အားလုံးက စိတ်ဝင်စားနေကြတဲ့ iPhone 5 ဝေဒနာ
yahoo.com

yahoo.com

အိုင်ပေါ့ဒ် (iPod) ၊ အိုင်ကျွန်း (iTune) ၊ အိုင်ဖုန်း (iPhone) ၊ အိုင်ပက်ဒ် (iPad) ၊ အိုင်ကလောင်းဒ် (iCloud) စသည်ဖြင့် အိုင် ဝေဒနာများကို ဖန်တီးခဲ့တဲ့ အက်ပဲလ် (Apple) ကုမ္ပဏီက သူတို့ အသစ် ထုတ်လုပ်လိုက်တဲ့ အိုင်ဖုန်းဖိုက်ဖ် (iPhone 5) ကို ၂၀၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့ တွင် စတင် ဖြန့်ချိခဲ့ပါတယ်။ ကမ္ဘာတလွှားက ပြည်သူများစွာဟာ သက်ဆိုင်ရာမြို့များရှိ အရောင်းဆိုင်များမှာ အိုင်ဖုန်းဖိုက်ဖ် (iPhone 5) ရဖို့ စိတ်လှုပ်ရှားစွာ တန်းစီ စောင့်စားခဲ့ကြသလို အခုအချိန်မှာတော့ လက်ထဲကို ရောက်လာတဲ့ အိုင်ဖုန်းကို စိတ်လှုပ်ရှားစွာ အသုံးပြုနေကြမှာ ပါ။

အသစ် ထုတ်လုပ်လိုက်တဲ့ အိုင်ဖုန်း ဖိုက်ဖ်ဟာ အရင်က ထုတ်ထားတဲ့ အိုင်ဖုန်းများထက် ပိုမို ပါးလွှာ၊ ပေါ့ပါးကာ အရင်ဖုန်းများထက် နည်းနည်းလေး ပို ရှည်ပြီး မျက်နှာစာအကျယ် လေးလက်မ ရှိပါတယ်။ ကျောဘက်ကို အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့အတွက် ပျက်စီးမှုကို ပိုမို ခံနိုင်ပါတယ်။ အရင်က အိုင်ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ 30 Pin Connector အစား Lightning Connector လို့ အမည်ပေးထားတဲ့ ပိုမို သေးငယ်တဲ့ ၀ိုင်ယာကြိုးနဲ့ ဆက်သွယ်မှုပစ္စည်းကို သုံးစွဲထားပြီး နားကြပ်တပ်တဲ့နေရာကို ပြောင်းထားပါတယ်။

အက်ပဲလ်ဟာ အိုင်ဖုန်း ဖိုက်ဖ်ကို အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာရှနဲ့ သြစတေလျတို့မှာ တပြိုင်တည်း ရောင်းချခဲ့ပြီး တန်းစီ ၀ယ်ယူသူ အရေအတွက်ဟာ အိုင်ဖုန်း ဖိုး အက်စ် (iPhone 4S) တုန်းကထက် ၇၀ ရာခိုင်နှုန်း ပိုများမယ်လို့ ခန့်မှန်းကြပါတယ်။ အိုင်ဖုန်း ဖိုက်ဖ်ကို အွန်လိုင်းက မှာယူမှုဟာ အိုင်ဖုန်း ဖိုး အက်စ် တုန်းကထက် နှစ်ဆ ပိုမို များပြားခဲ့တယ်လို့ အက်ပဲလ်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အိုင်ဖုန်း ဖိုက်ဖ် ဖြန့်ချိ ရောင်းချခြင်းကြောင့် အက်ပဲလ်ရဲ့ အစုရှယ်ယာဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ၂၀၁၂ စတုတ္ထလေးလပတ် အမေရိကန်စီးပွားရေးအတွက် အိုင်ဖုန်း ဖိုက်ဖ် ရောင်းချခြင်းကနေ ၀င်ငွေ ၃.၂ ဘီလီယံ ရရှိစေနိုင်မယ်လို့ ဂျေ ပီ မော်ဂန် (JPMorgan) ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ထို ၀င်ငွေဟာ ဖီဂျီနိုင်ငံရဲ့ တနှစ်ဝင်ငွေနီးပါး ရှိပါတယ်။

