အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြပ်ပြေးနေပြည်တော် လုပ်ငန်းဆောင်တာများ သတင်း

အမေ့အိမ် ပညာဒါနကျောင်းများ လုပ်ငန်းဆွေးနွေးပွဲ ကျင်းပစဉ်

အမေ့အိမ် အခမဲ့ အလွတ်ပညာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများရဲ့ စွမ်းရည်မြင့်မားရေး လုပ်ငန်းဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြပ်ပြေးနေပြည်တော်ရုံးတွင် ၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်လျှက်ရှိရာ သင်တန်းဖွင့်ပွဲကို သြဂုတ် ၁၆ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ပါတယ်။ ထို သင်တန်းကို နံနက် ၉ နာရီမှ ၁၂ နာရီ၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ ၁၅ မိနစ်အထိ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအလိုက် သင်ကြားပုံ တင်ပြခြင်း၊ ကလေး ဗဟိုပြု ချဉ်းကပ် သင်ကြားခြင်း၊ ပြဿနာ ဖြေရှင်း/ငြင်းခုံ သင်ကြားခြင်း၊ ပုံပြောသင်ကြားခြင်း၊ သင်ခန်းစာ မှတ်စု ပြင်ဆင်ရေးဆွဲခြင်း သဘောတရား အပါအ၀င် သင်ကြားခြင်းဆိုင်ရာ အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးနေကြောင်း သတင်းရရှိပါတယ်။

၂၀၁၂ သြဂုတ် ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြပ်ပြေးနေပြည်တော်ရုံး ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်ပြီး ကြပ်ပြေးနေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြို့နယ်အတွင်းရှိ ပါတီဝင်များနဲ့ သြဂုတ် ၁၂ ရက်နေ့က တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာကိစ္စများ၊ ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ် တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ ထို ရုံးခန်းတွင် ရှေ့နေများ ရုံးထိုင်ကာ လူမှု အထောက်အကူပြုလုပ်ငန်းများဖြစ်တဲ့ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စများ၊ အလုပ်သမားရေးရာကိစ္စများ အပါအ၀င် မတရားမှုကိစ္စအ၀၀ကို ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ထို လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားရန် လိုအပ်ကြောင်း ဒေါ်စန္ဒာမင်းက အထူး အသိပေး ပြောကြားခဲ့ပါတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ သြဂုတ် ၁၁ ရက်နေ့က အောင်ဇမ္ဗူရပ်ကွက်ရှိ အောင်ချမ်းသာတွင် ရပ်ကွက်နေပြည်သူများနဲ့ တွေ့ဆုံကာ အလုပ်လက်မဲ့ ပြဿနာ၊ အခြေခံပညာ အထက်တန်းအောင်နဲ့ ဘွဲ့ရလူငယ်များ ဆရာဖြစ်သင်တန်း တက်ရောက်ပြီး ကလေးများ ပညာရေးကိစ္စ အကူအညီပေးရေး အပါအ၀င် ရပ်ကွက်လူထု တင်ပြတဲ့ကိစ္စများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ထိုသို့ ဆွေးနွေးရာတွင် တင်ပြလာတဲ့ မြေယာကိစ္စများကို တတ်နိုင်သမျှ ဖြေရှင်းနိုင်အောင် ကြိုးစားပေးမှာ ဖြစ်ကြောင်း၊ လွှတ်တော်သို့ တင်ပြသင့်သည်များကိုလည်း တင်ပြသွားမှာ ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ပါတယ်။

ထို့အပြင် သစ်တောကြိုးဝိုင်းတွင်း ကျရောက်နေတဲ့ ဘုန်းတော်ကြီးကျောင်းများ ဖယ်ရှားရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက မိတ္ထီလာကျောင်း ဆရာတော်နဲ့ သြဂုတ် ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ထို တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်းက သူ့အနေနဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေး အထူး ဖွံ့ဖြိုးရေးဇုံ စီမံကိန်းရုံးက ဗိုလ်မှူးကြီးကံချွန်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ ဖယ်ရှားမှု မပြုလုပ်ရေးနဲ့ ဘုန်းတော်ကြီးများ ဆက်လက် နေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် ဘုန်းတော်ကြီးကျောင်းများ ဆက်လက် ဖယ်ရှားခြင်း ရှိ/မရှိ ဆရာတော်အား လျှောက်ထား မေးမြန်းခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထီလာကျောင်း ဆရာတော် အရှင်စန္ဒိမာက လောလောဆယ်တွင် ဖယ်ရှားခြင်း မရှိကြောင်း၊ ၀ါဆိုသံဃာစာရင်းကို နှစ်စဉ် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း၊ လက်ရှိ လျှောက်ထားဆဲကိစ္စကိုလည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း အမိန့်ရှိပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက မိမိအနေနဲ့ သက်ဆိုင်ရာနဲ့ တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြန်လည် လျှောက်ထားခဲ့ပါတယ်။
သတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြပ်ပြေး နေပြည်တော် ဒေါ်စန္ဒာမင်း - Aug 17 2012 12:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005