ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် စတင်

http://www.bangkokpost.com/news/local/295656/the-lady-makes-an-entrance

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မေ ၂၉ ရက်နေ့ညက ဆိုက်ရောက်လာခဲ့ပါတယ်။ဘန်ကောက်တွင် ကျင်းပမယ့် အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး ညီလာခံ ဟာ လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပြီး ကမ္ဘာအနှံ့တွင် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာအရေးကိစ္စ ညီလာခံများ ကျင်းပလေ့ ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်၌ မေ ၃၀ ရက်နေ့နဲ့ ဇွန် ၁ ရက်နေ့များတွင် ကျင်းပတဲ့ ၂၀၁၂ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကာ ဇွန် ၁ ရက်နေ့ အခမ်းအနား အစီအစဉ်တွင် အဖွဲ့တည်ထောင်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စကားပြောအစီအစဉ် ပါဝင်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း စမုတ်စခွန်ခရိုင်ရှိ မြန်မာနိုင်ငံသား စိစစ်ရေးရုံးကို လည်ပတ်ဖို့ ရှိသလို ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာတိုင်းရင်းသားများရဲ့ ဘ၀ကိုလည်း လေ့လာဖို့ ရှိပါတယ်။ ထို့အပြင် ထိုင်း မြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် ခေါင်းဆောင် စောလှဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေး အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ဘန်ကောက်အခြေစိုက် နေရှင်းသတင်းတွင် ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁ ရက်နေ့တွင် မဲဆောက်ဒေသကို ခရီးထွက်မှာဖြစ်ကာ ဇွန် ၂ ရက်နေ့တွင် ထိုင်း မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာမှာ ဖြစ်ကြောင်း၊ မဲဆောက်ဒေသ ခရီးစဉ်အတွင်း ကရင်၊ ကရင်နီ၊ ရခိုင်၊ ကချင်နဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အထက်တွင် ဖော်ပြထားသလို စီစဉ်မှုများ ရှိကြောင်း မီဒီယာများတွင် ဖော်ပြထားကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကနေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ် အကြောင်းကြားခြင်း မရှိကြောင်း၊ တာ့ခ်ခရိုင် မြို့တော်ဝန်ကလည်း ခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာများမှတဆင့်သာ သိရှိရကြောင်း နယူးယောက် အခြေစိုက် နယူးယောက်တိုင်းမ်သတင်းတွင် ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်း ၀န်ကြီးချုပ်ဟောင်း အဘီစစ် ဝေ့ချာချိဝနဲ့ တွေ့ဆုံနိုင်သလို လက်ရှိ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံနိုင်ကြောင်းလည်း သီးခြားသတင်းများမှာ ဖော်ပြထားကြပါတယ်။ မဟာချိုင်ဒေသခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေသခံသတင်းရပ်ကွက်အဆိုအရ ထို ခရီးစဉ်ကို ဦးခွန်သာမြင့်က အတည်ပြုထားကြောင်း၊ ထိုင်းအစိုးရဘက်က သဘောထားကိုမူ မသိရှိရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အကြောင်း မဟာချိုင်ဒေသရှိ၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအကြား သတင်းများ ပြန့်နှံ့နေကြာင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်အပြီး မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာ ဖြစ်ကာ ဇွန်လ ၁၄ ရက်နေ့တွင် ဂျနီဗာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အစည်းအဝေး၌ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ ထို့နောက် ဇွန်လ ၁၆ ရက်နေ့ အော်စလိုတွင် ကျင်းပတဲ့ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ကာ ဆု လက်ခံရယူဖို့ စီစဉ်ထားပါတယ်။ ထို့နောက် ဗြိတိန်နိုင်ငံကို သွားရောက်ပြီး ဇွန် ၂၁ ရက်နေ့၌ လန်ဒန်မြို့ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်း ပြောကြားပါလိမ့်မယ်။ နော်ဝေနဲ့ ယူကေ ခရီးစဉ်အတွင်း အိုင်ယာလန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်နိုင်သလို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ ယုံကြည်ချက်ရှိသူများရဲ့ သံတမန် (Ambassador of Conscience) ဆုကို ဒါ့ဘလင်တွင် လက်ခံနိုင်ဘွယ် ရှိပါတယ်။ ထိုခရီးစဉ် ဖြစ်မြောက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးတဲ့ ယူတူးအဖွဲ့က ဘိုနိုလည်း တက်ရောက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ရန်ပုံငွေပွဲတခု ကျင်းပနိုင်ခြေ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ ဇွန်လအတွင်း နိုင်ငံတကာ ခရီးစဉ်များနဲ့ ပတ်သက်တဲ့ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီရေးနဲ့ လွတ်မြောက်ရေးခေါင်းဆောင်တဦးဖြစ်တယ်ဆိုတာကို အထင်ကရ ပြသနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းများရဲ့ လေးစား ဂုဏ်ပြုမှုဟာ မြန်မာနိုင်ငံရဲ့ သာယာ လှပတဲ့ အနာဂတ်ကို ဖော်ညွှန်းနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုများကို အခြေတည်ကာ ကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ကောင်းသတင်းများ ကမ္ဘာမှာ ကျော်ကြားလာနိုင်သလို အနာဂတ် မြန်မာ့မျိုးဆက်များအတွက် မင်္ဂလာရှိတဲ့ နေ့သစ်များကို အလွယ်တကူ ဖန်တီးနိုင်မယ့် အလားအလာကောင်းများ တွေ့ရှိနေရပါတယ်။

ကိုးကား

http://www.bangkokpost.com/news/local/295656/the-lady-makes-an-entrance

http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?partner=rss&emc=rss

http://www.irishtimes.com/newspaper/world/2012/0519/1224316358832.html?via=rel

http://content.usatoday.com/communities/ondeadline/post/2012/05/aung-san-suu-kyi-begins-first-trip-abroad-in-24-years-/1?csp=34#.T8V-HMWwVhw

http://nationmultimedia.com/national/Suu-Kyi-visit-brings-hope-to-local-Myanmar-communi-30183119.html
သတင်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် စတင် မြင့်လှိုင် - May 30 2012 12:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005