မြန်မာစားသောက်ဖွယ်ရာ အမျိုး သုံးဆယ်ခန့်၊ ကံစမ်းမဲ အပါအ၀င် အစီအစဉ်မျိုးစုံနဲ့တကွ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း၊ မိုးမိုးတို့ လာရောက်မယ့် Burma Today Food Fair and Community (ယနေ့မြန်မာ ဈေးရောင်းပွဲ)

ယနေ့မြန်မာ အင်တာနက်စာမျက်နှာ ရေရှည် လည်ပတ်နိုင်ရေးကို ရည်ရွယ်ပြီး Burma Today Food Fair and Community (ယနေ့မြန်မာ ဈေးရောင်းပွဲ) ကို ၂၀၁၂ သြဂုတ် ၁၉ ရက်၊ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 67-01 110th street, Queens, NY 11375 ရှိ Forest Hills High School တွင် ကျင်းပမှာ ဖြစ်ပါတယ်။ ထို ဈေးရောင်းပွဲတွင် မြန်မာ စားသောက်ဖွယ်ရာ အမျိုးပေါင်း သုံးဆယ်ခန့် ရောင်းချမှာ ဖြစ်သလို ပီနန်ဆရာတော်နဲ့ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊ အိုင်ပက်ဒ် (iPad) ကို မဲဖောက်ပေးမယ့် ကံစမ်းမဲ အစီအစဉ်၊ ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ၊ ကျန်းမာရေးဆိုင်ရာ သတင်းများ မျှဝေခြင်း၊ အဆိုအက ဖျော်ဖြေမှု၊ ပန်းချီနဲ့ ဓါတ်ပုံပြပွဲ စတဲ့ အစီအစဉ်များ စုံစုံလင်လင်နဲ့ သိုက်မြိုက် စည်ကားစွာ ကျင်းပရန် ပြင်ဆင်လျက်ရှိပါတယ်။

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသအား နေ့ဆွမ်း ဆက်ကပ်တဲ့အစီအစဉ်ကို ကိုအောင်၊ မမြမြစိုး မိသားစုက ကူညီ ဆောင်ရွက်ပေးပြီး မိတ်ဆွေများ စုပေါင်း လှူဒါန်းတဲ့ ဆွမ်း၊ ခဲဘွယ်ဘောဇဉ်များနဲ့ ဆက်ကပ်မှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးအား နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီခွဲအတွင်း ဆွမ်း ဆက်ကပ်မှာ ဖြစ်ကာ ကိုအောင်က ပီနန်ဆရာတော်ဘုရားကြီးနဲ့ သံဃာတော်များ အကြိုအပို့ကို တာဝန်ယူပြီး မမြမြစိုးကတော့ ဆွမ်း ဆက်ကပ်ရန် ပြင်ဆင်မှုများကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်မှတ်တစောင်ကို သုံးဒေါ်လာ၊ နှစ်စောင်ကို ငါးဒေါ်လာနဲ့ ရောင်းချမယ့် ကံစမ်းမဲ အစီအစဉ်ကို ကိုမိုးသိန်းက ကမကထ ပြုပြီး ကိုမိုးချမ်းက ကူညီ ဆောင်ရွက်ပေးပါတယ်။

ဈေးရောင်းပွဲတွင် မိုးကုတ် ဆီချက်ခေါက်ဆွဲ၊ တိုဟူးသုတ်၊ ရှမ်း ထမင်းချဉ်၊ (ဘဲဥဟင်း၊ ဘာလချောင်ကြော်နဲ့) ထမင်း၊ မုန့်ဟင်းခါး၊ ဒန်ပေါက်၊ ပဲပြုတ်၊ ကြက်သား ကော်ရည်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ခရုခေါက်ဆွဲကြော်၊ ထမနဲ၊ ဆီထမင်း၊ အသုတ်စုံ၊ ပဲကြော်၊ ၀က်သားလုံးကြော်၊ ငပိကြော်၊ ၀က်သားတုတ်ထိုး၊ အာလူးကတ်တလိပ်၊ ဘဲသားမုန့်၊ ကော်ပြန့်စိမ်း၊ ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးပေါင်း၊ ဆနွင်းမကင်း ရွှေကြည်၊ ပလောပီနန် ရွှေကြည်၊ မြန်မာ အချိုမုန့်များ၊ ဖာလူဒါ၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ အချိုရည်၊ သောက်ရေ စသည်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးရောင်းပွဲ ဖြစ်မြောက်ရေးအတွက် ကိုဖိုးကျော်၊ မနန်း၊ အာရီးစိုးစိုးဝင်း၊ ဒေါ်သင်းသင်းမော်၊ မအထွန်း၊ ကိုသာဂိ၊ မစန္ဒာ၊ မခင်ပြုံးကြည်၊ မကေသွယ်၊ မခင်စန်းရွှေ၊ မကြင်ကြင်ကြူး တို့က ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပြီး လိုအပ်တဲ့ကိစ္စများကို ကိုညွန့်ဦးက စီစဉ်ပေးပါတယ်။

ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဦးဝင်းရှိန်မောင် (Certified Financial Educator. CFEd, Hartland Institute) က မြန်မာမိသားစုများရဲ့ ငွေကြေးဆိုင်ရာကိစ္စ လိုအပ်ချက်များကို ရှင်းလင်း ပြောပြမှာ ဖြစ်ပြီး သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။ လက်ရှိ စာရင်းကောက်ယူမှုအရ ငွေကြေးစုဆောင်းခြင်းနဲ့ ခရက်ဒစ်ကဒ်ဆိုင်ရာ မသမာမှု၊ ခိုးယူမှုများအကြောင်း စိတ်ဝင်စားသူ များပြားတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲတခုကို လူဦးရေ ၂၀ - ၃၀ ခန့် တက်ရောက်နိုင်ရန် စီစဉ်ထားပြီး ဆွေးနွေးချိန် တနာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ ထို့အပြင် အငြိမ်းစားယူရန် ပြင်ဆင်ခြင်း၊ ၀င်ငွေခွန်ဆိုင်ရာကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှု၊ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း စတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီးလည်း တဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ စိတ်ဝင်စားသူ အရေအတွက်အလိုက် အချိန်ရသလို ဆွေးနွေးသွားရန် ပြင်ဆင်ထားပါတယ်။

ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကဏ္ဍအတွက် ဒေါက်တာမြတ်မြတ်မွန် (Board of Director, Myanmar American Medical Educational Society) က ကူညီ ဆောင်ရွက်ပေးပြီး ဒေါက်တာမြတ်မြတ်မွန်နဲ့ တွေ့ဆုံနိုင်ဖို့ကိုတော့ American Burma Buddhist Association ဥက္ကဋ္ဌ ဦးစောဝင်းက စီစဉ်ပေးပါတယ်။ ထိုကဏ္ဍတွင် ဦးစံသိန်းမောင်က အစိုးရရဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် သြဂုတ် ၂၆ ရက်နေ့ နယူးယောက်မြို့ လောကချမ်းသာကျောင်းတွင် ပြုလုပ်ရန် ပြင်ဆင်နေတဲ့ Myanmar American Medical Educational Society ရဲ့ အခမဲ့ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ သတင်းများလည်း ရယူနိုင်ပါတယ်။

အဆို အက ဖျော်ဖြေမှုနဲ့ အသံပိုင်းဆိုင်ရာကို ကိုဝင်းမင်းထွန်းက တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ အဆို အက ဖျော်ဖြေမှုကဏ္ဍတွင် မောင်ဇင်မင်းသူရ၊ Richael လ၀န်းအောင်၊ မေသရဖူထွန်းတို့ရဲ့ ၃၈ ဖြာ မင်္ဂလာ ဓမ္မကဗျာများ ရွတ်ဆိုမှု၊ ကိုဇော်ဋ္ဌေးနဲ့ မရွှေဇင်ဝင်း တို့ရဲ့ အဆိုအက၊ မရွှေဇင်ဝင်းရဲ့ အကဖျော်ဖြေမှု၊ ကိုဇော်ဋ္ဌေးရဲ့ အဆိုနဲ့ မြန်မာကလေးငယ်များ ဖြစ်ကြတဲ့ စန္ဒြာလွင်၊ Richael လ၀န်းအောင်၊ Kendra ထွန်းသူရ၊ မေသရဖူထွန်းတို့ရဲ့ မြန်မာအက၊ ကိုဇော်ဋ္ဌေး သီဆိုပြီး မေသရဖူထွန်း ကပြမယ့် မှုန်ရွှေရည်သီချင်း ဖျော်ဖြေမှုတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ရဲတိုက်နဲ့ Black Sheeps အဖွဲ့ရဲ့ Performing Film Premiere အစီအစဉ်နဲ့ အဆိုရှင် ၀ါသနာရှင်များရဲ့ သီဆို ဖျော်ဖြေမှုကဏ္ဍများ ပါဝင်ပါတယ်။ ကလေးငယ်များ ကပြနိုင်ဖို့အတွက် မေစန္ဒာစိုးညွန့်က သင်ကြားပေးပြီး ဦးဝင်းရှိန်မောင်ရဲ့ နေအိမ်တွင် လေ့ကျင့်ခဲ့ကြပါတယ်။ မ၀ါဝါ (ဆိုဖီ အလှပြုပြင်ရေး) က ကပြဖျော်ဖြေသူများအတွက် မိတ်ကပ် ကူညီ ပြင်ဆင်ပေးပါတယ်။

ပန်းချီနဲ့ ဓါတ်ပုံပြပွဲကို ကိုကြီးမြင့်၊ ကာတွန်းမောင်မောင်အောင်တို့က တာဝန်ယူ စီစဉ်ပြီး အာစီယံ ဆုရ ပန်းချီအောင်မြင့်ရဲ့ ပန်းချီကား နှစ်ချပ်၊ နယူးယောက်ဒေသရှိ မြန်မာ ပန်းချီဆရာ၊ ဓါတ်ပုံဆရာများရဲ့ ဖန်တီးမှုများနဲ့အတူ ဦးမြင့်လှိုင်ရဲ့ ဘရွတ်ကလင်တံတား (Brooklyn Bridge) ဓါတ်ပုံအက်ဆေး လည်း ပါဝင်ပါမယ်။ ပွဲမှတ်တမ်းဓါတ်ပုံအတွက် ကိုဝင်းအေးက တာဝန်ယူပါတယ်။

ထို့အပြင် သြဂုတ် ၂၅ ရက်နေ့တွင် ကျင်းပမယ့် အငြိမ့်ပွဲနဲ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပမယ့် အိုင်းရင်းခရော့ခ် တေးဂီတပွဲ လက်မှတ်များလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ အသက်အာမခံကိစ္စဆိုင်ရာများကို William Lee နဲ့ ဆွေးနွေးနိုင်သလို Weaving for Women အဖွဲ့ရဲ့ ကရင်ရိုးရာပစ္စည်းများကိုလည်း ၀ယ်ယူ ရရှိနိုင်ပါတယ်။
သတင်း - Burma Today Food Fair and Community ယနေ့မြန်မာ ဈေးရောင်းပွဲ - Aug 18 2012 10:16 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005