတွေ အများကြီး ရှိခဲ့မယ်လို့ နားလည်ပါတယ်။ ဒီတော့ နောက် ကြုံလာမယ့် စိန်ခေါ်မှုတွေကို ပြုပြင် ပြောင်းလဲလိုတဲ့ပုဂ္ဂိုလ်များအနေနဲ့ ဘယ်အတိုင်းအတာအထိ အားလုံးကို ဆွဲခေါ်သွားနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ ခင်ဗျ။

ဦးလှမောင်ရွှေ။ ။ ဟုတ်ကဲ့။ စက်တင်ဘာ ၂၉ ရက် မြန်မာမိသားစုနဲ့ တွေ့တဲ့ပွဲမှာ မြန်မာအများစုရဲ့ မျှော်လင့်ချက်က တော်တော့်ကို ကြီးမားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ မျှော်လင့်ချက်တွေမှာ ဘာကို တွေ့ရသသလဲလို့ ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းမှာ တကယ်ရှိတဲ့ အခြေအနေတွေကို အဝေးရောက်နေတဲ့ မြန်မာတွေ နားလည်ဖို့တော့ ခက်နေလိမ့်မယ်ဆိုတာကို သွား တွေ့တယ်။ ဒီ ၀န်ကြီးတွေအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ သမ္မတအနေနဲ့လည်း ရှိနေတယ်။ လွှတ်တော်မှာလည်း အများကြီး ရှိတယ်ဆိုတာ သူတို့ သိကြတယ် ဗျ။ ဒီလမ်းကလွဲရင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာနိုင်ဖို့ ဘာလမ်းမှ မရှိဘူးဆိုတော့ သူတို့ကိုယ်တိုင်လည်း သံဓိဋ္ဌာန်ချထားတယ်။ စက်တင်ဘာ ၂၉ ရက် တွေ့ဆုံပွဲမှာ ဒိထက်ပို အများကြီးလာမယ်လို့ မျှော်လင့်တယ်။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် မလာနိုင်ဘူး။ ၀န်ကြီးအနေနဲ့ သူ လာ ရှင်းပြခွင့် ရတယ်။ သူ့ကို မေးခွန်းတွေ အများကြီး မေးတယ်။ သူလည်း ပြန် ဖြေခွင့်ရတဲ့အတွက် သူ့ကိုယ်သူလည်း ယုံကြည်မှု ပိုရှိလာတယ်။ ခင်ဗျားတို့ကလည်း တစုံတခုအထိ နားလည်မှု ပေးနိုင်လိမ့်မယ်ဆိုရင် သူတို့မှာ ပိုပြီး မျှော်လင့်ချက်တွေ၊ သတ္တိတွေ ရှိလာမယ်။ သူတို့ သွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ယုံယုံကြည်ကြည်နဲ့ လုပ်နိုင်မယ်ဆိုရင် ခင်ဗျား စောစောက ပြောတာတွေ ဆက် ဖြစ်သွားမယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ရှေ့က ဒီလို ဒီမိုကရေစီ ပြောင်းလဲရေးဘက် သွားရင်းနဲ့ မဖြစ်ခဲ့တာတွေ ရှိတယ်ဆိုတာကို ထည့်သွင်း စဉ်းစားရမယ် ပေါ့ လေ။ အားလုံးက ၀ိုင်းပြီး ကြိုးစားရင်တော့ အခုနက ပြောတဲ့ စိန်ခေါ်မှုတွေကို ကျော်သွားနိုင်မယ်။ ဒါပေမယ့် ဘယ်လောက် ကျော်နိုင်မလဲဆိုတာကတော့ ဘယ်လောက် မြန်မာတွေ ၀ိုင်း ပါဝင်မလဲ၊ ၀ိုင်း လုပ်မလဲ၊ ဘယ်လောက် ၀ိုင်း နားလည်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်မယ် ထင်တယ် ဗျ။

