လက်ရှိဇာတ်သဘင်လောကနဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရင်ခုန်မှု

ရွှေမန်းတင်မောင်ဆိုရင် မြန်မာ့ဇာတ်သဘင်လောကရဲ့ အထင်ကရပုဂ္ဂိုလ်တဦးအဖြစ် သိကြပါတယ်။ သစ္စာ မေတ္တာ ရွှေမန်းသဘင်ရဲ့ ညွန့်ဝင်း၊ ၀င်းဗိုလ်၊ ဆန်းဝင်း၊ ၀င်းမောင်၊ ချမ်းသာတို့ဆိုရင်လည်း ရွှေမန်းတင်မောင်ရဲ့ ရင်သွေးများအဖြစ် လူသိများကြသလို မင်းသားညွန့်ဝင်းကလွဲလို့ ကျန်တဲ့ ညီအစ်ကိုများဟာ မြန်မာဇာတ်မင်းသားများ အဖြစ် ကျော်ကြားပါတယ်။ ရွှေမန်းတင်မောင်ရဲ့ မြေး ၊ ရွှေမန်းညီအစ်ကိုများရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းဟာ အမေရိကန်ပြည်ထောင်စုကို နှစ်ကြိမ်တိုင် လာရောက်ခဲ့ကာ မြန်မာ့အနုပညာများကို ခေတ်ကာလ အခြေအနေတွေနဲ့ ကိုက်ညီအောင် ဆန်းသစ်ပြီး ဖျော်ဖြေနေပါတယ်။

ဒီနှစ် ဖျော်ဖြေမှု အစီအစဉ်များအတွင်း ရုပ်ရှင်မင်းသမီး မေကဗျာ၊ ထွန်းထွန်း (Examplez)၊ မိုးမိုးတို့နဲ့အတူ နယူးယောက်ကို ရောက်ရှိနေတဲ့ တင်မောင်ဆန်းမင်းဝင်းကို ဒီကနေ့ ဇာတ်သဘင်လောကနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရင်ခုန်မှုအကြောင်း အောက်ပါအတိုင်း မေးမြန်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ သြဂုတ် ၂၅ ရက် (စနေနေ့) ညနေပိုင်းတွင် 31-10 Thompson Ave, LIC NY 11101 ရှိ Laguardia Performing Arts Center တွင် ကျင်းပမယ့် ရယ်မော ပျော်ရွှင် အငြိမ့်သဘင်ပွဲမှာ ဖျော်ဖြေဖို့အတွက် ရောက်ရှိနေကြခြင်း ဖြစ်ပါတယ်။

လက်ရှိ ဇာတ်သဘင်လောက အခြေအနေနဲ့ ပတ်သက်ပြီး ကိုဆန်းမင်းတို့ရဲ့ ရင်ခုန်မှုအကြောင်း သိပါရစေ ခင်ဗျာ။

အခု အများကြီး တိုးတက်လာပြီလို့ ပြောရပါလိမ့်မယ်။ ကျွန်တော့်အဖေ ခေတ် နောက်ပိုင်းကနေပြီး ဇာတ်သဘင်လောက က နည်းနည်းလေး အလှမ်းကွာသွားတယ်လို့ ပြောလို့ရတယ် ခင်ဗျ။ အခုနောက်ပိုင်း အနုပညာကို မပပျောက်အောင် လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေ များလာတဲ့အတွက် လုပ်ရကိုင်ရတာ အများကြီး အခက်အခဲ မဖြစ်တော့ဘူး ပေါ့။ အခုဆိုရင် ဘုရားပွဲ တော်တော်များများမှာ ပါမစ်တွေ တော်တော်များများ ရပြီး ကပြ ဖျော်ဖြေခွင့်တွေ အများကြီးရခဲ့ပါတယ်။ ပရိသတ်ကလည်း အဖေတို့လက်ထက်ကထက် မလျော့တဲ့ အတိုင်းအတာတွေ ရှိလာခဲ့ပါတယ်။ ဒါကတော့ မြန်မာ့ရိုးရာဇာတ်သဘင်နဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက မကဖြစ်ခဲ့တဲ့ ကျိုက္ကဆံဘုရားပွဲတို့ ဘာတို့ ပြန် က ဖြစ်လာခဲ့ပါတယ်။ တချို့နေရာတွေကတော့ မကဖြစ်သေးဘူး ပေါ့။

ဒီကနေ့ခေတ် လူငယ်တွေအပေါ် လွှမ်းမိုးတဲ့ ဂီတပုံစံက ပြောင်းသွားတယ်။ လူနေမှု ယဉ်ကျေးမှု ပြောင်းသွားတယ်ဆိုတော့ ဇာတ်သဘင်အပေါ်မှာ လူငယ်တွေရဲ့ အမြင်၊ ခေတ်ပြောင်းလာတဲ့အပေါ်မှာ ဇာတ်သဘင် ရေရှည် တည်တံ့နိုင်မယ့် အခြေအနေနဲ့ ပြောင်းလဲလာမှုတွေကို သုံးသပ်ပေးပါလား ခင်ဗျ။

