တောင်းရမ်း စားသောက်သူ ကလေးငယ်များအား အမှိုက်ကားပေါ်တင်ပြီး တောထဲမှာ စွန့်ပစ်တဲ့ ပြည်မြို့က ကိစ္စ

ပြည်မြို့ ဘူတာရုံ၊ ရွှေပလ္လင်ပေါ်အောက်ချိုင့်နဲ့ မြို့သစ်ပန်းခြံတွင် နေထိုင်ပြီး တောင်းရမ်း စားသောက်နေသူ နှစ်လသား ကလေးငယ် အပါအ၀င် ကလေးငယ်များနဲ့ လူကြီးများကို အမှိုက်ကားပေါ်တင်ကာ ဥသျှစ်ပင်မြို့နဲ့ ညောင်ခြေထောက် တောနက်တွင်း စွန့်ပစ်မှုတခု ၂၀၁၂ သြဂုတ် ၄ ရက်နေ့၊ ည ၉ နာရီမှ စတင်ကာ ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းသတင်းပေးပို့ချက်အရ သိရပါတယ်။

အခင်း ဖြစ်ပွားပုံမှာ ၂၀၁၂၊ သြဂုတ် ၄ ရက် ည ၉ နာရီအချိန်က ပြည်မြို့၊ လမ်းမတော် ဗဟိုမီးသတ်ရုံအနီး၊ ရွှေမင်းသမီးကုန်တိုက်ရှေ့ကို ရဲဝန်ထမ်းနဲ့ စည်ပင်သာယာဝန်ထမ်း အယောက် ၃၀ ခန့် ဆိုင်ကယ်၊ ကားများနဲ့ ရောက်လာပြီး ထိုအုပ်စုထဲမှ လူတဦးက “နင်တို့ကို ထမင်းကျွေးမယ်၊ ခဏ လိုက်ခဲ့“ လို့ ပြောကာ ၂ လသား မိန်းကလေးတဦး အပါအ၀င် အသက် ၁၂ နှစ်အောက် ကလေးငယ် ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးကို အမှိုက်ကားပေါ် တင်ခေါ်ခဲ့ပါတယ်။ ထို အမှိုက်ကားပေါ် ရောက်လာတဲ့ ကလေးငယ်များဟာ အမျိုးသမီး ၁ ဦးနဲ့အတူ အသက် ၁၆ နှစ်မှ အသက် ၂ လ အရွယ်ရှိ ကလေးငယ် ၁၄ ဦးနဲ့ တွေ့ခဲ့ကြပါတယ်။ ထို ကလေးငယ်များအဖွဲ့ကို တင်ဆောင်လာတဲ့ အမှိုက်ကားဟာ မြို့သစ်ရပ်ကွက်ကို ဆက်လက် ထွက်ခွာခဲ့ပြီး အသက် ၂ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များ အပါအ၀င် ၁၀ ဦးအဖွဲ့ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ထို့နောက် ရွှေလင်ပန်းဘုရားဆီ ခေါ်ဆောင်သွားပြီး ဓါတ်ပုံရိုက်ကာ မှတ်တမ်း ရယူကြပါတယ်။

ထိုသို့ မှတ်တမ်း ရယူပြီး ရဲတပ်ဖွဲ့ခေါင်းဆောင်တဦးက “ဥသျှစ်ပင်ကို သွားမယ်၊ နင်တို့ မပြေးနဲ့၊ ပြေးရင် ရိုက်မယ်။“ လို့ ပြောကြောင်း၊ ထိုအခါ နို့စို့ကလေးရဲ့ မိခင်တဦးက “ကျွန်မကလေးက ဖျားနေတယ်၊ မပို့ပါနဲ့။“ လို့ ပြောတဲ့အခါ စည်ပင်သာယာဝန်ထမ်းက “ဂရုမစိုက်နိုင်ဘူး၊ ဘာမှ ရှင်းပြမနေနဲ့။“ လို့ ပြောသလို ရဲဝန်ထမ်းက “တာဝန်ရှိလို့ လုပ်ရတာ။“ လို့ ပြန်ပြောကြောင်း သိရပါတယ်။ ထို့အပြင် စည်ပင်သာယာဝန်ထမ်းတဦးက “အဲဒီကို ရောက်ရင် ရခိုင်ပြည်နယ်ကို သွား၊ ရခိုင်ပြည်နယ် ရောက်ရင် မှတ်ပုံတင် ရမယ်၊ အိမ် ရမယ်၊ အစားအစာတွေလည်း ရမယ်၊ အလုပ်အကိုင်တွေလည်း ရမယ်၊ ဒီဘက်ကို ပြန် မလာနဲ့။ ပြန်လာရင် ကလေးက ကလေးထောင်ကို ပို့မယ်၊ လူကြီးက လူကြီးထောင်ကို ပို့မယ်၊ ကားပေါ်မှာ မတ်တပ် မရပ်နဲ့၊ ဘေးကို မကြည့်နဲ့၊ ခေါင်းငုံ့နေ၊ စကား မပြောနဲ့“ လို့ ပြောတယ်လို့ သတင်းရရှိပါတယ်။

