စည်ကား အောင်မြင်စွာ ပြီးဆုံးသွားတဲ့ Burma Today ဈေးရောင်းပွဲ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၂ သြဂုတ် ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ Burma Today ဈေးရောင်းပွဲဟာ စည်ကား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ထို ဈေးရောင်းပွဲကို ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာဝံသ တက်ရောက် ချီးမြှင့်ခဲ့သလို နယူးယောက်ပြည်နယ် လွှတ်တော်အမတ် John A. Messser ၊ American Burma Buddhist Association အတွင်းရေးမှူး ဦးစောဝင်း၊ ဒေါ်မေသီခ အပါအ၀င် နယူးယောက်မြို့မိမြို့ဖများ၊ Burma Today (ယနေ့မြန်မာ) ကို အားပေးသူများ၊ မိတ်ဆွေသင်္ဂဟများ၊ မြန်မာနွယ်ဖွား မဟုတ်တဲ့ နယူးယောက်ပြည်သူများ စုစုပေါင်း ပရိသတ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။Burma Today (ယနေ့မြန်မာ) ဈေးရောင်းပွဲ မှတ်တမ်းဓါတ်ပုံများ
နေ့ဆွမ်း ဆက်ကပ်အပြီး ပီနန်ဆရာတော်ဘုရားကြီးက အလှူဒါနတရားဟောကြားတော်မူရာ “သတင်းစာဆရာတွေအနေနဲ့က မှန်တာတခုထဲ မရေးနဲ့၊ အများ အကျိုးရှိတဲ့ သတင်းမျိုးကို ရေး။ ခိုးတဲ့သူက ခိုးမှာပဲ။ ဓါးပြတိုက်တဲ့သူက တိုက်မှာပဲ။ အဲဒီလို သူခိုး၊ ဓါးပြတိုက်တဲ့သူတွေ ခိုးနေ၊ တိုက်နေတာကို ရေးတာထက် ခိုးတဲ့သူ မခိုးအောင်၊ တိုက်တဲ့သူ မတိုက်အောင် ရေးတာက ပို အကျိုးရှိမယ်။
မြန်မာတွေ နိုင်ငံခြားမှာ နေနေကြတယ်။ နေနေကြသော်လည်း မြန်မာက နိုင်ငံခြား အရည်အသွေးကို မရောက်သေးဘူး။ ဘာလို့ မရောက်သလဲဆိုတော့ စည်းရုံးမှု နည်းတယ်။ တွေးခေါ်တဲ့အခါ ကောင်းတာတခုခု ကောင်းအောင် လုပ်မယ်လို့ တွေးတာ မရှိဘူး။ ဦးတည်ချက် မရှိဘူး။ ဦးတည်ချက်က ဒီမှာ နေကြတဲ့ ဗမာတွေတင် မကဘူး။ ဗမာပြည်တွင်းမှာလည်း မရှိဘူး။ မိရိုးဖလာအတိုင်း ရှိတဲ့ ဦးတည်ချက်ပဲ ရှိတယ်။ ဒီကနေ့ အခြေအနေနဲ့ ကိုက်ညီအောင် ကျင့်ကြံ ပြုမူ နေထိုင်တဲ့ ဦးတည်ချက် မရှိဘူး။ အဲဒီတော့ နောက်ကျ ကျန်ခဲ့တယ်။ မြန်မာတွေထဲမှာ စည်းစည်းလုံးလုံးနဲ့ ကောင်းတာ လုပ်မယ့်သူ မရှိဘူး။ ၀ါး အစည်းပြေသလို ဖြစ်နေတယ်။ အမိမဲ့ သား ရေနည်း ငါး ဆိုသလို ဖြစ်နေတယ်။ ကောင်းကောင်းမွန်မွန် အုပ်ချုပ် လုပ်ကိုင်မယ့်သူလည်း မရှိဘူး။ ဒါတောင် အရင်က ယဉ်ကျေးမှုအခံလေး ရှိနေလို့ ဒီလို နေနေကြရတာ။ တဦးနဲ့တဦး ကူညီ ဖေးမ အားပေးပြီး သူ ရော ကိုယ် ရော အကျိုးရှိတဲ့ အလုပ် အတူ လုပ်ကြမယ့်သူ မရှိဘူး။ မြန်မာကို စည်းရုံးလို့ မရဘူး။ ကောင်းတဲ့ နမူနာတွေကို ရှေ့က လုပ်ပြရင် အနောက်က လိုက်လုပ်ကြတယ်။ မြန်မာကို စည်းရုံးရင် ပိုပြီး ကွဲသွားတတ်တဲ့ သဘောမျိုး ရှိတယ်။
