ကြပ်ပြေးနေပြည်တော်က လွှတ်တော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သတင်း

လွှတ်တော်တွင်း၌ တွေ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်တချို့

၂၀၁၂ သြဂုတ် ၃၀ ရက်နေ့ ရရှိတဲ့ သတင်းများအရ ပြည်ထောင်စု ခုံရုံးကိစ္စ အငြင်းပွားမှု ပြီးပြတ်တဲ့အထိ ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ဆက်လက် ကျင်းပနိုင်ကြောင်း သိရပါတယ်။ လွှတ်တော် အစည်းအဝေးများ ကျင်းပနေခြင်းနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တဦးက “လွှတ်တော်ပြက္ခဒိန် ရှိဖို့ လိုပြီ။ ကျမတို့ လွှတ်တော်ကြီးပိတ်ပြီး အိမ်ပြန်ရမဲ့ အချိန်တွေကို မျှော်နေမိတယ်။ ဒီလကုန်လည်း မပိတ်သေးဘူး တဲ့၊ နောက်လဆန်း ပထမပတ်အထိ လွှတ်တော် ဆက်လက် ကျင်းပမယ်လို့ သတင်းတွေ ရနေတာပဲ။ တော်တော် ပင်ပန်းနေပါပြီ။ အိမ်ပြန်ပြီး ခဏတော့ နားချင်တယ်။ ပြီးရင် မိမိတာဝန်ကျရာ ဒေသဖွံ့ဖြိုးရေးကို ဆက် လုပ်ရအုံးမယ်၊ ခရီးတွေလည်း ထွက်ချင်သေးတယ်။ လွှတ်တော်ဟာ ဘယ်အချိန်မှာစလို့ ဘယ်အချိန်မှာ ပြီးဆုံးမယ် မသိတော့ ဘာအစီအစဉ်မှ လုပ်လို့ မရပါဘူး။ ဒါကြောင့် လွှတ်တော် ပြက္ခဒိန် ရှိသင့်တာပေါ့။“ လို့ ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ လွှတ်တော်တွင်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးများရဲ့ တာဝန်များ လုပ်ပိုင်ခွင့်များကို တိကျစွာ သတ်မှတ်ပြီး ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်ကို စောလျင်စွာ တင်သွင်းရေး ပြည်ထောင်စုအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းတဲ့ အဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တချို့ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

“ဥပဒေတွေ အမြန်ဆုံး ပေါ်ထွက်လာဖို့ ပြည်သူ့အကျိုးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေများ ပေါ်ထွက်လာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေများ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာရှေ့နေချုပ်ရုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးပြုစေမဲ့ ဥပဒေများ အမြန်ဆုံး ပေါ်ထွက်လာရေးအတွက် ကြိုးစားဖို့ လိုပါတယ်။ လွှတ်တော်ဘက်က ကြိုးစားမှု လွန်တောင်နေပါသေးတယ်။ ပြည်သူတွေအား ကာကွယ်စောင့်ရှောက်မယ့် ဥပဒေများ ရေးဆွဲရေးအတွက် ဘတ်ဂျက်လည်း လုံလောက်မှု ရှိပါတယ်။“ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း)

”တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးများရဲ့လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို သတ်မှတ်ပေးရန် လိုပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများဟာ မိမိဒေသအကြောင်း သက်သေလက်မှတ် ထိုးပေးရတဲ့အဆင့်သာ ရှိနေပါတယ်။” (ဦးစိုင်းသိန်းအောင် - တာချီလိတ် မဲဆန္ဒနယ်)

“မူလတန်းကျောင်းခွဲလေးတစ်ကျောင်း ဖွင့်ဖို့တောင် တိုင်းဒေသကြီး ၀န်ကြီးတွေမှာ လုပ်ပိုင်ခွင့် မရှိပါဘူး။” (ဦးအေး - ဟုမ္မလင်း မဲဆန္ဒနယ်)

“တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များရဲ့ တာဝန်များဟာ လွန်စွာ ကျယ်ပြန့်ကြောင်း တွေ့ရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရရဲ့ အခွင့်အာဏာကို ဥပဒေနဲ့ ပြဌာန်းထားပါတယ်။ နည်းဥပဒေ ထုတ်ပြန် ပြန်လျှင်လည်း အခွင့်အာဏာကို ကန့်သတ်ရာရောက်မှာ စိုးပါတယ်။” (ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်း)