၂၀၁၂ သြဂုတ် ၅ ရက်နေ့ နံနက် ၂ နာရီခွဲခန့်၊ မိုးရွာသွန်းနေစဉ် ထိုအဖွဲ့ကို အမှိုက်ကားပေါ်က ဆင်းခိုင်းကာ ညောင်ခြေထောက် တောနက်ကြီးအတွင်း ချန်ထားခဲ့ကာ ကားမောင်းပြီး ထွက်သွားခဲ့ပါတယ်။ ထိုသို့ စွန့်ပစ်ခံရသူများထဲတွင် စိတ်မနှံ့သူ၊ မျက်စိ မမြင်သူတို့လည်း ပါဝင်ကာ နို့စို့အရွယ်နဲ့ အခြား ကလေးငယ်များ ဖျားနာခဲ့ကြပါတယ်။ စွန့်ပစ်ခံရသူများဟာ အဖွဲ့ ၃ ဖွဲ့နဲ့ ပြည်မြို့ကို လမ်းလျှောက်ပြီး ပြန်ခဲ့ကြရာ ၂ ရက်၊ ၅ ရက်နဲ့ ၆ ရက်ကြာမှ ပြန်ရောက်ခဲ့ကြပါတယ်။

ထိုသို့ အတိဒုက္ခရောက်ခဲ့ကြတဲ့ ကလေးသူငယ်များကို မြကွန်းတောင်ကျောင်းတိုက်ရှိ ကရုဏာလက်များ ကွန်ယက် ပညာဒါန (ပြည်မြို့) က အခမဲ့ ပညာသင်ကြားပေးခြင်း၊ အ၀တ်အထည်များ၊ စာအုပ်များ ပေးခြင်းနဲ့ နေ့လည်စာ ထမင်းကျွေးခြင်းများ ပြုလုပ်ပေးနေကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (ပြည်ဒေသ) ကလည်း ကလေးသူငယ်များ အခွင့်အရေးနဲ့ ပတ်သက်ပြီး ရှင်းလင်း သင်ကြားပေးနေကြောင်း သိရပါတယ်။

ပြည်မြို့ ဘူတာရုံ၊ ရွှေပလ္လင်ပေါ်အောက်ချိုင့်နဲ့ မြို့သစ်ပန်းခြံတွင် နေထိုင်ပြီး တောင်းရမ်း စားသောက်နေသူ နှစ်လသား ကလေးငယ် အပါအ၀င် ကလေးငယ်များနဲ့ အမျိုးသမီးအချို့ကို အမှိုက်ကားပေါ်တင်ကာ ဥသျှစ်ပင်မြို့နဲ့ ညောင်ခြေထောက် တောနက်တွင်း စွန့်ပစ်မှု ဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအ၀င် အဖွဲ့ဌာန ၁၀ ခုဆီကို ၂၀၁၂ သြဂုတ် ၂၉ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ခဲ့ကြောင်း သိရပါတယ်။

အခုကဲ့သို့ လူသားမဆန်စွာ ဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။
သတင်း - တောင်းရမ်း စားသောက်သူ ကလေးငယ်များ အမှိုက်ကား - Aug 30 2012 03:05 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005