ခေတ်မီလာကြတာလည်း ပါ ပါတယ်။ ဓါတ်ရှင် ဘိုင်စကုတ် မပေါ်ခင်က ဇာတ်သဘင်က တခုထဲ ရပ်တည်နေတာ လေ။ ဆိုတော့ ဇာတ်သဘင်ကို တခုထည်း ကြည့်လာခဲ့ကြပါတယ်။ ဒီခေတ်မှာကျ ဇာတ်သဘင်ကို အဓိကထား ကြည့်ကြတဲ့ လူကြီးပိုင်းကလည်း မကြည့်နိုင်ကြတော့ဘူး။ လူငယ်အများစုကလည်း ဗီစီဒီ ဒီဗီဒီ ပေါ်နေတဲ့ခေတ်မှာ တနာရီလောက်ရှိတဲ့ နှစ်ပါးသွားကို အခွေနဲ့ ကြည့်လိုက်ရင် ပြီးသွားပြီဆိုတဲ့အသိနဲ့ ဇာတ်သဘင်တွေကို လိုက်ကြည့်ဖို့အတွက် စိတ်ဝင်စားမှု မဖြစ်တော့ဘူး ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ လှုပ်ရှားမှုက လက်ရှိ ရှိနေဆဲဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ရိုးရာကြောင့် ပါ။ မြန်မာပြည်မှာ ဘုရားတွေ ရှိနေသရွေ့ ပွဲတော် ရှိမှာပဲ။ ပွဲတော် ရှိနေသရွေ့ ဇာတ်ဆိုတာ ရှိမှာပဲ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဆက် လှုပ်ရှားနေတယ်။

လူငယ်တွေကလည်း မသိလို့ ပါ။ သိရင် စိတ်ဝင်စားမှာပါ။ စိတ်ဝင်စားအောင်လည်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုရင်းက ခေတ်ဆန်အောင် လုပ်စေချင်တယ်။ ရိုးရာ မဖျက်နဲ့ ပေါ့။ ရှိပြီးသား ကျွန်တော်တို့ အဖိုး၊ အဖေလက်ထက်က သီချင်းတွေကို ကျွန်တော်တို့လက်ထက်မှာ ခေတ်ဆန်အောင် လုပ်ပါ။ ဖျက်ပြီး ကိုယ်နာမည်ကြီးအောင် မလုပ်ပါနဲ့။ ကျွန်တော်တို့က အဲဒီလို ဆင်ခြင်ရပါတယ်။ ကျွန်တော်တို့ အဲဒီလိုပုံစံလေးတွေနဲ့ မသိတဲ့သူများကို စိတ်ဝင်စားအောင် လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။ တချို့ကျတော့ မကြိုက်တာ မဟုတ်ဘူး။ မသိသေးတာ ဖြစ်တယ်။ လူငယ်တွေအနေနဲ့ ဟစ်ဟော့ပ်သီချင်းတွေ နားထောင်ဘူးတယ်။ ဒါပေမယ့် ဇာတ်ဆိုတာကို သူတို့ အဓိပ္ပါယ် ဖွင့်လို့ မရဘူး။ တကယ် စိတ်ဝင်တစားနဲ့ ကြည့်သွားကြတော့ သူတို့ အရသာတခု ရသွားတယ်။ ဒါလည်း ရလဒ်ကောင်းတခုပါ ပဲ။

နောက်ဆုံးအနေနဲ့ ပြည်တွင်းပြည်ပ ပရိသတ်ကြီးကို အမှတ်တရစကား တခုခု ပြောပြပေးပါလား ခင်ဗျာ။

ကျွန်တော့်အနေနဲ့ ဇာတ်သဘင်လောကထဲမှာ လှုပ်ရှားနေတယ်ဆိုတာက မျိုးဆက်က ပေးတဲ့ တာဝန်ကို ထမ်းဆောင်နေတာ ပါ။ နောက်ပြီး ကိုယ်ကိုယ်တိုင်ကလည်း နှစ်သက်လို့ ပါ။ အခုလို တခြားနိုင်ငံကို ကိုယ့် အနုပညာကို ပြသဖို့အတွက် လာခဲ့ရတာဆိုတော့ အများကြီး ဂုဏ်ယူစရာ ပေါ့။ ဒါကြောင့် မြန်မာလူမျိုးတယောက်အနေနဲ့ မြန်မာကို ချစ်တယ်ဆိုရင် ရိုးရာကို ချစ်စေချင်တယ်လို့ ပြောချင်ပါတယ်။
ဆက်သွယ် မေးမြန်းခြင်း - တင်မောင်ဆန်းမင်းဝင်း - Aug 24 2012 12:25 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005