နယူးယောက်တွင် စက်တင်ဘာ ၁ ရက်နေ့၌ ရွှေည၀ါဆရာတော် တရားပွဲ ကျင်းပမည်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 4145 73rd Street, Woodside NY 11377 ရှိ ၀င်းရွှေဝါခန်းမတွင် ၂၀၁၂ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ၌ ရွှေည၀ါဆရာတော် ဘဒ္ဒန္တပညာသီဟ တရားပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ ရွှေည၀ါဆရာတော်ရဲ့ နယူးယောက် တရားပွဲနဲ့ ပတ်သက်ပြီး ကိုရဲထွဋ် - ၃၄၇ ၂၂၆ ၀၅၇၂ ၊ ကိုမိုးချမ်း - ၆၄၆ ၆၄၃ ၈၆၈၉ သို့ ဆက်သွယ်နိုင်ပါတယ်။

ရွှေည၀ါဆရာတော်ဟာ အမေရိကန်ပြည်ထောင်စုကို သြဂုတ်လဆန်းပိုင်းက ရောက်ရှိခဲ့ပြီး ဆန်ဖရန်စစ္စကိုဒေသတွင် တရားဒေသနာများ ဟောကြားခဲ့ပါတယ်။ ထို့နောက် လွန်ခဲ့တဲ့ ရက်ပိုင်းက နယူးယောက်ပြည်နယ် အထက်ပိုင်းကို ရောက်ရှိခဲ့တဲ့ ရွှေည၀ါဆရာတော်ဟာ ၂၀၁၂ သြဂုတ် ၂၉ ရက်နေ့ညပိုင်းက နယူးယောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ယနေ့မြန်မာက ရွှေည၀ါ ဆရာတော်နဲ့ သြဂုတ် ၂၈ ရက်နေ့က စကားပြောခွင့် ရရှိခဲ့ရာ ဆရာတော်က အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီး “ဆန်ဖရန်စစ္စကို ဘေးဧရိယာပတ်ပတ်လည် ဒေးလီးစီးတီး၊ ဖရီးမောင့်၊ ဥက္ကလန်းကို တရားကြွဟောတယ်။ နောက်ပြီး ပင့်တဲ့ အိမ် ပေါ့ ဗျာ။ နောက် (နယူးယောက်ပြည်နယ် အထက်ပိုင်း) ဘားဖလိုးကို ကြွတယ်။ ဘားဖလိုးမြို့ ဇေယျာသီရိဘုန်းကြီးကျောင်းနဲ့ ရွှေမင်းဝံကျောင်းမှာ တရားဟောတယ်။ သြဂုတ် ၂၆ ရက်နေ့က ယူတီကာကို ကြွပြီး သန္တိသုခကျောင်းမှာ တရားဟောတယ်။ သြဂုတ် ၂၇ ရက်နေ့မှာ အီသီကာနေ ကိုထွန်းအောင်ကျော်က ပင့်တာနဲ့ သူတို့အိမ်ကို ကြွတယ်။“ လို့ မိန့်တော်မူပါတယ်။

နယူးယောက်တရားပွဲ ကျင်းပပြီးနောက် ရွှေည၀ါဆရာတော်ဟာ နယူးယောက်ပြည်နယ် အယ်လ်ဘာနီမြို့ရှိ ဓမ္မ၀ါဒီ အောင်မြေမင်္ဂလာကျောင်းတိုက်၌ စက်တင်ဘာ ၂ ရက်နေ့တွင် တရားဟောကြားတော်မူမှာ ဖြစ်ပါတယ်။ ထို့နောက် စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့များတွင် အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ ဇေတ၀န်ကျောင်းတိုက်နဲ့ သုခကံသာကျောင်းတိုက်တို့တွင် တရားပွဲများ ကျင်းပမှာ ဖြစ်ကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၀ါရှင်တန် ဒီစီမြို့တော် မင်္ဂလာရာမကျောင်းတိုက်၌ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလနဲ့ ရွှေည၀ါဆရာတော်တို့ရဲ့ တရားပွဲ ကျင်းပရန် ပြင်ဆင်ထားကြောင်း သတင်းရရှိပါတယ်။

မြန်မာအာဏာပိုင်များဟာ ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ ထွက်ခွာရန် ရွှေည၀ါဆရာတော်အား ဖိအားပေးခဲ့တဲ့အတွက် ထိုနေ့မှ စတင်ကာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ကို ပြောင်းရွှေ့ သီတင်းသုံးခဲ့ပါတယ်။

