မြန်မာအစိုးရက ကင်းမ်ဒဲဂျုန် အမည်ကို အမည်ပျက်စာရင်းထဲက ပယ်ဖျက်

မြန်မာအစိုးရက ၂၀၁၂ သြဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမည်ပျက်စာရင်းမှ ပယ်ဖျက်သူများစာရင်းမှာ ကိုရီးယား လူမျိုး ၁၇ ဦးပါဝင်ပြီး ကွယ်လွန်ပြီးဖြစ်တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒဲဂျုန်ကို အမှတ်စဉ် ၃၈၁ နဲ့ ၉၀၆ တို့မှာ Jung, Dr. Kim Dae (Korean) ၊ Dr. Kim Dae Jung (Korean) စသည်ဖြင့် ဖော်ပြထားပါတယ်။ ထိုစာရင်းတွင် ကိုရီးယားနိုင်ငံအမည်ကို Korean ၊ ROK ၊ South Korea စသည်ဖြင့် မတူကွဲပြားစွာ ဖော်ပြထားတာကို တွေ့ရပါတယ်။

မြန်မာ့ ဒီမိုကရေစီအရေးကို ၁၉၉၄ ခုနှစ်မှစတင် အားပေး ထောက်ခံခဲ့သူ၊ ကိုရီးယား စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သူ၊ တောင်ကိုရီးယားနိုင်ငံရဲ့ ၁၅ ကြိမ်မြောက် သမ္မတ ကင်းမ်ဒဲဂျုန် (၁၉၂၄၊ ဇန်န၀ါရီ ၆ ရက် - ၂၀၀၉၊ သြဂုတ် ၁၈ ရက်) ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေနဲ့ စင်ကာပူနိုင်ငံတွင် ကျင်းပတဲ့ အာစီယံ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်အဆင့် တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြောင်းလဲရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စများကို ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အနောက်နိုင်ငံ ဖိအားများကို ရင်ဆိုင်ရင်း မြန်မာအာဏာရှင်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့နိုင်ငံ၊ မြန်မာအာဏာရှင်ကို တစိတ်တပိုင်း ထောက်ခံတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒ့ါကြောင့် ကင်းမ်ဒဲဂျုန် အမည်ကို မြန်မာအာဏာပိုင်တွေရဲ့ အမည်ပျက်စာရင်းတွင် ထည့်သွင်းထားခဲ့တဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ စိတ်ဓါတ်ကို တောင်ကိုရီးယားနိုင်ငံသားတွေ စိတ်ပျက်လက်ပျက် ဖြစ်မိမှာကတော့ အမှန် ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ကင်းမ်ဒဲဂျုန်ရဲ့ ကိုယ်ရေးအရာရှိ မစ္စတာ ချွဲဂယောင်းဟွာက “သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အမည်ပျက်စာရင်းထဲမှာ သမ္မတကြီး (ကင်းမ်ဒဲဂျုန်) ပါမယ်လို့ မထင်မိခဲ့ပါဘူး။ တော်တော့်ကို အံ့သြမိပါတယ်။“ လို့ ယနေ့မြန်မာကို ပြောလာပါတယ်။

၂၀၀၀ ခုနှစ် နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုရှင် သမတ ကင်းမ်ဒဲဂျုန်ဟာ မြန်မာ့ ဒီမိုကရေစီအရေးကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ နေအိမ် အကျယ်ချုပ် ချုပ်နှောင် ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန် ၂၀၀၆ ခုနှစ်က ဆိုးလ် (ဆောအုလ်) ဟန်နာမ်ဒုန် ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ဗီဇာ သွားလျှောက်စဉ် ငြင်းပယ်ခံခဲ့ရပါတယ်။ သူ့ရဲ့ နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုရရှိခြင်း ၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ၊ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့များနဲ့ ပူးပေါင်းပြီး မြန်မာ့ ဒီမိုကရေစီရဲ့ ညအဖြစ် ဆိုးလ်မြို့ ၆၃ ထပ် အဆောက်အအုံမှာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပပေးခဲ့သလို ထောက်ပံ့ငွေ ဒေါ်လာ ၄၀,၀၀၀ ကိုလည်း ပေးအပ်ခဲ့ပါတယ်။ သမတ ကင်းမ်ဒဲဂျုန်ဟာ ၂၀၀၉ ခုနှစ် မေ ၂၂ ရက်နေ့က သူ့နေအိမ်မှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် အဲဒီနှစ် သြဂုတ် ၁၈ ရက် နေ့လည်ပိုင်းတွင် ယောင်းဆဲ တက္ကသိုလ် ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ကြောင်း၊ သူ့ခင်ပွန်းက မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေး ထောက်ခံခဲ့သလို သူ့ အနေနဲ့လည်း ဆက်လက် ထောက်ခံ အားပေးနေကြောင်း“ စာ တစ်စောင်ကို ကင်းမ်ဒဲဂျုန်ရဲ့ ဇနီး မစ္စ ယိဟီဟိုက ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ပါတယ်။ အဆိုပါ စာ မိတ္တူကို ကင်းမ်ဒဲဂျုန် စာကြည့်တိုက်မှာ ကျင်းပတဲ့ သမတ ကင်းမ်ဒဲဂျုန် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ ဓာတ်ပုံပြပွဲမှာ ပြသထားပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ အမည်ပျက်စာရင်းက ပယ်ဖျက်တဲ့စာရင်းတွင် ၂၀၁၀ ၀န်းကျင်လောက်က မြန်မာ့နိုင်ငံမှ နှင်ထုတ်ခံရသူ သတင်းထောက် မစ္စ ယိ ပါဝင်တာ မတွေ့ရပါဘူး။ ကျန် ကိုရီးယားလူမျိုးများရဲ့ အမည်များနဲ့ ပတ်သက်ပြီး “အရင် ကြားသိရတာက မြန်မာနိုင်ငံက ငွေလိမ်သူများ၊ ဗီဇာရက်ကျော် နေထိုင်သူများနဲ့ အခြားသော ပြဿနာများကြောင့် အမည်ပျက် စာရင်းထဲ ထည့်ထားသူများ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သိတဲ့သူများ မဟုတ်ပါဘူး။“ လို့ ဆိုးလ်တွင် နေထိုင်တဲ့ မြန်မာ့အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

ကင်းမ်ဒဲဂျုန်နဲ့ မြန်မာ့အရေး လှုပ်ရှားသူတို့ ၂၀၀၉ ခုနှစ် မေ ၂၂ ရက်နေ့က တွေ့ဆုံစဉ်

သတင်း - မြန်မာအစိုးရ တောင်ကိုရီးယား သမ္မတ ကင်းမ်ဒဲဂျုန် အမည်ပျက်စာရင်း ပယ်ဖျက် - Aug 31 2012 06:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005