ရှားခဲအင်း လေလံကိစ္စ ဆန္ဒပြကြရာ နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာ ရရှိ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်ကျေးရွာရှိ ရှားခဲအင်းအား လုပ်ငန်းရှင်များကို လေလံတင်ပြီး လုပ်ပိုင်ခွင့်ပေးခြင်းကို ဒေသခံများ မကျေနပ်မှုမှ စတင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ကြရာ နောက်ဆုံး ဖြစ်ပျက်တဲ့ ၂၀၁၂၊ စက်တင်ဘာ ၂၇ ရက်နေ့ ဖြစ်ရပ်တွင် အာဏာပိုင်များ လက်ချက်ကြောင့် ရွာသား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး ကုသနေရကြောင်း သတင်း ရရှိပါတယ်။

၂၀၁၂၊ စက်တင်ဘာ ၂၇ ရက်နေ့က ဖြစ်ပျက်တဲ့ ကိစ္စကတော့ ဒေသခံတဦးကို အင်းပိုင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်ယူ စစ်ဆေးပြီး ရိုက်နှက်ရာ သေဆုံးသွားခဲ့ကြောင်း၊ ထို သေဆုံးမှုကို မကျေနပ်တဲ့ ရွာသားများက ၀ိုင်းဝန်း ဆန္ဒပြရာ ဒေသခံ ရဲတပ်ဖွဲ့က ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် နောက်ထပ် တဦး ထပ်မံ သေဆုံးပြီး သုံးဦးက ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး ကုသနေရကြောင်း သိရပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး ပုသိမ်ရှိ ဒု တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဟင်္သာတဆေးရုံများသို့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းရာ ဖြေကြားပေးမယ့် တာဝန်ရှိသူများ မအားလပ်သေးကြောင်း၊ ပြန်လည် ဆက်သွယ်စေလိုကြောင်း ပြောပြကြပါတယ်။

ရှားခဲအင်းအား လေလံပစ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၂ မေလပိုင်းအတွင်းက သက်ဆိုင်ရာ ကျေးရွာသားများက ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့က ဟန့်တားမှုများ ပြုလုပ်ခဲ့ပါတယ်။ အခုတခါမှာတော့ ရှားခဲအင်းကို လေလံရရှိထားသူနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံရွာသားတဦးအား ဆည်ဝကို ဖျက်ဆီးတယ်ဆိုပြီး ခေါ်ယူ ရိုက်နှက် စစ်ဆေးရာ သေဆုံးသွားခဲ့ပါတယ်။ ထို အဖြစ်ကို မကျေနပ်တဲ့ ရွာသားများက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဆီ သွားရောက်ကြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုရာ ဒေသခံရဲက ပစ်ခတ် နှိမ်နင်းရာမှ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ အင်းများအား လေလံပစ်ပြီး လုပ်ပိုင်ခွင့် ပေးမှုနဲ့ ပတ်သက်လို့ ဒေသခံ ရွာသားများက မကျေမနပ်မှုများ ရှိနေကြောင်း၊ လုပ်ပိုင်ခွင့်ရရှိသူများက ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပါအ၀် အာဏာပိုင်များကို အသုံးပြုပြီး ဒေသခံရွာသားများအား ဖမ်းဆီး ချုပ်နှောင်ခြင်းများ ပြုလုပ်တတ်ကြောင်း၊ ထိုသို့ အာဏာသုံး ဆောင်ရွက်မှုများကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် ရေလုပ်ငန်းကိုသာ အားထားနေရတဲ့ ကျေးရွာသားများ အခက်အခဲ တွေ့နေရကြောင်း သိရပါတယ်။

(ဖိုးထိန်နဲ့ ပြည်သူ့သတင်းထောက် ပေးပို့တဲ့သတင်းကို မြင့်လှိုင် ရေးသားပါတယ်။)
သတင်း - ရှားခဲအင်း လေလံကိစ္စ ဆန္ဒပြကြရာ နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာ ရရှိ - Sep 28 2012 02:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005