နည်းပညာကောလိပ်ကျောင်းဆင်းအား သားမယားပြုကျင့်သူကို ဟင်္သာတခရိုင်တရားရုံးက တရားသေ လွှတ်
20120223_Zalun_Rape_Case

နည်းပညာကောလိပ်ကျောင်းဆင်း မသင်းကြူကြူလှိုင်အား သားမယားပြုကျင့်မှုဖြင့် တိုင်ကြားခံရသူ ကန်ထရိုက်တာ မင်းသီလ (ခ) ထွန်းဝင်းမင်းအား ဟင်္သာတခရိုင် တရားရုံးက တရားသေ လွှတ်လိုက်ခြင်းအပေါ် မကျနပ်တဲ့အတွက် သားမယား ပြုကျင့်ခံရသူရဲ့ ဦးလေးတော်စပ်သူ ဦးစိန်သောင်းက ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌထံ စာရေးသား တိုင်ကြားကာ အရေးယူပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

အခုလို စာရေးသားတောင်းဆိုတဲ့အမှုကတော့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြ၀တီရပ်ကွက်၊ အောင်မဟာလမ်း၊ အမှတ် ၇၁ နေ အဘ ဦးပေါက်ကျိုင်းရဲ့သား မင်းသီလ (ခ) ထွန်းဝင်းမင်းက သူ့ရဲ့အလုပ်တွင် အလုပ်လုပ်နေတဲ့ နည်းပညာကောလိပ်ကျောင်းဆင်း မသင်းကြူကြူလှိုင်အား အလုပ်စတင်လုပ်ကိုင်အပြီး သုံးရက်အကြာတွင် စားသောက်ဆိုင်တခုကို ခေါ်ယူသွားခဲ့ကာ သားမယားပြုကျင့်ခဲ့တဲ့ အမှု ဖြစ်ပါတယ်။ မင်းသီလ (ခ) ထွန်းဝင်းမင်းဟာ ဇလွန် ညောင်တုန်း မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတွင် ကန်ထရိုက်အဖြစ် လုပ်ကိုင်ရန် ဇလွန်မြို့သို့ ခေတ္တ ရောက်ရှိနေခိုက် မသင်းကြူကြူလှိုင် အပါအ၀င် အမျိုးသား သုံးဦးနဲ့ အမျိုးသမီးနှစ်ဦးကို နေ့စားလရှင်း အကူလုပ်သားအဖြစ် အလုပ်ခန့်ထားခဲ့ပါတယ်။ ထိုသို့ အလုပ်ခန့်ထားပြီးနောက် ၂၀၁၁ ဇူလိုင် ၁ ရက်နေ့တွင် စတင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ဇူလိုင်လ ၄ ရက်နေ့တွင် မင်းသီလက မသင်းကြူကြူလှိုင်အား ဇလွန်မြို့၊ တော်ဝင်နဂါးစားသောက်ဆိုင် အပေါ်ထပ်သို့ ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့ပါတယ်။ ထိုသို့ သားမယားပြုကျင့်မှုနဲ့ ပတ်သက်ပြီး ဟင်္သာတခရိုင် တရားရုံးတွင် ပြစ်မှုကြီးမှု အမှတ် (၃၆/၂၀၁၁) အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ထို အမှုအား စစ်ဆေးခဲ့ပြီးနောက် ဟင်္သာတခရိုင် တရားရုံးက မင်းသီလအနေဖြင့် ပြစ်မှု ကျူးလွန်ခြင်း မရှိဟု ဆုံးဖြတ်ပြီး ၂၀၁၂ ဇန်န၀ါရီလ ၃ ရက်နေ့တွင် တရားသေ လွှတ်ခဲ့ပါတယ်။ ထိုသို့ တရားသေ လွှတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး မသင်းကြူကြူလှိုင်ရဲ့ ဦးလေးဖြစ်သူ ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်၊ မြို့သူကြီးဘုရားလမ်း၊ အမှတ် ၁၉၃ နေ ဦးစိန်သောင်းက မကျေနပ်တဲ့အတွက် အရေးယူပေးပါရန် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ဇန်န၀ါရီလအတွင်းက စာရေး တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌထံ တိုင်ကြားစာအရ မင်းသီလဟာ မသင်းကြူကြူလှိုင်ကို စားသောက်ဆိုင်အပေါ်ထပ်သို့ ခေါ်ဆောင်ကာ အရက်သောက်ခဲ့ပြီး စားပွဲထိုးများကို အခန်းအပြင်ဘက် ထွက်ရန် ပြောဆို၊ အခန်းတံခါးကို သော့ပိတ်၊ မသင်းကြူကြူလှိုင်အား ပါးစပ်ပိတ်၊ လက်ဖြင့် ချုပ်နှောင်ကာ သားမယား ပြုကျင့်ခဲ့မှုကို ခြိမ်းချောက်ပြီး ကြောက်ရွံ့အောင် ပြုလုပ်ကြောင်း မပေါ်ပေါက်ခဲ့လို့ ခရိုင်တရားရုံးက သုံးသပ်ခဲ့ကြောင်း၊ ခရိုင်တရားရုံးအနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို ထည့်သွင်း သုံးသပ်မှု မပြုဘဲ ချစ်ကြိုက်သူနှစ်ဦးတို့ ကာမကျူးလွန်ခြင်း ဖြစ်တယ်လို့ သာမာန် ဆုံးဖြတ်ခဲ့ကြောင်း၊ ချစ်ကြိုက်သူနှစ်ဦးလို့ သုံးသပ်ခဲ့သော်လည်း ချစ်သူဖြစ်ကြောင်း သက်သေခံ တင်ပြနိုင်ခြင်း ရှိ၊ မရှိ၊ လူရှင်းရာ စားသောက်ဆိုင်အပေါ်ထပ်ကို ခေါ်ဆောင် ပြစ်မှု ကျူးလွန်ခြင်း၊ အရက်သေစာ သောက်စားပြီးမှ ပြစ်မှုကျူးလွန်ခြင်းတို့ကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။

