စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်
http://www.bbc.co.uk/

http://www.bbc.co.uk/

အမေရိကန် အောက်လွှတ်တော်က ပေးအပ်တဲ့ Congressional Gold Medal နဲ့ Atlantic Council က ပေးအပ်တဲ့ Global Citizen Award လက်ခံ ရယူရန်အတွက် အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်မှာဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။

ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပမယ့် Congressional Gold Medal ဆု ချီးမြှင့်မယ့် အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပနိုင်ခြေရှိကြောင်းနဲ့ နယူးယောက်တွင် ကျင်းပမယ့် 2012 Global Citizen Awards Dinner ကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပမှာ ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဖို့ရှိကြောင်း အေပီသတင်းတပုဒ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရေးသားထားပါတယ်။

၂၀၁၂ ခုနှစ် Global Citizen Award ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ (Henry Kissinger) ၊ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UN High Commissioner for Refugees) ဂျပန်နိုင်ငံသူ ဆာဒါကို အိုဂါတာ (Sadako Ogata) နဲ့ အမေရိကန် ဂီတသမား၊ လူ့အခွင့်အရေး ဆောင်ရွက်သူ ကွင်စီ ဂျုံးစ် (Quincy Jones) တို့လည်း လက်ခံ ရရှိကြပါတယ်။ Atlantic Council အနေနဲ့ ယခုနှစ်မှာ တတိယမြောက်နှစ်အဖြစ် Global Citizen Awards ချီးမြှင့်တာ ဖြစ်ပါတယ်။ Atlantic Council ရဲ့ 2012 Global Citizen Awards Dinner ကို စက်တင်ဘာ ၂၁ ရက်နေ့တွင် နယူးယောက်၌ ကျင်းပရန် ပြင်ဆင်လျက် ရှိပါတယ်။

ယခု ခရီးစဉ်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အမေရိကန်ပြည်ထောင်စု ခရီးစဉ် ဖြစ်ပြီးအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား ၀ါရှင်တန်ကို လာရောက် လည်ပတ်ရန် ၂၀၁၁ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ မေလအတွင်း ထိုင်းနိုင်ငံ ခရီးစဉ်၊ ဇွန်လအတွင်း နော်ဝေနဲ့ ဥရောပခရီးစဉ်များ သွားရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်က သူ လက်ခံရရှိတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အော်စလိုမြို့တွင် လက်ခံ ရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ အခမ်းအနားဟာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နှစ်ကြိမ်မြောက် ကျင်းပတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိသျှဘုရင်မကြီးကလွဲပြီး ဗြိတိန် အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်းတွင် ပထမဆုံး မိန့်ခွန်း ပြောကြားသူ အမျိုးသမီးတဦး ဖြစ်သလို အစိုးရအဖွဲ့ဝင်မဟုတ်ဘဲ ပထမဆုံး မိန့်ခွန်း ပြောကြားသူလည်း ဖြစ်ပါတယ်။

ဥရောပနိုင်ငံများက မြန်မာနိုင်ငံသားတဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား သူ့ရဲ့ ခရီးစဉ်တလျောက် တခမ်းတနား ကြိုဆို ဂုဏ်ပြု ဧည့်ခံခဲ့ကြသလို အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်အာဏာပိုင်များနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများက တခမ်းတနား ကြိုဆို ဂုဏ်ပြုမှာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်နေကြပါတယ်။
သတင်း ဆောင်းပါး - ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု Global Citizen Awards Congressional Gold Medal - Jul 18 2012 07:07 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005