မြန်မာတွေက လူ ဆင်းရဲတော့ အတွေးအခေါ်ကလည်း ဆင်းရဲတယ်။ မွဲတယ်ဆိုတာ အပယ်ကျတာပဲ။ ချမ်းသာ မရှိတော့ တွေးတဲ့၊ စိတ်ကူးတဲ့အခါ၊ ကြံစည်တဲ့အခါမှာလည်း မချမ်းသာဘူး။ ဒါကြောင့် သူများတွေ တိုးတက် ချမ်းသာအောင်၊ ဒို့လူမျိုးတွေ ချမ်းသာအောင် လုပ်ပေးရမယ်။ ဥပမာ - စင်ကာပူနိုင်ငံဆို တွင်းထွက် သယံဇာတ မရှိဘဲ ချမ်းသာကြတယ်။ ဒို့ ဗမာပြည်မှာ တွင်းထွက် သယံဇာတတွေ ရှိလျက်နဲ့ ဆင်းရဲနေတယ်။ အဲဒါ ပစ္စည်းဥစ္စာ မဟုတ်ဘူး။ လူရဲ့ တွေးခေါ် ကြံဆ လုပ်ကိုင်မှုပဲ။ နိုင်ငံဆိုတာ ဌာန အရင်းခံပဲ။ နိုင်ငံမကောင်းဘဲ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘာမှ မကောင်းဘူး။ အိမ်မှ မကောင်းတာ ဒီ အိမ်ပေါ်နေတဲ့သူ ဘယ်လို ချမ်းသာနိုင်မလဲ။ ဒီတော့ နိုင်ငံကို ကောင်းအောင် လုပ်ရမှာ ဖြစ်သလို မြန်မာနိုင်ငံသားတွေ၊ ပြည်သူတွေ ချမ်းသာအောင် လုပ်ပေးရမယ်။“ လို့ မိန့်ကြားသွားခဲ့ပါတယ်။
Burma Today ဈေးရောင်းပွဲကို နယူးယောက်ကို ရောက်ရှိနေတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) ၊ မိုးမိုးတို့ လာရောက် အားပေးခဲ့သလို ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့က တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ထို့အပြင် အိုင်ပက်ဒ်၊ Blue-ray Player ၊ အိမ်သုံး တယ်လီဖုန်းနဲ့ မီးပူတို့ မဲဖောက်ပေးတဲ့ ကံစမ်းမဲ ဖောက်မှုကို ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ပြီး ကံထူးသူများအတွက် မဲနှိုက်ပေးသွားခဲ့ပါတယ်။
Burma Today ဈေးရောင်းပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲ ဖြစ်သော်လည်း နယူးယောက်ရဲ့ စည်ကား အောင်မြင်တဲ့ပွဲတခုအဖြစ် မှတ်ကျောက်တင်သွားနိုင်ခဲ့ပါတယ်။ ထို ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဦးမြင့်လှိုင်က “ကျွန်တော်တို့ပွဲမှာ လိုအပ်ချက်လေး အနည်းအကျဉ်း ဖြစ်ခဲ့တာက လွဲလို့ အခုလို အောင်မြင်အောင် ကျင်းပနိုင်ခဲ့ခြင်းဟာ ပါဝင် ကူညီကြသူအားလုံးရဲ့ စိတ်အားထက်သန်စွာ ကြိုးပမ်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါတယ်။ အခက်အခဲများကို တသားထည်း ကျော်ဖြတ်ခဲ့ကြတဲ့ မိတ်ဆွေများနဲ့တကွ အားသက်တရော ကူညီသူများကို အထူး ကျေးဇူးတင်ပါတယ်။ ပွဲကို လာရောက်ဖို့ လမ်းပန်းဆက်သွယ်မှု ဒိထက် လွယ်ကူနိုင်မယ်ဆိုရင် ပရိသတ်က နှစ်ဆ ပိုများလာနိုင်ပါတယ်။ အခုပွဲက ရခဲ့တဲ့ သင်ခန်းစာများကို အခြေခံပြီး ပိုမို စည်ကား အောင်မြင်တဲ့ ပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။“ လို့ ပြောကြားခဲ့ပါတယ်။
သတင်း - Burma Today ဈေးရောင်းပွဲ - Aug 26 2012 10:17 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012