ယနေ့မြန်မာ ဘာ့ကြောင့် ရပ်နေတာလဲ

Burma Today အင်တာနက်စာမျက်နှာအနေနဲ့ ပုံမှန် သတင်းတွေ မဖော်ပြနိုင်တာ အတော် ကြာသွားခဲ့ပါပြီ။ ရပ်လိုက်၊ လည်ပတ်လိုက် ဆိုသလို ဖြစ်နေခဲ့တာပါ။ နောက်ဆုံးတခေါက်အနေနဲ့ ဇွန်လ ၇ ရက်နေ့ခန့်က စတင်ပြီး ရပ်တန့်နေတာ နှစ်လကျော် ကြာခဲ့ပါပြီ။ ဘာ့ကြောင့် ရပ်တန့်နေရသလဲဆိုတာ မိတ်ဆွေတို့ စိတ်ဝင်စားကြမှာ ဖြစ်သလို ကျွန်တော့်အနေနဲ့လည်း ပြောပြချင်ပါတယ်။ သို့သော်လည်း အခက်အခဲတွေက များလွန်းခဲ့ပြီး တခုချင်း ပြေလည်အောင် ကြိုးစား ဖြေရှင်းနေခဲ့ရတဲ့အတွက် တစုံတရာ အဖြေတခုရတဲ့အထိ စောင့်ဆိုင်းပြီးမှ အခုလို အသိပေးရခြင်း ဖြစ်ပါတယ်။

ယနေ့မြန်မာ (Burma Today) ကို ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ဒီဇိုင်းအသစ်အတွက် ပြင်ဆင်ခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလအတွင်းမှာ ပြန်လည် စတင် စမ်းသပ် လည်ပတ်ခဲ့ပါတယ်။ ထိုသို့ စမ်းသပ် လည်ပတ်နေစဉ် ကြည့်ရှုသူဦးရေ များပြားလွန်းလာတဲ့အတွက် ၂၀၁၂ ဇွန်လဆန်းပိုင်းမှာ နည်းပညာဆိုင်ရာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရပါတယ်။ ထိုသို့ ပြုလုပ်စဉ် ၂၀၁၂ ဇွန်လ ၇ ရက်နေ့ခန့်က တိုက်ခိုက်ခံခဲ့ရပြီး ၂၀၀၁ ခုနှစ်မှ စတင် ဖော်ပြခဲ့တဲ့ အချက်အလက်များအားလုံး ဆုံးရှုံးသွားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့ အချက်အလက်များအားလုံး ပြန်လည် ရရှိအောင် ကြိုးစားခဲ့ရာ ဇွန်လ တတိယပတ်အတွင်းမှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ဇွန်လ ၂ ရက်နေ့အထိ ဖော်ပြခဲ့တဲ့ အချက်အလက်များ ပြန်လည် ရရှိခဲ့ပြီး အင်တာနက်စာမျက်နှာကို ပြန်လည် ဖော်ပြနိုင်ခဲ့ပါတယ်။

နည်းပညာဆိုင်ရာ ပြောင်းလဲမှုများနဲ့ အခြား ကုန်ကျစရိတ်များဟာ ဆက်လက် လည်ပတ်မယ့် ယနေ့မြန်မာ (Burma Today) အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့သတင်းထောက်များဟာ သူတို့ရဲ့ အချိန်၊ ငွေကြေး၊ အတတ်ပညာများကို စိုက်ထုတ် သတင်းရယူ ပေးပို့ကြသော်လည်း သတင်း အတည်ပြုချက် ရယူခြင်း၊ ရှုဒေါင့်ပေါင်းစုံက အသေးစိတ်သတင်းများကို စုဆောင်းခြင်း၊ နည်းပညာဆိုင်ရာ ဖြည့်စွက် ပြင်ဆင်မှုများကို မကြာခဏဆိုသလို ပြုလုပ်နေရခြင်းများကြောင့် ကုန်ကျစရိတ်များ များပြားလာခဲ့ပါတယ်။

ဒါ့ကြောင့် အင်တာနက်စာမျက်နှာ ရေရှည် ပုံမှန် လည်ပတ်နိုင်ရေး ရည်ရွယ်ကာ Burma Today Food Fair and Community (ယနေ့မြန်မာ ဈေးရောင်းပွဲ) ကို ၂၀၁၂ သြဂုတ် ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နယူးယောက်မြို့တွင် ကျင်းပနိုင်ရေးကို ဦးတည် ဆောင်ရွက်ခဲ့ပါတယ်။ ဈေးရောင်းပွဲဟာ ယနေ့မြန်မာ (Burma Today) အင်တာနက်စာမျက်နှာ ရန်ပုံငွေအတွက် ရည်ရွယ် ပြုလုပ်သော်လည်း မျိုးဆက်သစ်များအတွက် မြန်မာ့ယဉ်ကျေးမှုများ ရှင်သန်စေမှုကို အထောက်အပံ့ ပြုစေရေး၊ နယူးယောက်ဒေသရှိ မြန်မာအသိုင်းအ၀ိုင်းအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဈေးရောင်းပွဲနဲ့အတူ ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်း၊ အဆိုအက ဖျော်ဖြေမှု၊ ပန်းချီနဲ့ ဓါတ်ပုံပြပွဲ အစီအစဉ်များ ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၂ သြဂုတ် ၁၅ ရက်နေ့ သတင်းများအရ Burma Today (ယနေ့မြန်မာ) ဈေးရောင်းပွဲတွင် မြန်မာစားသောက်ဖွယ်ရာ အမျိုးပေါင်း သုံးဆယ်ခန့် ပါဝင် ရောင်းချကြမှာ ဖြစ်ပါတယ်။

ဈေးရောင်းပွဲ ကျင်းပပြီးနောက် ပြင်ဆင်စရာ ရှိတဲ့ အင်တာနက်စာမျက်နှာဆိုင်ရာ နည်းပညာများ ဖြည့်စွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတာနဲ့ တပြိုင်နက် ယနေ့မြန်မာ အင်တာနက်စာမျက်နှာကို အသစ် ထည့်သွင်းမယ့် အစီအစဉ်သစ်များနဲ့တကွ မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လည် လည်ပတ်မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ဘယ်လို အခက်အခဲများ တွေ့နေပါစေ၊ ယနေ့မြန်မာကို တစိုက်မတ်မတ် အားပေး၊ အားဖြည့်၊ ကူညီရင်း တတ်စွမ်းသမျှ ထောက်ပံ့အားပေးကြတဲ့ မိတ်ဆွေများကို အထူး ကျေးဇူးတင်ရှိပါတယ်။

လေးစားလျက်

မြင့်လှိုင်
တည်ထောင်သူ၊ အယ်ဒီတာ
ယနေ့မြန်မာ
သတင်း - ယနေ့မြန်မာ ဘာ့ကြောင့် ရပ်နေတာလဲ - Aug 17 2012 01:57 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005