နယူးယောက် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ပြင်ပက ရိုဟင်ဂျာ ဆန္ဒပြမှု

ဆန္ဒပြနေကြသူများ

နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်တွင် ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပတဲ့အခါ ဆန္ဒပြပွဲ ကျင်းပဖို့ အစီအစဉ်ရှိကြောင်း အပါအ၀င် သတင်းအတော်များများကို အစောကြီးကတည်းက ကြိုပြီး သိထားခဲ့ပါတယ်။ ဒါ့ကြောင့် တချို့ကိစ္စတွေ ပွဲ စီစဉ်တဲ့ မိတ်ဆွေကို ကြိုတင် အသိပေးထားခဲ့ပါတယ်။

သို့သော် အထူးအထွေ ပူပန်မှုကတော့ မရှိခဲ့ပါ။ ပွဲ ကျင်းပတဲ့ ခန်းမထဲမှာ ဆူပူမှု တခုခု ဖြစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်မှာ၊ ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်တခုခု ဖြစ်မှာ စိုးရိမ်ခဲ့ရုံအပြင် ထူးထူးခြားခြား ပူပန်မှု မရှိခဲ့ပါ။ နံနက် ၁၀ နာရီ ၁၅ မိနစ် ခန်းမတံခါး ပိတ်ခါနီးအချိန် ဆန္ဒပြမယ့်သူတွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ရခဲ့ပါတယ်။ တချို့ကိုလည်း မြင်လိုက်ရပါတယ်။ ခန်းမတွင်းကို လူစုလူဝေးနဲ့ ၀င် မလာဘဲ သက်ဆိုင်ရာ ကျောင်းဝင်းပြင်ပမှာ ဆန္ဒပြဖို့ ပြင်နေကြတာဆိုတော့ ဒီလိုမျိုး အဖြစ်အပျက်ဟာ သိတ် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါ။

နေ့လည် ၁၂ နာရီအချိန် ခန်းမထဲက လူတွေ ထွက်လာကြတော့ ဆန္ဒပြသူတွေကို ကြည့်သူက ကြည့်ကြ၊ ကိုယ့်အိမ်ကို ပြန်တဲ့သူက ပြန်ကြနဲ့ အခြေအနေက ပုံမှန်ပါပဲ။ ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ ပြန် ရှင်းပြသူက ရှင်းပြ၊ ဆန္ဒပြသူတွေက ပြန် ပြောကြနဲ့ ဖြစ်နေတုန်း ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှာ ဆန္ဒပြပွဲ ဦးဆောင်သူတဦးကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ (ပြဿနာက အဲဒီမှာပဲ စ သွားတယ်လို့ ပြောရမလား မသိပါဘူး။)

ကနဦး ပြောနေကြတာက အင်္ဂလိပ်လို ဖြစ်နေကြတော့ မြန်မာလို ပြောတတ်သူ ပါသလား၊ မပါသလား ဒွိဟဖြစ်နေကြတုန်း မြန်မာလို ကောင်းကောင်း ပြောပြတဲ့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးနဲ့ စကား ပြောဖြစ်ခဲ့ပါတယ်။ သူက စပြီး “ကျွန်တော်တခု ပြောပြမယ်နော်။ ကျွန်တော်တို့က သူ့ကို လာပြီး ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က International Media ကနေပြီး attention ယူတာပဲ။“ လို့ ပြောပါတယ်။ (ထိုအချိန် တယောက်တမျိုး ပြောနေကြရာတဲ့ကြားက မေးခွန်းတွေ ရအောင် မေးဖြစ်လိုက်ပါတယ်။ မေးနေ ဖြေနေချိန် လူတွေ ပိုပြီး ၀ိုင်းလာကြ၊ မေးနေ ဖြေနေတာကို နားထောင်ကြနဲ့ လူအုပ်စုက ပို များလာပါတယ်။ ဆန္ဒပြသူတွေကို မေးခွန်းတွေ မေးတာ ကိုယ်တယောက်ထဲများ ဖြစ်နေမလားပဲ။)

