လာခြင်းကောင်းတဲ့ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီး

၂၀၁၂ စက်တင်ဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း မျက်နှာဖုံး

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၂ စက်တင်ဘာ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီ ၃၅ မိနစ်က နယူးယောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့အတူ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင် အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလာခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ ယခင်က မြန်မာဝန်ကြီးချုပ်ရာထူးနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိခဲ့ရာ ဦးသိန်းစိန်တို့ ယာဉ်တန်းကို ဆန္ဒပြဖို့ စောင့်နေကြသူများထဲမှ နယူးယောက်နေ မြန်မာလူငယ်တဦးက စီးထားတဲ့ ဖိနပ် ချွတ်ပြီး လှမ်း ပေါက်လိုက်တာကို ကြုံခဲ့ရပါတယ်။

အခုတခေါက် ဦးသိန်းစိန်ရဲ့ နယူးယောက် ခရီးစဉ်မှာတော့ ဆန္ဒပြမှုတွေ ကြုံဘွယ်ရာလမ်းစ မမြင်တော့သလို အမေရိကန် ခေါင်းဆောင်ဟောင်း၊ ခေါင်းဆောင်သစ်တွေနဲ့ ရွှေလမ်း ငွေလမ်း ဖောက်နေတာကို ကြားသိ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ ကုလဆိုင်ရာ မြန်မာသံရုံး ရုံးစိုက်ရာ အရှေ့ ၇၇ လမ်းက The Mark ဟိုတယ်မှာ အဖွဲ့ဝင်များနဲ့အတူ တည်းခိုလျက် ရှိပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ဦးသိန်းစိန် တည်ခိုရာဟိုတယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ဦးသိန်းစိန်ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ် အကြားကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေသလားလို့ မေးတဲ့အခါ နေ့နဲ့ ည မှားနေလို့ အနားယူချင်ကြောင်း ပြန် ပြောခဲ့ပြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို မစု၊ ပိန်သွားတယ်လို့ ပြန် ပြောခဲ့ကြောင်း ဘီဘီ မြန်မာပိုင်း ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါတယ်။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ ဓါတ်ပုံကို စက်တင်ဘာ ၂၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားပါတယ်။

နယူးယောက်ကို ရောက်ရှိနေတဲ့ ဦီးသိန်းစိန်ဟာ စက်တင်ဘာ ၂၆ ရက်နေ့က အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် (လက်ရှိ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီကလင်တန်ရဲ့ ခင်ပွန်း) ၊ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာတွင် နာမည်ကျော်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီကလင်တန်၊ ထိုင်း ၀န်ကြီးချုပ် ယဉ်လတ် ရှင်နာ ၀ပ်ထရာ (Yingluck Shinawatra) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး ညနေပိုင်းတွင် နယူးယောက် Asia Society ၌ ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြီးအကဲ ဖြစ်ပါတယ်။

ဦးသိန်းစိန်နဲ့ ဟယ်လာရီကလင်တန် တွေ့ဆုံပွဲမှာ သွင်းကုန်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့ကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့ပါတယ်။ အမေရိကန်ခရီးစဉ်မတိုင်မီ တရုပ်ပြည်ခရီးစဉ်အတွင်း ဦးသိန်းစိန်က အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်လာသော်လည်း တရုပ်နဲ့ ဆက်ဆံရေးကို ထိခိုက်ဘွယ် မရှိကြောင်း တရုပ်ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သတင်း - လာခြင်းကောင်းတဲ့ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီး - Sep 27 2012 03:32 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005