နိုင်ငံအနှံ့ မီးပျက်သော်လည်း လျှပ်စစ်မီး အပြည့်အ၀ ရရှိနေတဲ့ တကောင်းတောင် နီကယ်လ် စီမံကိန်းရဲ့ အတိမ်အနက်

မြန်မာနိုင်ငံအနှံ့တွင် လျှပ်စစ်မီးများ ပြတ်တောက်တဲ့သတင်း၊ လျှပ်စစ်မီး ရရှိဖို့အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုတဲ့သတင်းများ ထွက်ပေါ်နေခဲ့တာ အများအသိ ဖြစ်ပါတယ်။ လျှပ်စစ်မီး မလုံလောက်မှုကြောင့် ရန်ကုန်မြို့က စက်မှုလုပ်ငန်းများကို လျှပ်စစ်မီး ဖြတ်တောက်ကာ ပြည်သူလူထုကို လျှပ်စစ်မီး ပေးဝေနေရတယ်လို့ သိရပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရပ်နားထားရတဲ့ စက်မှုလုပ်ငန်းတွေ ရှိသလို လောင်စာဆီသုံး မီးစက်တွေနဲ့ လည်ပတ်ရတဲ့ စက်မှုလုပ်ငန်းတွေရှိပါတယ်။ မီးစက်နဲ့ လည်ပတ်ရတဲ့အတွက် ထုတ်လုပ်မှုစရိတ် ပိုမို ကုန်ကျတာမို့ ကုန်ဈေးနှုန်းကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။

ထိုသို့ မြန်မာပြည်အနှံ့တွင် လျှပ်စစ်မီးများ အလွန်အမင်း ပြတ်တောက်ကာ လူမှုဒုက္ခများစွာ ခံစားကြေရသော်လည်း မန္တလေးမြို့မြောက်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း လူသူမနီး တောကြီးမျက်မဲထဲမှာတော့ လျှပ်စစ်မီး ထိန်ထိန်ညီးကာ နီကယ်လ်ထုတ်လုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်လက် လုပ်ကိုင်နေပါတယ်။ ထို လုပ်ငန်းဟာ မြန်မာတိုင်းရင်းသားနဲ့ မြန်မာအစိုးရပိုင် မဟုတ်ဘဲ အိမ်နီးနားချင်း တရုပ်နိုင်ငံက ပိုင်ဆိုင်တဲ့ မြန်မာပြည်တွင်းက အလွန် ကြီးကျယ်တဲ့ လုပ်ငန်းကြီးတခု ဖြစ်ပါတယ်။ ထို လုပ်ငန်းအတွက် လျှပ်စစ်ဓါတ်အားကို အခု ရန်ကုန်မြို့တော်က ပြန်လည် ၀ယ်ယူ သုံးစွဲရတဲ့ ရွှေလီဓါတ်အားပေးစက်ရုံက ဓါတ်အားလိုင်းကြီး နှစ်လိုင်းနဲ့ ရရှိပါတယ်။

လျှပ်စစ်ဓါတ်အားတွေ အလုံအလောက် သုံးစွဲနိုင်တဲ့ လူသူမနီး တောကြီးမျက်မဲထဲက တရုပ်အစိုးရပိုင် ကုန်ထုတ်လုပ်ငန်းကြီးကတော့ တကောင်းတောင် နီကယ်လ် ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။ တကောင်းတောင် နီကယ်လ် ထုတ်လုပ်ရေးလုပ်ငန်းကြီးကနေ တရုပ်နိုင်ငံ လိုအပ်တဲ့ နီကယ်လ်အများအပြားကို ထုတ်လုပ်ပေးနေပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ တကောင်းတောင်တကြောမှာ ကွန်ဗေယာခေါ် ပစ္စည်း သယ်ပို့ လမ်းကြောင်းကြီးကတဆင့် ကုန်ကြမ်းများကို ပို့ဆောင်ကာ စက်ရုံက ကုန်ချောတွေ ထုတ်လုပ်ပြီး တရုတ်ပြည်ကို ပို့ဆောင်နေပါတယ်။

မြန်မာအစိုးရဟာ ဆင်းရဲမွဲတေနေတဲ့အတွက် နိုင်ငံတကာအနေနဲ့ အကူအညီပေးကြပါလို့ မြန်မာတာဝန်ရှိသူများက အစဉ်တစိုက်ဆိုသလို ပြောဆိုသံတွေ ကြားခဲ့လေတော့ ဒီလောက် ကြီးမားတဲ့ ကုန်ထုတ်လုပ်ငန်းကြီးကို မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံဖို့ဆိုတာ မဖြစ်နိုင်သလို မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်း တတ်နိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ဘယ်သူ့ ခွင့်ပြုချက်နဲ့ ထို လုပ်ငန်းကြီးကို တည်ဆောက်ပြီး လုပ်ကိုင်ခွင့်ပေးထားသလဲ ဆိုတာ စဉ်းစားစရာ ပါ။ ထို စီမံကိန်းကြောင့် အစုရှယ်ယာ ရရှိသူများ အကျိုးရှိမှုနဲ့ မြန်မာပြည်သူများ အကျိုးရှိမှုကို ချိန်ထိုးစဉ်းစားစရာ ဖြစ်ပါတယ်။