“ဒီကနေ့ ဥပဒေများဟာ ပြည့်စုံ လုံလောက်မှု မရှိပါဘူး။“ (ဒေါ်နန်းဝါနု - ကွမ်ဟိန်းမဲဆန္ဒနယ်)

“ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်များကို တိကျစွာ ပိုင်းခြား ဆောင်ရွက်သင့်ပါတယ်။” (လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ သုံးသပ်ချက်)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ် လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက “ဒီကနေ့ ၂၈၊ ၈၊ ၂၀၁၂ ရက်နေ့ မနက်ပိုင်းက လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီနဲ့ ပူးပေါင်းပြီး MIC Law ရေးဆွဲဖို့ အစည်းအဝေး လုပ်ရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင် ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင် အချို့လည်း လွှတ်တော်ကို လာရောက် ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှပ်နှံမှု ဥပဒေဟာ ကျမတို့ နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဥပဒေကြမ်း ရေးဆွဲရတာပါ။ အိမ်နီးချင်းနိုင်ငံများမှာတော့ (FDI Law နှင့် MIC Law) ဟာ သီးသန့် မရှိပဲ တစ်ခုထဲ ပေါင်းစည်းထားတဲ့ ဥပဒေ ရှိတာပါ။ ကျမတို့ နိုင်ငံမှာတော့ ဒီ ဥပဒေတွေဟာ ၁၉၉၄ ခုနှစ်မှစ၍ ပြဌာန်းထားသော်လည်း တကယ်တမ်းတော့ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေကို မကာကွယ်နိုင်ပါဘူး။ ယခင်အစိုးရ လက်ထက်မှာ ဒီဥပဒေနဲ့ နိုင်ငံသားစီးပွားရေးလုပ်ငန်း တွေလုပ်ပေမဲ့ ယခင်အစိုးရ ဥပဒေကို အချိန်မရွေး ချိုးဖောက်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်ခါမှာတော့ ဒီ ဥပဒေတွေကို ခိုင်ခိုင်မာမာဖြစ်အောင် ရေးဆွဲရာမှာ ပါဝင်ပြီးတော့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ရမှာပါ။ အစိုးရဘက် က ဥပဒေတွေကို သူ ကြိုက်တဲ့အချိန်မှာ ထင်သလို မချိုးဖောက်နိုင်အောင်လည်း ကျမတို့ စောင့်ကြည့်ရပါမယ်။“ လို့ ပြောပြပါတယ်။

သြဂုတ် ၂၈ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာ ဒုတိယ၀န်ကြီး က “တိုင်းဒေသကြီးများ၌ အတွင်းတိမ် လူနာများအား ခွဲစိတ် ကုသ ဆောင်ရွက်ပေးခဲ့ပါတယ်။ လစဉ်/အပတ်စဉ် မျက်စိဝေဒနာရှင်များအား စောင့်ရှောက်ပေးနေပါတယ်။ မျက်မမြင် ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဆေးပေးခန်းများတွင် မျက်စိရောဂါကို ကာကွယ်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ပေးနေပါတယ်။“ လို့ မျက်စိဝေဒနာကာကွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။ ထိုသို့ ရှင်းပြပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အခြားဒေသရှိ ပြည်သူများရဲ့ မျက်စိဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို အတည်ပြုကြောင်း ကြေငြာခဲ့ပါတယ်။ ထိုသို့ အတည်ပြုခြင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးက “တကယ်ကို မျက်စိဝေဒနာများ ကုသပေးနိုင်ပါစေ။“ လို့ ဆုတောင်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Korean House for International Solidarity အဖွဲ့က Ms Kang Eun Ji နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ၂၀၁၂၊ သြဂုတ် ၂၈ ရက်နေ့ ညနေ ၅ နာရီက ကြပ်ပြေးနေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ကျင်းပခဲ့ပါတယ်။ ထို တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဒေါက်တာဦးဇော်မြင့်မောင်နဲ့ ဒေါ်စန္ဒာမင်းတို့ တက်ရောက်ခဲ့ပြီး လွှတ်တော်အတွင်း ဆောင်ရွက်မှုများ၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။

တောင်ကိုရီးယားကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်များ

သတင်း - ကြပ်ပြေးနေပြည်တော် လွှတ်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - Aug 30 2012 05:15 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005