ယနေ့မြန်မာ။ ။ အစ်ကိုတို့ဆိုရင် ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ ကြိုးစားခဲ့တဲ့အတွက် အတိုင်းအတာတခုအထိ အောင်မြင်နေပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ မြန်မာအသိုင်းအ၀ိုင်းမှာက အပြစ်မြင် ဝေဖန်တာမျိုးတွေ ရှိနေဆဲ ဖြစ်တာကိုလည်း တွေ့ရပါတယ်။ မြန်မာပြည်အတွက် တွေးခေါ်မှုဆိုင်ရာ အပြောင်းအလဲ လုပ်ရာမှာ အစိုးရဘက်၊ အတိုက်အခံနဲ့ ပြည်သူများဘက်ကလည်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ အစ်ကိုတို့လည်း သိရှိပြီးသား ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အားလုံးအတွက် လိုအပ်နေတဲ့ တွေးခေါ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် အစ်ကို့အနေနဲ့ တခုခု ပြောပေးပါလား ခင်ဗျ။

ဦးလှမောင်ရွှေ။ ။ ဒီလို ခင်ဗျ။ ကျွန်တော် ၀န်ကြီး ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့နဲ့ ငြိမ်းချမ်းရေး တို့၊ အခြား တွေ့ဆုံ စည်းဝေးပွဲတွေမှာ နိုင်ငံခြားသားတွေ ရော၊ ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေရော မေးလာတဲ့ မေးခွန်းတွေ ရှိတယ် ခင်ဗျ။ သူတို့တွေဟာ အခု ဖြစ်နေတဲ့ ရလဒ်တွေ ရမယ်လို့ တခါမှ အိပ်မက် မမက်ဖူးဘူး၊ မစဉ်းစားမိဘူးလို့ ပြောတယ်။ ဆိုလိုချင်တာက မြန်မာ Egress လို အဖွဲ့က ၂၀၀၅၊ ၂၀၀၆ လောက်ကတည်းက မျှော်လင့်ချက်တချို့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ဒီလောက်ရမယ်လို့ မထင်ခဲ့တာ။ ကျွန်တော်တို့က တကယ့် လက်တွေ့ အကောင်အထည် ဖော်သူတွေ မဟုတ်ဘူး လေ၊ အားပေးသူတွေ။ ကျွန်တော်တို့ တွေးထင်ထားတာထက် မြန်နေတယ်၊ နိုင်ငံရေးမှာဆို ရှေ့ကို ရောက်နေတယ်။ ဒါပေမယ့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကို ပြုပြင် ပြောင်းလဲဖို့ဆိုတာ အချိန် အတော်ကို ယူကြရလိမ့်ဦးမယ်။

ဦးမြင့်လှိုင်တို့ကိုလည်း ဦးစိုးသိန်းက သူတို့မှာလည်း သူတို့ တတ်နိုင်တဲ့ အခြေအနေ၊ လုပ်အားနဲ့ လုပ်နေရာတယ်ဆိုတာကို ပြောပြခဲ့တာပဲ။ စက်တင်ဘာ ၂၉ ရက်နေ့ လာခဲ့ကြသူတွေဟာ ဘာ နိုင်ငံကူးလက်မှတ်ပဲ ကိုင်ထား ကိုင်ထား၊ မြန်မာနိုင်ငံကို ချစ်တဲ့သူတွေ၊ တိုးတက်စေလိုသူတွေ၊ မြန်မာနိုင်ငံသားတွေလို့ ပြောရမှာပဲ လေ။ သူတို့လည်း သူတို့ စဉ်းစားနိုင်တာ၊ ပြောနိုင်တာ၊ တတ်နိုင်တာကို စဉ်းစားနေ၊ တွေးနေတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံက သူတို့ ဖြတ်သန်းလာတဲ့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင်လိုမျိုး မဟုတ်ဘူး။

ကျွန်တော်တို့ ပြောပြောနေတာက ရှေ့မှာ စိန်ခေါ်မှုတွေက အများကြီး ပဲ။ ဒီ စိန်ခေါ်မှုတွေကို အားလုံးက အောင်မြင်စေချင်မှာပဲ။ ဒါတွေ ဖြစ်အောင် အကောင်အထည် ဖော်တဲ့နေရာမှာ တယောက်နဲ့တယောက် မတူတာပေါ့ နော်။ ကျွန်တော် နိုင်ငံခြားသားတွေနဲ့ ပြောတဲ့အခါ သတိထားမိတာက သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲနေတာကို ယုံတယ်။ သမ္မတကြီးကလည်း ပြည်သူလူထု ပြောတာကို နားထောင်တယ်။ စဉ်းစား လုပ်ကိုင်တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ လိုလားချက် ၁၀၀ ရာနှုန်း လုပ်ပေးဖို့ ဆိုတာက သူ့ရဲ့ အခြေအနေပေါ်မှာ စဉ်းစားပြီး လုပ်ပေးရတာမျိုး ဖြစ်တယ်လို့ ထင်တယ်။

