ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူမယ့် ယုံကြည်ချက်ရှိသူများရဲ့ သံတမန် ဆုကို ယူတူး အဆိုတော် ဘိုနိုက ပေးအပ်ရန် ပြင်ဆင်နေ

ထိုင်းဝန်ကြီးချုပ် ယဉ်လတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘန်ကောက်တွင် တွေ့ဆုံစဉ် (Yingluck Shinawatra Facebook မှ)

လောလောဆယ်တွင် ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး နော်ဝေနဲ့ ယူကေနိုင်ငံများကို ခရီးထွက်ရန် စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဇွန်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်၌ အိုင်ယာလန်နိုင်ငံ ဒါဘလင်မြို့တွင် ကျင်းပမယ့် အလက်ထရစ် ဘားမား (Electric Burma) အမည်ရှိ ဖျော်ဖြေပွဲကို တက်ရောက်ရန် စီစဉ်ထားပါတယ်။

ထို ဖျော်ဖြေပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတင်ဆက်တဲ့ ဖျော်ဖြေပွဲ ဖြစ်ကာ ထို ဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ရဲ့ အမြင့်မားဆုံး ဆု ဖြစ်တဲ့ ယုံကြည်ချက်ရှိသူများရဲ့ သံတမန် (Ambassador of Conscience) ဆု ကို ယူတူးအဖွဲ့ အဆိုတော် ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်မှာ ဖြစ်ပါတယ်။

အလက်ထရစ် ဘားမား ဖျော်ဖြေပွဲကို ဂီတ၊ အက ဖျော်ဖြေမှုများနဲ့အတူ တင်ဆက်ပြီး Damien Rice, Angelique Kidjo, Vanessa Redgrave, Bob Geldof, Riverdance, Jack Gleeson နဲ့ အခြား အနုပညာရှင်များ ပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပွဲလက်မှတ်များကို စတာလင်ပေါင် ၂၅ ပေါင်မှ တရာအထိ သတ်မှတ်ထားပါတယ်။ ထို ဖျော်ဖြေပွဲကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ အစီအစဉ်တခုဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အနုပညာ (Art for Amnesty) အဖွဲ့ တည်ထောင်သူ Bill Shipsey က စုစည်း တင်ဆက်ခြင်း ဖြစ်ပါတယ်။ ထို ဖျော်ဖြေပွဲကို အိုင်ယာလန်နိုင်ငံ၊ ဒါ့ဘလင်မြို့၊ Grand Canal Dock တွင် ၂၀၁၂ မတ်လ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ Bord Gais Energy Theatre ၌ ၂၀၁၂ ဇွန်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကျင်းပမှာ ဖြစ်ပါတယ်။

ထို ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဘိုနိုက “ကျွန်တော်တို့တွေ သူ့ကို သိကြတယ်ဆိုတာကို ကောင်းကောင်း ခံစားမိကြပါတယ်။ သို့သော်လည်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားမှု လှိုင်းတွေ ဘယ်လောက် လှုပ်ခတ်လိုက်ကြမလဲ။ သူ့အိမ်ကနေ ပထမဆုံး တကယ့် ခရီးထွက်တဲ့အခါ အိုင်ယာလန်ကို ရောက်လာဖို့ ထည့်သွင်းစဉ်းစားမှုအတွက် ဘယ်လောက် ဂုဏ်ယူဘွယ် ကောင်းလိုက်ပါသလဲ၊“ လို့ ပြောလိုက်ပါတယ်။ ယူတူးတီးဝိုင်းခေါင်းဆောင် ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာရှည် ထောက်ခံခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးတဲ့ သီချင်း သီဆိုခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဖျော်ဖြေမှု ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ၂၀၁၂ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံကို တက်ရောက်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ ဆွေးနွေးကြမယ့် အကြောင်းအရာများထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှုက ပိုမို အားကောင်းနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားလေရာတလျောက် နိုင်ငံတကာ သတင်းသမားများ တကောက်ကောက်လိုက်နေကြသလို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေ တက်ရောက်နေတဲ့ ထို ညီလာခံအတွင်း ရောက်ရှိနေသူတွေကလည်း သူတို့ကိုယ်ပိုင် ကင်မရာတွေ၊ တယ်လီဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်နေကြတာမို့ ဒီ ညီလာခံဟာ အရှိန်အဟုန် ကြီးကြီးမားမားနဲ့ လူအများ စိတ်ဝင်တစား ရှိတဲ့၊ အောင်မြင်တဲ့ ညီလာခံတခု ဖြစ်သွားသလို ညီလာခံတခုလုံး ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေပဲ ဖုံးလွှမ်းသွားတယ်လို့ ပြောနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အခုရက်ပိုင်းမှစတင်ကာ ပြည်ပခရီး ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အများရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ရရှိခဲ့သလို နော်ဝေ၊ အိုင်ယာလန်နဲ့ ယူကေ ခရီးစဉ်တွေမှာလည်း မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြကြမှာ မလွဲပါဘူး။ အိုင်ယာလန်ဖျော်ဖြေပွဲကတော့ ဂီတချစ်သူများ၊ ယူတူးနဲ့ ဘိုနိုရဲ့ ပရိသတ်များအပြင် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် မမေ့နိုင်တဲ့ပွဲတပွဲဖြစ်မှာ အမှန်ပဲ ဖြစ်ပါတယ်။
သတင်း - ဒေါ်အောင်ဆန်းစုကြည် ယုံကြည်ချက်ရှိသူများရဲ့ သံတမန် ဆု ယူတူး အဆိုတော် ဘိုနို - May 31 2012 05:46 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005