အက်ပဲလ်ရဲ့ အိုင်ဖုန်းတွေဟာ လက်ကိုင်ဖုန်း အသုံးပြုမှု အလေ့အထ၊ အမူအကျင့်တွေကို များစွာ ပြောင်းလဲစေခဲ့ပါတယ်။ ထို့အပြင် Smart Phone လို့ ခေါ်တဲ့ တယ်လီဖုန်း ဆက်သွယ်တာထက် များစွာ ပိုမို လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ဖုန်း အမျိုးအစား များစွာ ပေါ်ထွက်စေခဲ့ပြီး အခုအခါမှာ လက်ကိုင်ဖုန်းဟာ အင်တာနက် အသုံးပြုခြင်း၊ လမ်းညွှန်မြေပုံကြည့်ခြင်း၊ သီချင်း နားထောင်ခြင်း၊ ဂိမ်း ကစားခြင်း၊ သတင်းစကား အပြန်အလှန် ပေးပို့ခြင်း၊ မှတ်စု မှတ်ခြင်း၊ ဈေးဝယ်ခြင်း၊ ရုပ်ရှင် ဗီဒီယို ကြည့်ခြင်း စသည်ဖြင့် ကွန်ပြူတာအငယ်စားလေး အသုံးပြုသလို သုံးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အိုင်ဖုန်းတွေ ပေါ်လာပြီးနောက် လက်ကိုင်ဖုန်းဈေးကွက်နဲ့ လက်ကိုင်ဖုန်း အသုံးပြုမှုပုံစံတွေ ပြောင်းလဲလာခဲ့သလို ဈေးကွက်ရဲ့ ပြိုင်ဆိုင်မှုကလည်း ပိုမို ပြင်းထန်လာပါတယ်။ အခုအချိန်မှာ ဈေးကွက်ထဲက အိုင်ဖုန်းကို စိန်ခေါ်နေတာကတော့ ဆမ်မ်ဆောင်း (Sam Sung) ရဲ့ ဂယ်လက်စီ (Galaxy) ဖုန်းများပဲ ဖြစ်ပါတယ်။ အိုင်ဖုန်း ဖိုက်ဖ် မထွက်လာခင်ကလေးကပဲ အက်ပဲလ်နဲ့ ဆမ်မ်ဆောင်းတို့ နည်းပညာဆိုင်ရာ တရားစွဲဆိုမှုတွေ နိုင်ငံတကာမှာ ပြုလုပ်ခဲ့ကြရာ အမေရိကန် ပြည်ထောင်စုမှုာ အက်ပဲလ်က တရားစွဲမှု နိုင်ခဲ့ပြီး အခြားနိုင်ငံတချို့မှာ ဆမ်မ်ဆောင်းက အနိုင်ရခဲ့ပါတယ်။

ကုမ္ပဏီတွေအကြား ဈေးကွက် ပြိုင်ဆိုင်မှု ကြီးမားလာနေသလိုပဲ လက်ကိုင်ဖုန်း အသုံးပြုနေသူတွေအကြားမှာလည်း အိုင်ဖုန်းမှ မသုံးရင် ဂယ်လက်စီမှ မ၀ယ်ရင် ခေတ်မမှီတော့သလို ဖြစ်လာတာတွေကိုလည်း တွေ့နေရပါတယ်။ အရင်တုန်းကဆိုရင် တယ်လီဖုန်းတလုံးကို ဒေါ်လာ ၂၀၀ ပေးဝယ်ပြီး အင်တာနက် ဆက်သွယ်ခ၊ ဖုန်း ပြောခ တလကို ဒေါ်လာ ၅၀ ကနေ ၈၀ လောက် ပေးရမယ့်အရေး တွေးခဲ့ကြသော်လည်း အခုအခါမှာတော့ နယူးယောက် လမ်းပေါ်၊ ရထားပေါ်၊ ကားပေါ်မှာ အိုင်ဖုန်းတွေ၊ အခြား Smart Phone တွေကို မမြင်ချင်မှအဆုံး တွေ့နေကြရပါပြီ။ (တကယ်တော့ ဒေါ်လာ လေးငါးဆယ်ဆိုတာ နယူးယောက်နေ သာမာန် မြန်မာမိသားစုတစုရဲ့ တပတ်စာ ဈေးသုံးစရိတ်လောက် ရှိပါတယ်။)

ဒီကနေ့ခေတ်ဟာ အီလက်ထရွန်းနစ်နဲ့ ကွန်ပြူတာနည်းပညာတွေ ထွန်းပကာ ပြောင်းလဲမှုတွေကလည်း မြန်ဆန်လွန်းနေသလို အက်ပဲလ်ရဲ့ အောင်မြင်မှုကလည်း ကြောက်ခမန်းလိလိ ဆိုသလိုပါ။ အက်ပဲလ်အနေနဲ့ သူ့အောင်မြင်မှုတွေကို ဘယ်လောက်ကြာကြာ ထိန်းနိုင်မလဲ၊ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲမှုတွေရဲ့အလွန်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ လောလောဆယ် အခြေအနေအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ် ဖြစ်နေဆဲ ပါ။
သတင်း - iPhone 5 အိုင်ဖုန်း ဖိုက်ဖ် - Sep 22 2012 12:58 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005