ပြည်ပရောက် မြန်မာနိုင်ငံသား ၂,၀၈၂ ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်

၂၀၁၂ သြဂုတ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ

နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများ အပါအ၀င် အချို့အား အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း (Black List) သတ်မှတ် ရေးသွင်းထားခဲ့ကြောင်း၊ အခုအခါ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ဖြေလျော့ပေးမှုများ ဆောင်ရွက်ပေးလျက် ရှိရာ ယခင် အမည်မည်းစာရင်းဝင် စုစုပေါင်း ၆,၁၆၅ ဦးအား ပြောင်းလဲလာတဲ့ မူဝါဒနဲ့အညီ စိစစ် ဆောင်ရွက်ပြီး စုစုပေါင်း ၂,၀၈၂ ဦးကို အမည်မည်းစာရင်းက ပယ်ဖျက်ပြီး ဖြေလျော့ပေးလိုက်ကြောင်း၊ စာရင်းမှ ပယ်ဖျက်ခံရတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ၂၀၁၂ သြဂုတ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈ တွင် ဖော်ပြထားပါတယ်။

မြန်မာအစိုးရ ၀န်ကြီးတဦးနဲ့ ပြည်ပရောက် ပုဂ္ဂိုလ်အချို့နဲ့ မကြာခဏဆိုသလို တယ်လီဖုန်းဆက်သွယ်မှုများ ရှိနေကြောင်း၊ ပြည်ပရောက် ပုဂ္ဂိုလ်အချို့အနေနဲ့ မကြာမီကာလမှာ မြန်မာပြည်ကို သွားဖို့ စီစဉ်ကြမှာ ဖြစ်ကြောင်း သတင်းရပ်ကွက်တချို့ကနေပြီး ယနေ့မြန်မာကို လွန်ခဲ့တဲ့ လပိုင်းများကတည်းက အလွတ်သဘော ပြောကြားခဲ့ပါတယ်။ ထို့နောက် ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် ပြည်ပရောက် ပုဂ္ဂိုလ်အချို့ ၂၀၁၂ စက်တင်ဘာလဆန်းပိုင်းတွင် မြန်မာပြည်ကို သွားရောက်ရန် စီစဉ်နေကြောင်း သတင်းများ ပေါ်ထွက်လာပြီး သြဂုတ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပုဂ္ဂိုလ် ၂,၀၈၂ ဦးကို အမည်မည်းစာရင်းက ပယ်ဖျက်ကြောင်း သတင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ရဲ့ မြန်မာအစိုးရဟာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်အတွင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်လျက်ရှိရာ အတိုက်အခံများနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံရေးလုပ်ငန်းများကိုလည်း အရှိန်တခုနဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထို လုပ်ငန်းများရဲ့ ရလဒ်များအဖြစ် ပြည်ပမီဒီယာများ ပြည်တွင်း၌ သတင်းများ ရယူလာနိုင်ခြင်း၊ အစိုးရရဲ့ ရှုဒေါင့်အမြင်နဲ့ မူဝါဒများကို ပြည်ပမီဒီယာများတွင် ပိုမို မြင်တွေ့လာရခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးမှုများ ပြုလုပ်လာကြခြင်းများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်များက ပြုပြင် ပြောင်းလဲမှုများကို အရှိန်တခုနဲ့ လုပ်ကိုင်နေကြသော်လည်း မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ မြန်မာ့တပ်မတော် တာဝန်ရှိသူတချို့ကတော့ ထို ပြောင်းလဲမှုတွေကို မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေကြပါတယ်။ ဒီလိုအချိန်မှာ ဘယ်သူတွေ မြန်မာပြည်ကို ပြန်သလဲ၊ ဘယ်သူတွေ ပြည်ပမှာ ကျန်နေသလဲဆိုတာကို စိတ်ဝင်စားသူများကလည်း ပြောင်းလဲနေတဲ့ အခြေအနေကို အနီးကပ် လေ့လာနေကြပါတယ်။
သတင်း - ပြည်ပရောက် မြန်မာနိုင်ငံသား ၂,၀၈၂ ဦး အမည်မည်းစာရင်း ပယ်ဖျက် - Aug 28 2012 02:23 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005