ထို နီကယ်စီမံကိန်းကို တရုပ်အစိုးရပိုင် China Nonferrous Metal Mining (CNMC) ရဲ့ လုပ်ငန်းခွဲတခု ဖြစ်တဲ့ CNMC Nickel Co. က စတင် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်း ရှယ်ယာရဲ့ ၄၀ ရာနှုန်းကို တရုပ်နိုင်ငံရဲ့ ထိပ်တန်း သတ္ထုစက်ရုံဖြစ်တဲ့ Taiyuan Iron & Steel (TISCO) က ၀ယ်ယူထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြပါတယ်။ ဒေါ်လာ သန်း ၈၀၀ တန်တဲ့ အဆိုပါလုပ်ငန်းကို မြန်မာပြည်တွင် မြန်မာ CINCO လို့ ခေါ်ဝေါ်ပြီး တရုပ်ဝန်ထမ်း အနည်းဆုံး ၅၉ ဦး ပါဝင် လုပ်ကိုင်နေတာပါ။

TISCO ဟာ ကမ္ဘာ့ အကြီးဆုံး စတီးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ကာ ထုတ်လုပ်မှုအတွက် တနှစ်ကို စတီးတန်ချိန် တသိန်း အသုံးပြုဖို့ လိုအပ်ပြီး တကောင်းတောင် စီမံကိန်းကနေ တန်ချိန် ရှစ်သောင်းငါးထောင် ရရှိပါတယ်။ ထို စီမံကိန်းကို ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ လည်ပတ်မှာ ဖြစ်ပါတယ်။ မြန်မာဘက်က အမှတ် ၃ သတ္ထုလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်နေပြီး အစုရှယ်ယာရဲ့ ၇၅ ရာနှုန်းကို တရုပ်က ပိုင်ဆိုင်ပါတယ်။ တကောင်းတောင် စီမံကိန်းဟာ မန္တလေးမြို့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိပြီး ဧရာဝတီမြစ်ရိုးရဲ့ အရှေ့ဘက်တလျောက် ဖောက်လုပ်ထားတဲ့ ကားလမ်းကတဆင့် ရာသီမရွေး သွားလာနိုင်ပါတယ်။

တကောင်းတောင် စီမံကိန်းအတွက် လျှပ်စစ်ဓါတ်အား ၄၀၀ မဂ္ဂါဝပ် လိုအပ်ပြီး ရွှေလီ ၁ ဓါတ်အားပေးစက်ရုံ စီမံကိန်းမှ ၂၂၀ ကီလိုဗို့ ဓါတ်အားလိုင်းနှစ်လိုင်းနဲ့ လျှပ်စစ်မီး ရရှိနေပါတယ်။ ရွှေလီ ၁ ဓါတ်အားပေးစက်ရုံအနေနဲ့ တကောင်းတောင်၊ ယူနန်ပြည်နယ်နဲ့ မြန်မာဓါတ်အားလိုင်းစနစ်များသို့ လျှပ်စစ်ဓါတ်အား ဖြန့်ချိနေပြီး ပိုလျှံတဲ့ လျှပ်စစ်ဓါတ်အားများကို ရန်ကုန်မြို့တော်အတွက် ပြန်လည် ၀ယ်ယူ သုံးစွဲရပါတယ်။

မြန်မာစစ်အစိုးရဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်သော်လည်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ကနေ မတက်ရခြင်း အကြောင်းရင်းကို သုံးသပ်မယ်ဆိုရင် တကောင်းတောင် နီကယ်လ် စီမံကိန်းနဲ့ ရွှေလီဓါတ်အားပေးစက်ရုံများ စီမံကိန်းဟာ ဥပမာကောင်းတခု ဖြစ်ပါတယ်။

တကောင်းတောင် စီမံကိန်းကို တရုပ်ဘက်က ၁၀၀ ရာနှုန်း တည်ဆောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံ အမှတ် ၃ သတ္ထုတွင်း ၀န်ကြီးဌာနက ၂၅ ရာနှုန်း အကျိုးအမြတ် ရှိတယ်လို့ ဆိုပါတယ်။ ထို စာရင်းဇယားတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ရရှိနေတဲ့ အကျိုးအမြတ် မပါဝင်ပါ။ ထို စီမံကိန်းနဲ့ ပတ်သက်တဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများဟာ ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ အိမ်မှာထိုင်နေရင်း ၀င်ငွေ ရရှိနေမှာဖြစ်ပါတယ်။ ထို စီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး စတီး ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ လိုအပ်ချက် ၈၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပြီးတဲ့နောက် မြန်မာပြည်တွင်းက ကမ္ဘာ့ နီကယ်လ် သတ္ထုရိုင်း ရင်းမြစ်ကြီးတခု ဆုံးရှုံးမှာ ဖြစ်သလို နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဘယ်လောက်ရှိမယ်ဆိုတာ မသိပါ။