မေးကြည့်တဲ့အခါ ဆန္ဒပြသူတဦးက “အောင်ဆန်းစုကြည်က Nobel Prize Winner ဖြစ်တယ်။ နောက်ပြီးတော့ Human Rights Defender တယောက် ဖြစ်တယ်။ ရိုဟင်ဂျာတွေလည်း တခြားလူသားတွေလိုပဲ လူသားပဲ။ သူတို့တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေအားလုံးကို တခြားလူတွေ ပြောသလိုမျိုး ရိုဟင်ဂျာအတွက် နာမည်သုံးပြီး ရဲရဲဝံ့ဝံ့ ပြောပါလို့ ကျွန်တော် ဒီနေရာက ပြောတယ်လို့ ပြောတယ်။“ လို့ ရှင်းပြပါတယ်။ ထပ်ပြီး မေးတဲ့ မေးခွန်းတွေကို သူတို့ ပြန် ဖြေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အစား အောင်ဆန်းစုကြည်လို့ ခေါ်ဝေါ်သုံးစွဲတဲ့အတွက် အရင်က နယူးယောက်မှာနေပြီး အခု ၀ါရှင်တန် ဒီစီမှာ နေတဲ့ မိတ်ဆွေတဦးက အောင်ဆန်းစုကြည်အစား ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဖို့ ပြောနေရာကနေ စိတ်လိုက်မာန်ပါနဲ့ တခုခု ဖြစ်ကြမလို ဖြစ်သွားတော့ ၀ိုင်း ဆွဲကြ၊ ထိမ်းကြ သိမ်းကြဆိုသလို ဖြစ်သွားပါတယ်။

ဆန္ဒပြကြတဲ့အဖွဲ့မှာ အမျိုးသားကြီး တယောက်နှစ်ယောက်၊ လူရွယ် အမျိုးသားတယောက် တွေ့ရပြီး အမျိုးသမီးတချို့နဲ့ ကလေးငယ်တွေ ဆယ့်လေးငါးယောက်က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲများကို သပိတ်မှောက်တဲ့ ပုဂ္ဂိုလ်များလည်း ရှိတယ်ဆိုတာ ပွဲတွေ ပြင်ဆင်နေကတည်းက သိနေပါတယ်။ ရိုဟင်ဂျာတွေကလွဲလို့ အခြား ဘယ်သူတွေက ဘာ့ကြောင့် သပိတ်မှောက်ကြတယ်ဆိုတာကိုတော့ ဘယ်သူ့ကိုမှ မပြောခဲ့သလို လောလောဆယ်အချိန်အထိလည်း တခြားသူတဦးဦးကို ပြောပြဖို့ မစဉ်းစားဖြစ်သေးပါဘူး။ (နောင်တချိန်ကျ ပြောဖြစ်ချင် ပြောဖြစ်မှာပေါ့။)

ရိုဟင်ဂျာတွေ ဆန္ဒပြပွဲ ကျင်းပနေစဉ်က မေးမြန်းခဲ့၊ ဓါတ်ပုံတွေ ရိုက်ယူခဲ့သော်လည်း တကယ်တမ်း သတင်း ဖော်ပြဖို့ ချင့်ချိန်ရင်း နောက်ဆုံး မရေးဘဲထားတာက ပို ကောင်းပါတယ် လေ လို့ စဉ်းစားမိတဲ့အတွက် သတင်း မရေးဖြစ်ခဲ့ပါ။ သို့သော် ရေးကြသားကြတာတွေ တွေ့လာရတော့ ရုန်းရင်းဆန်ခတ်ပုံစံ ဖြစ်ခဲ့စဉ် ကိုယ်က ကြားထဲမှာ ရှိနေခဲ့တာမို့ သိခဲ့တာတွေ၊ မြင် တွေ့ ကြားတာတွေ ပြန် ပြောတဲ့သဘော သတင်းဆောင်းပါးပုံစံပဲ ရေးလိုက်ပါတယ်။ ဓါတ်ပုံ သုံးပုံလည်း ဖော်ပြလိုက်ပါတယ်။

(ကနဦးက အသံဖိုင်ကို ဖော်ပြဖို့ စဉ်းစားဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ မဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောင်တချိန် အေးအေးဆေးဆေးမှပဲ နားထောင်ကြတာပေါ့။ ရိုဟင်ဂျာလို့ ဘာလို့ ရေးတာလဲဆိုတော့ ဆန္ဒပြသူတွေက သူတို့ဟာ ရိုဟင်ဂျာပါ လို့ ပြောတဲ့အတွက် ဖြစ်ပါတယ်။)

ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားသူ

ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဝေါ်ရန် ပြောဆိုရာမှ ဒေါသမထိန်းနိုင် ဖြစ်သွားသူ

သတင်း - နယူးယောက် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ပြင်ပက ရိုဟင်ဂျာ ဆန္ဒပြမှု - Sep 26 2012 12:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005