ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန်

irrawaddy.org

အသက် ၉၃ နှစ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော (ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဦးတင်) ဟာ ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၃ နာရီခွဲတွင် တရုပ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ရှိသွားကြောင်း သိရပါတယ်။ ဗိုလ်ကျော်ဇောဟာ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တည်ရှိရာဒေသကို မိသားစုလိုက် ထွက်ခွာခဲ့ပါတယ်။ ထိုသို့ ထွက်ခွာခဲ့ပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို စစ်ကော်မရှင်ဝင်တဦးအဖြစ် စစ်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် သမီး ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော ၊ သား ဦးအောင်ကျော်ဇော နှင် မြေး ၇ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဗိုလ်ကျော်ဇော ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ မြန်မာပြည် ကွန်မြူနစ်ပါတီ ကြေငြာချက်တွင် “သူသည် ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲနှင့် ဖက်ဆစ်တော်လှန်ရေးတို့တွင် ထင်ရှားလာသည့် တပ်မှူးတဦး ဖြစ်သလို နိုင်ငံအတွင်းသို့ ကျူးကျော် ခြေချလာသော ကူမင်တန် တရုပ်ဖြူတပ်များကို ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ်ပေးနိုင်သူ၊ ဤ စွမ်းဆောင်ချက်ကြောင့် တိုင်းပြည်၏ သူရဲကောင်းအဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုခံရသူလည်း ဖြစ်သည်။“ လို့ ဖော်ပြထားပါတယ်။ ဗိုလ်ကျော်ဇောဟာ တိုက်ခိုက်မှု ကျွမ်းကျင်သူ တပ်မှူးတဦး ဖြစ်သလို မြန်မာစစ်တပ်အတွင်း အများက ကြည်ညိုလေးစားသူခေါင်းဆောင်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ် တည်ထောင်စဉ်ကာလက လူငယ်အများ စိတ်ဝင်စားကြတဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်သူတဦးဖြစ်တဲ့ ဗိုလ်ကျော်ဇောဟာ ဗမာပြည် ကွန်မြူနစ်ပါတီ ဒုတိယအကြိမ် ကွန်ဂရက်နဲ့ တတိယအကြိမ် ကွန်ဂရက် နှစ်ခုစလုံးက တင်မြှောက်ခံရတဲ့ နောက်ဆုံး ဗဟိုကော်မတီဝင် ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ကျော်ဇောကို ဗမာ့တပ်မတော်က ထုတ်ပယ်လိုက်ရာ ထို ဖြစ်ရပ်ဟာ ဒီကနေ့ ဗမာ့တပ်မတော်ရဲ့ အယူအဆ၊ အတွေးအခေါ်များအား မွေးဖွားစေသူ၊ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်သူ ဗိုလ်နေ၀င်း (သခင်ရှုမောင်) ရဲ့လက်ချက် မကင်းဘူးလို့ လေ့လာသူအချို့က သုံးသပ်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ အရိုးပြာကို ရန်ကုန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အနီးတွင် ရှိနေသင့်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဖော် ပြောကြားထားပြီး အရိုးပြာကို ဘယ်မှာ ထားမလဲဆိုတာ မိသားစုက ဆုံးဖြတ်ပါလိမ့်မယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ ကြေငြာချက်တွင် ဖော်ပြထားပါတယ်။

ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ် ကျော်ဇော) မကွယ်လွန်မီက အချိန်အတန်ကြာ ဆေးရုံတက် ဆေးဝါးကုသမှု ခံခဲ့ပြီး မကွယ်လွန်မီ ရွှေတိဂုံဘုရားကို ဖူးမြှော်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြောင်း၊ ထို သဘောထားနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်များက ရဲဘော်သုံးကျိပ်ဝင်တဦးအနေနဲ့ မြန်မာပြည်ကို ပြန်လာစေလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်များအနက် ဗိုလ်ရဲထွဋ်နဲ့ ဗိုလ်ကျော်ဇောသာ သက်ရှိထင်ရှား ရှိနေရာ ဗိုလ်ကျော်ဇော ကွယ်လွန်သွားတဲ့အတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် တဦးသာ သက်ရှိထင်ရှား ကျန်ရစ်ဆဲ ဖြစ်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ ထူးချွန် ပြောင်မြောက်တဲ့ အရည်အချင်းများနဲ့ စစ်ရေးစွမ်းရည်များဟာ မြန်မာ့တပ်မတော်အတွက် အထူး အရေးပါခဲ့ပါတယ်။ သို့သော်လည်း နှောင်းခေတ် မြန်မာစစ်ဗိုလ်များအနေနဲ့ ဗိုလ်ကျော်ဇောရဲ့ ကိုယ်ရေးရာဇ၀င်၊ ထူးချွန်တဲ့ ဆောင်ရွက်ချက်များအား သိရှိနိုင်တဲ့အခွင့်အရေး အလွန်နည်းပါးခဲ့ပါတယ်။ ဗိုလ်ကျော်ဇော ကွယ်လွန်ခြင်းဟာ သက်ဆိုင်ရာ မိသားစု၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုတရပ် ဖြစ်ပါတယ်။
သတင်း - ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန် - Oct 11 2012 11:22 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005