မသင်းကြူကြူလှိုင်ဟာ အခင်းဖြစ်ပွားတဲ့ ညနေက ဆိုင်ကယ်အငှားသမားတဦးကို အကူအညီတောင်းကာ မိဘများထံ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ကြောင်း၊ မိဘများ ရောက်လာတဲ့အခါ တိုင်ပင်ပြီး ဖခင်နဲ့ မောင်နှမ၀မ်းကွဲတို့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ သို့သော်လည်း အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ၂၀၁၁ ဇူလိုင် ၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် အမှုဖွင့် တိုင်ကြားရန် ကြန့်ကြာခဲ့တယ်လို့ ခရိုင်တရားရုံးက သုံးသပ်ထားကြောင်း၊ အခုအခါ မသင်းကြူကြူလှိုင်နဲ့ မိဘများဟာ အရှက်တကွဲ အကျိုးနည်းဖြစ်ရကာ မိမိနေထိုင်ရာ ရပ်ကွက်တွင် မနေထိုင်ရဲဘဲ ရပ်ကွက် ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ မင်းသီလအနေနဲ့ ကျူးလွန်ခဲ့ကြောင်း ၀န်ခံ ထွက်ဆိုထားသော်လည်း ချစ်ကြိုက်၍ ကျူးလွန်ခြင်းလို့ လွယ်လွယ် စဉ်းစားကာ ထိုက်သင့်တဲ့ ပြစ်ဒဏ် မပေးခြင်းဟာ ပြစ်မှု ကျူးလွန်ရန် အားပေးအားမြှောက် ပြုရာ ရောက်ကြောင်း၊ ဒ့ါကြောင့် ရိုးသားပြီး ဆင်းရဲတဲ့ ကျောင်းသူတဦးရဲ့ အမျိုးသမီးတဦးရဲ့ နစ်နာမှုအတွက် တိုင်းလွှတ်တော်က ပြန်လည် စစ်ဆေး အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
20120223_Zalun_Rape_Case

20120223_Zalun_Rape_Case

အခင်းဖြစ်ပွားခဲ့ရာ တော်ဝင်နဂါး စားသောက်ဆိုင်

သတင်း - သားမယား ပြုကျင့်မှု ဇလွန် ဟင်္သာတ မသင်းကြူကြူလှိုင် မင်းသီလ - Feb 24 2012 02:16 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005