လက်ရှိ သီတင်းသုံးနေထိုင်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်က “ကျောင်းက ဘုန်းကြီး ပြန်ရောက်မှ စ,ရမှာ ဒကာကြီးရေ။ ဒကာကြီးတို့ အားလုံး သိပြီးထားတဲ့အတိုင်း ကကြီးရေ က က ပြန် စ,ရတယ်။ ကျုပ်ဘ၀ အားလုံး ပျက်သုဉ်းသွားပြီ။ ကျုပ် ထူထောင်ထားတဲ့ ဘ၀နဲ့ ရင်းထားတဲ့ သာသနာ၊ အဆောက်အဦတွေအားလုံး တိုင်းပြည်အတွက် အေးချမ်းပါစေဆိုတဲ့ စိတ်နဲ့ တည်တည်ငြိမ်ငြိမ် စွန့်ခွာပြီး မှော်ဘီဘက်မှာ သွားနေတယ်။ ဟိုမှာ နေစရာ မရှိဘူး။ ကျုပ် ပြောင်းတော့။ အရင်က ကြက်မွေးထားတဲ့ ကြက်ခြံလေးကိုတောင် အရင်ပိုင်ရှင်က ဖျက်မယ်လုပ်လို့ - ဟ၊ နေဦး နေဦး၊ လောလောဆယ် အဲဒီထဲ နေရမှာ ထုံးဖြူးပြီးတော့ လို့ ပြောရတယ်။ ကြက်ခြံကို ကျောင်းအဖြစ် လေး၊ ငါးရက်လောက် သီတင်းသုံးရသေးတယ်။ သီတင်းသုံးနေရင်း နေဖို့ တဲထိုးရတာ။ အဲဒီလို တဲနဲ့ နေရင်း တပါးနေ ကျောင်းလေး ဆောက်နေတာ အချောထည် မပြီးသေးပါဘူး။ ၀ါကျွတ်လို့ ပြန်ရောက်ရင်တော့ မြန်မာကျပ်ငွေ သိန်း နှစ်သောင်း လျာထားပြီး ရွှေည၀ါတောရ သာသနာပြုတက္ကသိုလ် ကျောင်းတိုက် ဆောက်လုပ်ဖို့ စီစဉ်ထားတယ်။ ကျောင်းလာတက်ကြမယ့် ရန်ကုန်အခြေစိုက် ကျောင်းသူကျောင်းသားတွေ အကြိုအပို့ လုပ်ပေးမယ်။ အမေရိကားရောက် ဒါယိကာ၊ ဒါယိကာမတွေရဲ့ သဒ္ဓါတရားကို ချီးမြှောက်တဲ့အနေနဲ့ အကျိုးရှိတဲ့နေရာမှာ သုံးပေးမှာပါ။ သိန်းတထောင်ကျော် ကျောင်းတကျောင်းချင်း လှူထားတဲ့ ဒကာ၊ ဒကာမ ငါးဦးလောက်တော့ ရှိပါတယ်။“ လို့ ရှင်းပြပါတယ်။

နောက်ဆုံးအကြိမ် တရားဟောမှု ပိတ်ပင်ခံရခြင်းနဲ့ ပတ်သက်ပြီး ရွှေည၀ါဆရာတော်က “ခင်ဗျားနဲ့ စကားပြောပြီး သိတ် မကြာဘူး လေ၊ စာကြီး ရောက်လာရော။ ဘယ်နေရာ မဟောရ၊ ဒီနေရာ မဟောရ နဲ့။ နောက်ကျ တတိုင်းတပြည်လုံး ပိတ်တယ်ဆိုတော့ နားအေးသွားတာပေါ့။ အဲဒီတော့ ကျုပ်က ကျုပ်ရဲ့ ဘ၀အဓိဌာန် အားမာန်လေးကို ရေးစပ်လိုက်တယ် လေ။ တိုင်းပြည် လူမျိုး ဘာသာ သာသနာအတွက် ဘ၀တခုလုံး ထိုးကြွေးဖို့ ဘယ်တော့မှ ၀န်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ တွန်းလှန် ဖယ်ရှား၊ အမြဲတမ်းပဲ ရှင်သန်သွားမယ်။ ဒူး မထောက်၊ လက် မမြှောက် ဟေ့။ မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မှိုင်းဒဏ်လောက်တော့ ခံနိုင်ရမှာ ပေါ့။ အဲဒါ ကျုပ်ရဲ့ဘ၀အားမာန် အဓိဌာန် ကဗျာ ပဲ။“ လို့ မိန့်တော်မူပါတယ်။

ရွှေည၀ါ ဆရာတော်အား မြန်မာအာဏာပိုင်တွေက တရားဟောကြားခွင့် ပိတ်ပင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒယ်အိုးဆရာတော် ဦးသုမင်္ဂလက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ရာ အာဏာပိုင်များက ဒယ်အိုးဆရာတော်အား တရားဟောခွင့် ပိတ်ပင်ခဲ့ပြန်ပါတယ်။ အခုအခါမှာတော့ ဒယ်အိုး ဆရာတော်ရော၊ ရွှေည၀ါ ဆရာတော်ပါ အမေရိကန်ပြည်ထောင်စုကို ခေတ္တ ရောက်ရှိနေကြပါတယ်။ ထိုအကြောင်းနဲ့ ပတ်သက်ပြီး ရွှေည၀ါဆရာတော်က “တိုင်းပြည်အတွင်းမှာ ကျုပ်တို့ပါးစပ်တွေက သော့ခတ်ခံထားရတော့ နှလုံးသားက ဟာ နေတယ်။ အဲဒါနဲ့ အမေရိကား သွားကြစို့ဆိုပြီး ကျုပ်က အရင် ထွက်လာတာ။ သူနဲ့ ကျုပ်နဲ့ ညဦးပိုင်းကပဲ ၀မ်းမြောက်ဝမ်းသာစကားတွေ ပြောဖြစ်သေးတယ်။ ညီတော် ရေ လို့၊ နောက်ဆုံးတော့ ဒို့တွေပဲ ရှိတာ လို့။“ မိန့်ကြားပါတယ်။
သတင်း - နယူးယောက် စက်တင်ဘာ ၁ ရက်နေ့ ရွှေည၀ါဆရာတော် တရားပွဲ - Aug 30 2012 02:05 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005