ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစု နေထိုင်ရာ မဟာချိုင်ဒေသကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်

ထိုင်းနိုင်ငံ ခေတ္တရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ မေ ၃၀ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ရာ မဟာချိုင်ဒေသကို သွားရောက်ခဲ့ပါတယ်။ ထို ခရီးစဉ်အတွင်း မဟာချိုင်ဒေသရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့သလို မြန်မာအလုပ်သမားများရဲ့ အရေးကိစ္စ တင်ပြမှုများကိုလည်း နားထောင်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရဟာ မဟာချိုင်ဒေသတွင် နေထိုင်နေကြတဲ့ မြန်မာတိုင်းရင်းသားများ လူစုလူဝေးနဲ့ စုရုံးခွင့် ပြုဖို့ ၀န်လေးသလို အထင်ကရပုဂ္ဂိုလ်များ သွားရောက် လေ့လာတာကိုလည်း နှစ်သက်လေ့ မရှိကြောင်း၊ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် သေချာပေါက် ဖြစ် မဖြစ် ကြိုတင် မပြောနိုင်ကြောင်း ယခင်နေ့က ဆက်သွယ်မေးမြန်းခဲ့တဲ့ မဟာချိုင်ဒေသနေ တဦးက ပြောပြခဲ့ပါတယ်။ သို့သော်လည်း မေ ၃၀ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်ကို ရောက်အောင် သွားပြီး မြန်မာမိသားစုများနဲ့ ရအောင် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်များနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ကြိုတင် သိရှိခြင်း မရှိသော်လည်း လုံခြုံရေးကိစ္စများ အပါအ၀င် လိုအပ်တဲ့ကိစ္စများကို ၀ိုင်းဝန်း ကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာချိုင် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများရဲ့ ကြိုဆိုမှုအင်အား ကြီးမားခဲ့ရာ လုံခြုံရေးတာဝန်ရှိသူများအနေနဲ့ အတော့်ကို ကြိုးစားပမ်းစား ထိမ်းသိမ်း ဆောင်ရွက်ခဲ့ကြရကြောင်း သိရပါတယ်။

ပြည်သူများအား မိန့်ခွန်းချက် နိဂုံးပိုင်းမှာ မိမိကြောင့် လမ်းများ ပိတ်ဆို့မှု မဖြစ်ပွားအောင်နဲ့ စည်းကမ်းတကျဖြစ်အောင် လုပ်ဆောင်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာချိုင်ခရီးစဉ်အတွင်း ကနဦးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ဌာနကို သွားရောက် လေ့လာဖို့ စီစဉ်ထားသော်လည်း နောက်ပိုင်းမှာ ထို အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ပုဇွန်ဈေးနဲ့ ရွှေ့ပြောင်းအလုပ်သမားများကိစ္စ ဆောင်ရွက်နေတဲ့ ရုံးကိုပဲ သွားရောက်ခဲ့ပါတယ်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးခွန်သာမြင့်၊ ဦးကျော်သူရ၊ ဒေါက်တာ တင်မာအောင်၊ ဒေါ်စန္ဒာမင်းတို့နဲ့အတူ ရွှေ့ပြောင်းအလုပ်သမား ၃၀ ခန့်နဲ့ တွေ့ဆုံကာ မြန်မာတိုင်းရင်းသားများ ပြောပြတဲ့ ကြုံတွေ့နေရတဲ့ အခြေအနေများကို နားထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ရာ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များ၊ ထိုင်း မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့များနဲ့ တွေ့ဆုံရန် စီစဉ်ထားသလို ထိုင်း ၀န်ကြီးချုပ်ဟောင် အဘီစစ် ဝေ့ချာချိဝနဲ့လည်း မေ ၃၀ ရက်နေ့တွင် တွေ့ဆုံခဲ့ပါတယ်။ ထို့အပြင် လက်ရှိ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

သတင်း - ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစု နေထိုင်ရာ မဟာချိုင်ဒေသကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် မြင့်လှိုင် - May 30 2012 03:05 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005