ရွှေလီ ၁ ဓါတ်အားပေးစက်ရုံကနေ တရုပ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ တကောင်းတောင် စီမံကိန်းအတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား အပြည့်အ၀ ထုတ်လုပ်နေဖြစ်ပြီး မြန်မာ့ဓါတ်အားလိုင်းအတွက် လျှပ်စစ်ဓါတ်အား တချို့တ၀က် ရနိုင်မှာ ဖြစ်သော်လည်း ထုတ်လုပ်မှုက ပိုလျှံတဲ့ လျှပ်စစ်ဓါတ်အားကို မြန်မာပြည်သူတွေက ပြန်လည် ၀ယ်ယူ အသုံးပြုရပါတယ်။ ဒါ့ကြောင့် ထို စီမံကိန်းတွေဟာ မြန်မာပြည်ရဲ့ သဘာဝရင်းမြစ်တွေကို အိမ်နီးချင်းနိုင်ငံအကျိုးအတွက် အခမဲ့ ပေးနေသလို ဖြစ်နေပါတယ်။ ရွှေလီဓါတ်အားပေးစက်ရုံကို တချိန်ကျရင် မြန်မာတွေ ပိုင်ဆိုင်ကောင်း ပြန်လည် ပိုင်ဆိုင်နိုင်ပေမယ့် တရုပ်ပစ္စည်းများရဲ့ အရည်အသွေးကို ကောင်းကောင်းကြီး နားလည်နေတဲ့ မြန်မာပြည်သူများကတော့ ဘာမှ သုံးမရတဲ့ အခွံဘဲ ရမှာပေါ့လို့ ပြောကြမှာပါ။

ယနေ့မြန်မာက လက်ခံရရှိတဲ့ အချက်အလက်များအရ တကောင်းတောင် နီကယ်လ် ထုတ်လုပ်ရေးနဲ့ ရွှေလီဓါတ်အားပေးစက်ရုံတို့ သွယ်တန်းနေတဲ့ ဓါတ်အားလိုင်းတွေ ပြင်ဆင်တာနဲ့ မြန်မာပြည်မှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်တာနဲ့ မရှေးမနှောင်း ဖြစ်နေလေတော့ လျှပ်စစ်ဓါတ်အားပေးလိုင်း တိုက်ခိုက်ခံရတယ် မခံရဘူးဆိုတာကို ပြန်လည် စောကြောရမလို ဖြစ်နေပြန်ပါတယ်။ ဒါမှမဟုတ် ရွှေလီဓါတ်အားပေးစက်ရုံက စက်တွေ ပြင်ဆင်နေတာနဲ့ ဆက်စပ်နေမလားလို့လည်း တွေးနေမိပါတယ်။

ထို ဓါတ်အားလိုင်း၊ ရွှေလီဓါတ်အားပေးစက်ရုံနဲ့ တကောင်းတောင် နီကယ်လ် ထုတ်လုပ်ရေး စီမံကိန်း လုံခြုံရေးတွေအတွက် မြန်မာစစ်တပ်က တာဝန်ယူထားရတော့ မြန်မာစစ်တပ်ဟာ ဘယ်သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေရတာပါလဲလို့ မေးခွန်းထုတ်စရာ ပါ။ ထိုသို့ စောင့်ရှောက် မပေးရင်လည်း တရုပ်စစ်တပ် မြန်မာပြည်ထဲ ၀င်လာပြီး တရုပ်အစိုးရရဲ့ အကျိုးစီးပွားကို ကိုယ်တိုင် ကာကွယ် စောင့်ရှောက်မှာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့လည်း ဆက်စပ်ပါတယ်။ ထို စီမံကိန်းဒေသများဟာ ကချင်လွတ်မြောက်ရေးတပ်မတော် လှုပ်ရှားတဲ့ နယ်မြေများနဲ့ ထိစပ်မှု ရှိတာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်ကို အမြစ်ပြတ် ချေမှုန်းလိုတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

မြန်မာတိုင်းရင်းသား အချင်းချင်း စစ်တွေ ဖြစ်၊ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေချိန် မြန်မာစစ်ဗိုလ်ချုပ်တွေ လုပ်ပိုင်ခွင့် ပေးထားတဲ့ အိမ်နီးချင်းနိုင်ငံအစိုးရပိုင် လုပ်ငန်းတွေကတော့ ကြီးမားတဲ့ အရှိန်အဟုန်နဲ့ လည်ပတ်နေပြီး ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှာ မျက်နှာပန်းလှနေပါတယ်။

(ဒီမိုဝေယံ သတင်းပေးပို့ချက်ကို မြင့်လှိုင်ရဲ့ သုတေသနပြုချက်နဲ့ ဖြည့်စွက် ရေးသားထားပါတယ်။)

သတင်း - လျှပ်စစ်မီး အပြည့်အ၀ ရရှိနေတဲ့ တကောင်းတောင် နီကယ်လ် စီမံကိန်း မီးပျက် - May 30 2012 02:27 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005