အရင်တုန်းကနဲ့ အခုအခြေအနေကို ဦးမြင့်လှိုင် ပြန် စဉ်းစားကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေတွေကြောင့် (ဘယ်သူ့ကိုမှ ကျွန်တော်တို့ အပြစ်တင်တာ မဟုတ်ဘူး။) ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ ပြုပြင်ပြောင်းလဲအောင် မလုပ်တဲ့အတွက် အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့တာ၊ ဗီဇာကန့်သတ်တာတွေ လုပ်ထားတယ်။ ဗီဇာကန့်သတ်မှုကို သံတမန်တွေကို ဖွင့်ပေးလိုက်တဲ့ နှစ်ပတ်လောက်က စပြီးတော့ ၀န်ကြီးတွေ ရောက်လာတယ်။ မြန်မာမိသားစုနဲ့ တွေ့တယ်။ ဆိုလိုတာကတော့ ဖြစ်စဉ်က မျှော်လင့်မထားဘူး။ သူတို့ကိုယ်တိုင်လည်း ပြင်ဆင် မထားဘူး။ ဒါပေမယ့် ကောင်းစေချင်တဲ့ ဆန္ဒနဲ့ အားလုံး ပြောတာကို နားထောင်ပြီး ကြိုးစားလုပ်ကိုင်နေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

မြန်မာနိုင်ငံ ကောင်းစားတာ မြင်ချင်သူအားလုံးအနေနဲ့ အကောင်အထည်ဖော်တဲ့အခါ အကောင်အထည်ဖော်တဲ့ပုံစံ မတူဘူးပေါ့ ဆရာ ရယ်။ စက်တင်ဘာ ၂၉ ရက်နေ့က မေးခွန်းတွေ တော်တော်များများ ကြည့်လိုက်တယ်။ ကြည့်လိုက်တော့ မေရီလဲန်းမှာ မေးတဲ့ မေးခွန်းတွေက တော်တော်လေး ပိုပြီး လက်တွေ့ပိုဆန်ပြီး နယူးယောက်ဘက်က မေးတာတွေက တချို့နေရာတွေမှာ အချက်အလက်နဲ့ လွဲပြီး အမြင်လွဲနေတာတွေကို တွေ့ရတယ်။

ကျွန်တော်တို့လည်း ဆရာတို့ရဲ့ Burma Today ကို ဖတ်တာပဲ ဗျ။ အခုမှ လူချင်းက တွေ့ဘူးတာ လေ။ လူချင်းတွေ့ဘူးတော့ ကျွန်တော်တို့က တွေ့ဆုံ ဆွေးနွေးကြတာ မဟုတ်တောင် စပြီးတော့ ယုံကြည်မှု တည်ဆောက်တာတွေ ရှိလာမယ်။ နောက်ပိုင်းမှာ ရင်းနှီးလာနိုင်တယ်။ အတွေးအမြင် ဖလှယ်လာနိုင်တယ်။ မတူတာ ခဏထားပြီး တူတာတွေ လုပ်နိုင်တယ်ဆိုတာ၊ စားပွဲဝိုင်းမှာ ဆုံဖို့ ဆိုတာမျိုး ပေါ့။

အခု တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာကလည်း တကယ် စားပွဲဝိုင်းပေါ်မှာ ရောက်ပြီး ဆွေးနွေးရင် ထိုက်သင့်တဲ့ အရွေ့၊ ပြောင်းလဲမှုတွေ ရတယ်။ တခါထဲနဲ့ ပြီး ပြည့်စုံဖို့ဆိုတာက အကောင်အထည် ဖော်တဲ့ လူတွေရဲ့ လုပ်နိုင်မှု၊ နိုင်ငံရေးအရ အားသွန်ခွန်စိုက် လုပ်ဆောင်မှုတွေအပေါ်မှာ မူတည်တယ် ခင်ဗျ။
ဆက်သွယ် မေးမြန်းခြင်း - သမ္မတအကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခန်း မြင့်လှိုင် - Oct 13 2012 06:33 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005