မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာပြီးနောက် မဲဆောက်လေဆိပ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာ သွား

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကို လေယာဉ်ခရီးစဉ်နဲ့ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လဒုက္ခသည်စခန်းကို သွားရောက် လေ့လာပြီးတဲ့နောက် မဲဆောက်လေဆိပ်မှတဆင့် ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဇွန်လ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်တွင် မဲဆောက်လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ မဲဆောက်ဒေသရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၊ မြန်မာ့အရေး လှုပ်ရှားသူများဟာ မိမိတို့ အစုအဖွဲ့အလိုက် မနက် အစောပိုင်းမှ စပြီး မဲဆောက်လေဆိပ် အ၀င်ဝတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြိုခဲ့ကြပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြောင်း ဆိုင်းဘုတ် ချိတ်ဆွဲကာ ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာများတွင် ထိုင်း မြန်မာနယ်စပ်ဒေသ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ မယ်တော်ဆေးခန်းကို သွားရောက် လည်ပတ်နိုင်ကြောင်း၊ မယ်လဒုက္ခသည်စခန်းကို သွားရောက် လေ့လာမှာဖြစ်ကြောင်း စသဖြင့် ဖော်ပြခဲ့ကြပါတယ်။ သို့သော် ထို ခရီးစဉ်နဲ့ ပတ်သက်ပြီး နယ်စပ်ဒေသရှိ အဖွဲ့အစည်း အတော်များများက သိရှိထားခြင်း မရှိခဲ့ကြသလို ဒေသခံ ထိုင်းအာဏာပိုင်တွေကိုလည်း တရားဝင် အကြောင်းကြားထားခြင်း မရှိတာကို တွေ့ခဲ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းမြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ကွဲပြား ခြားနားတဲ့သတင်းများ ထွက်ပေါ်ခဲ့လင့်ကစား မဲဆောက်ဒေသရှိ မြန်မာတိုင်းရင်းသားများဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့် မဲဆောက်လေဆိပ်အနီးတ၀ိုက်ကို စုရုံးရောက်ရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတယ်။

မဲဆောက်ကို ရောက်ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စောင့်ကြိုနေတဲ့ မြန်မာတိုင်းရင်းသားများကို နှုတ်မဆက်နိုင်ဘဲ လေဆိပ်မှ မယ်လ ဒုက္ခသည်စခန်းကို တိုက်ရိုက် ထွက်ခွာ သွားခဲ့ပါတယ်။ နေ့လည် ၁၁ နာရီခန့်တွင် မယ်လ ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပြီး စခန်းရှိ ထိုင်းအာဏာပိုင်များရဲ့ ရုံးမှာ ဒုက္ခသည်များနဲ့ စခန်းရဲ့ အခြေအနေများနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် ဒုက္ခသည်စခန်းရှိ ဘော်လုံးကွင်းသို့ သွားရောက်ပြီး ဒုက္ခသည်စခန်းတွင် နေထိုင်နေတဲ့ တိုင်းရင်းသားများအား တွေ့ဆုံ နှုတ်ဆက်ခဲ့ရာ တိုင်းရင်းသား ပြည်သူလူထုက “အမေစု၊ အမေစု“ လို့ ၀ိုင်းဝန်း နှုတ်ဆက်ကြပါတယ်။

ဘော်လုံးကွင်းအတွင်း စုရုံး ရောက်ရှိနေတဲ့ ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် ခေတ္တ နှုတ်ဆက်ခဲ့ပြီးနောက် နေ့လည် ၁၂ နာရီခွဲတွင် မယ်လဒုက္ခသည်စခန်းရှိ AMI ဆေးရုံတွင် နေ့လည်စာ သုံးဆောင်ခဲ့ပါတယ်။ နေ့လည်စာ စားသုံးပြီးနောက် မွန်းလွဲ တနာရီခွဲတွင် မယ်လ ဒုက္ခသည်စခန်းမှ မဲဆောက်လေဆိပ်သို့ တိုက်ရိုက်သွားရောက်ကာ မဲဆောက်မှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ထိုင်း မြန်မာနယ်စပ်ကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ လှို့ဝှက်လွန်းပြီး လုံခြုံရေး တင်းကြပ်လွန်းတဲ့ ခရီးစဉ်တခု ဖြစ်ပါတယ်။ သတင်းထောက်များအနေနဲ့ ဓါတ်ပုံရိုက်ဖို့ လုံးဝ မလွယ်ကူသလို လုံခြုံရေး နှစ်ထပ် ချထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနီးတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ် ဒေါက်တာတီမသေ ရှိနေကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ အပါအ၀င် နိုင်ငံတကာဧည့်သည်များ လာရောက်တဲ့ ခရီးစဉ်ထက် လုံခြုံရေး တင်းကြပ်ကြောင်း ဒုက္ခသည်စခန်းအတွင်း သွားရောက် သတင်းရယူနေတဲ့ Karen Information Center သတင်းထောက်တဦးက သတင်းပေးပို့ပါတယ်။
သတင်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း မဲဆောက် - Jun 2 2012 05:16 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005