တောင်သာမြို့နယ် ခြုံကြီးကျေးရွာ၊ ယဉ်ကျေးမှုသင်တန်းအောင်ပွဲ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာ ယဉ်ကျေးမှုသင်တန်းအောင်ပွဲ အခမ်းအနားကို ၂၀၁၂ မေလ ၂၈ ရက်နေ့က ညနေ ၄ နာရီတွင် ကျင်းပခဲ့ရာ ခြုံကြီးရွာရှိ ကျောင်းထိုင်ဆရာတော် ခြောက်ပါး၊ မန္တလေး မြို့၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာဆရာတော် ဘဒ္ဒန္တခေမာစာရတို့နဲ့အတူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) လည်း တက်ရောက် ချီးမြှောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ခြုံကြီးရွာ ဗောဓိကုန်းဆရာတော်ကြီး ဘဒ္ဒန္တကေသရက ငါးပါးသီလ ချီးမြှင့်ပြီး၊ ဦးဝီရသူက သြဝါဒစကား မြွှက်ကြွားခဲ့ကာ သင်တန်းသူ/သား လေးရာကျော်အနက် အထူးအောင်မြင်သူများ၊ နှစ်သိမ့်ဆုရသူများနဲ့ သက်ကြီးသင်တန်းသား/သူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

ခြုံကြီးရွာ ယဉ်ကျေးမှုသင်တန်းရဲ့ ထူးခြားချက်ကတော့ အသက် (၅၀) ကျော်မှ (၇၅)နှစ် အရွယ်ရှိ ဘိုးဘွားများကိုယ်တိုင် ကလေးငယ်များနဲ့အတူး မပျက်မကွက် သင်တန်းတက်ရောက်သလို နို့စို့ကလေးငယ်ကို ပွေ့ပိုက်ပြီး ဆယ်ရက်လုံးလုံး မပျက်မကွက် သင်တန်းတက်ရောက်ခဲ့တဲ့ သားသည်မိခင်တယောက် လည်း ပါဝင်ပါတယ်။ သင်တန်းအောင်ပွဲတွင် ကလေးများကို ဆုပေးလိုက်၊ ကျောင်းသူ/သားလေးများက ဓမ္မတေးသရုပ်ဖော် ကပြလိုက်၊ လူကြီးတွေကို ဆုပေးလိုက် ဇာတိမာန်တေးသရုပ်ဖော် ကပြလိုက်နဲ့ ပရိသတ်များ၊ အထူး နှစ်ခြိုက်တဲ့အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။

အဆိုပါ သင်တန်းကို ၂၀၁၂၊ မေ ၁၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး အရှင်ဝီရသူနဲ့ သစ္စဝေဒဂူတို့ ဦးဆောင် ကျင်းပခဲ့တာဖြစ်ကြောင်း၊ သင်ကြားရေး၊ အုပ်ချုပ်ရေးစသည်တို့အတွက် သစ္စဝေဒဂူ မိုးကုတ်ရိပ်သာက ဦးပဉ္ဖင်းလေးပါး ယောဂီလေးပါးနဲ့ ဝေယျာဝေစ္စအဖွဲ့တို့က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြဌာန်းစာအုပ်များနဲ့ အခြား ဘာသာ သာသနာဆိုင်ရာ စာအုပ်များကို သစ္စဝေဒဂူဆရာတော်က အကုန်အကျခံ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အာဟာရ ကျွေးမွေးမှုများကိုလည်း အရှင်ဝီရသူနဲ့ သစ္စဝေဒဂူ ဆရာတော်တို့က မတည် ထည့်လှူကြပြီး ချမ်းမြသုခ ပရဟိတအသင်းနဲ့ အလှူရှင်များက ကျွေးမွေးလှူဒါန်းခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ သင်တန်းတွင် အသက် (၅၀) ကျော်မှ (၇၅)နှစ် အရွယ်ရှိ သက်ကြီးသင်တန်းသား/သူ ဆယ်ဦး တက်ရောက်ခဲ့ပြီး ထိုဘိုးဘွားများကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဆယ်သန်းရွှေဆိုင်က လုံချည်၊ အင်္ကျီများ ဆုချခဲ့ပါတယ်။

အရှင်ဝီရသူဟာ နှစ်ပတ်အတွင်း ခြုံကြီးရွာကို ၂၀၁၂၊ မေ ၁၃ ရက်နေ့ အရေးပေါ် တရားပွဲ ကျင်းပစဉ်က တစ်ကြိမ်၊ မေ ၁၉ ရက်နေ့ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်က တစ်ကြိမ်၊ အခု သင်တန်းအောင်ပွဲ ကျင်းပစဉ် တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်တိတိ ရောက်ရှိခဲ့ပါတယ်။ သင်တန်းအောင်ပွဲအဖြစ် အထူးတရားပွဲ ကျင်းပရာ အရှင်ဝီရသူက “ခေါင်းဆောင်မှ အောင်ပွဲရ"တရားတော် ဟောကြားခဲ့ကြောင်း၊ တရားပွဲက ရရှိတဲ့ ဓမ္မပူဇာဝတ္ထုငွေများကို ကျေးရွာစာကြည့်တိုက် (သို့) ပရဟိတအသင်းတခုခု တွက် မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

သတင်း - တောင်သာမြို့နယ် ခြုံကြီးကျေးရွာ၊ ယဉ်ကျေးမှုသင်တန်းအောင်ပွဲ - May 31 2012 05:35 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005